အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဥရောပနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရန် ကမ်းလှမ်းထားသဖြင့် ပြည်တွင်း၌ ဆန်လက်ကျန်အနေအထားကို ချိန်ဆပြီးတင်ပို့ရန် ဆောင်ရွက်လျက်ရှိ

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဥရောပနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရန် ကမ်းလှမ်းထားသဖြင့် ပြည်တွင်း၌ ဆန်လက်ကျန်အနေအထားကို ချိန်ဆပြီးတင်ပို့ရန် ဆောင်ရွက်လျက်ရှိ
Published 18 November 2023

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဥရောပနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် အမြောက်မြားဝယ်ယူရန် ကမ်းလှမ်းထားသဖြင့် ပြည်တွင်း၌ ဆန်လက်ကျန် အနေအထားကို ချိန်ဆပြီး တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေက ဝယ်ယူမှုနဲ့ ဝယ်ယူလိုတဲ့ တန်ချိန်တွေများပါတယ်။ ဒါလေးတွေကို ဒီဘက်ကတင်ပို့နိုင်မယ့်အခြေအနေနဲ့ ချိန်ဆပြီးတော့ ပြည်တွင်းစျေးကွက်လည်း တည်ငြိမ်အောင်၊ ပြည်ပတင်ပို့နိုင်အောင်လည်း ဆောင်ရွက်နိုင်အောင် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဲ့ ပူးပေါင်းပြီးတော့ စီစဉ်ဆောင်ရွက်နေတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

ယခုနိုဝင်ဘာလမှစတင်ပြီး လာမည့် ဧပြီလအထိသည် ပို့ကုန်တင်ပို့သည့်ရာသီဖြစ်သောကြောင့် အဆိုပါကာလများအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ ပိုမိုတင်ပို့နိုင်မည်ဟု ခန့်မှန်းထားပြီး ယခုဘဏ္ဍာနှစ် ကုန်ဆုံးချိန်တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းခန့် တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

“ပြည်ပတင်ပို့မှုကိုတော့ ယခုနှစ်အတွက်တော့ ဆန်တန်ချိန်နှစ်သန်းလောက်ကို တင်ပို့နိုင်အောင် ဆောင်ရွက်နေတယ်”ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကနဦး ခန့်မှန်းတွက်ချက်မှုများအရ ပြည်ပသို့ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းခွဲတင်ပို့နိုင်ရန် မျှော်မှန်းထားခြင်းဖြစ်သော်လည်း လက်ရှိဘဏ္ဍာနှစ် ခုနစ်လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန်တန်ချိန် ၅၈၃ç၆၈၃ တန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂၇၁ သန်းသာရရှိထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ခုနစ်လအတွင်းလအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် ဧပြီလတွင် တန်ချိန် ၈၇,၆၄၈ တန်၊ မေလတွင် တန်ချိန် ၁၁၀,၇၀၆ တန်၊ ဇွန်လတွင် တန်ချိန် ၆၂ç၇၂၅ တန်၊ ဇူလိုင်လတွင် ၅၈,၃၃၄ တန်၊ သြဂုတ်လတွင် တန်ချိန် ၅၉,၉၇၁ တန်၊ စက်တင်ဘာလတွင် တန်ချိန် ၈၄,၇၇၃ တန်နှင့် အောက်တိုဘာလတွင် တန်ချိန် ၁၁၉,၅၂၆ ဖြင့် စုစုပေါင်း တန်ချိန် ၅၈၃,၆၈၃ တန်တင်ပို့ မှုမှဝင်ငွေဒေါ်လာ ၂၇၁ သန်း ရရှိထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့မြန်မာ့ဆန်တန်ချိန် ၂၂၆၁၂၀၃ (၂ ဒသမ ၂၆ သန်းကျော်) တင်ပို့ခဲ့ပြီး ဝင်ငွေ ဒေါ်လာ  ၈၅၃ ဒသမ ၄၇၂ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန် ထားသည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၄၃၀၀ ကျော် လျော့နည်း တင်ပို့ခဲ့သော်လည်းတန်ဖိုးအနေဖြင့် ဒေါ်လာ  ၄၄ ဒသမ ၃၂၃ သန်း ပိုမိုရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၇၀၀ ဒသမ ၁၃ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန်တန်ချိန် ၁၄ သန်းအထိထွက်ရှိပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် ဆန်တန်ချိန် ၁၁ သန်းဝန်းကျင်သာရှိကြောင်း နှစ်စဉ်ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်းဝန်းကျင်ကိုသာ တင်ပို့နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

Most Read

Most Recent