ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG အရောင်းဆိုင် ၄၁ ဆိုင်က CNG တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် နေ့စဉ် ကုဗပေသန်း ၂၀ နီးပါး ဖြန့်ဖြူးနေဟုပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG အရောင်းဆိုင် ၄၁ ဆိုင်က CNG တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် နေ့စဉ် ကုဗပေသန်း ၂၀ နီးပါး ဖြန့်ဖြူးနေဟုပြောကြား
ရန်ကုန်မြို့ရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 14 November 2023

ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG အရောင်းဆိုင် ၄၁ ဆိုင်က CNG တစ်ကီလို ဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် နေ့စဉ်ကုဗပေသန်း ၂၀ နီးပါး ဖြန့်ဖြူးနေကြောင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးကျော်သူရဝင်းက ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန အနေနဲ့ CNG အရောင်းဆိုင် ၄၁ ဆိုင်အကုန်လုံးကို မနက် ၅ နာရီကနေ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ပုံမှန်ရောင်းချပေးနေပါတယ်။ သဘာဝဓာတ်ငွေ့အသုံးတွေအနေနဲ့ဆိုရင် တစ်ရက်ကို သဘာဝဓာတ်ငွေ့ ၁၉ သန်းကနေ သန်း ၂၀ ကြား  သုံးပြီး ပုံမှန်ဖြန့်ဖြူးပေးနေပါတယ်”ဟု အထွေထွေမန်နေဂျာ ဦးကျော်သူရဝင်းက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

သဘာဝဓာတ်ငွေ့စျေးနှုန်းများအနေဖြင့်မူ တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြား နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“သဘာဝဓာတ်ငွေ့စျေးနှုန်းအနေနဲ့ပြင်ပမှာ စျေးနှုန်းတွေအနည်းငယ်အပြောင်းအလဲရှိတယ်လို့  ကျွန်တော်တို့သတင်းကြားပါတယ်။ အမှန်တကယ်ကတော့ ကျွန်တော်တို့ အရောင်းဆိုင်တွေအနေနဲ့ စျေးနှုန်း ပြောင်းလဲထားတာ မရှိပါဘူး။ အရင်ကလိုပဲ တစ် KG ကို ၂၇၃ ကျပ်၂၅ ပြားနှုန်းနဲ့ပဲ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်အနက်အချို့ဆိုင်များ၌ နိုဝင်ဘာ ၁၀ ရက်တွင် ၉၂ အမျိုးအစားဓာတ်ဆီသည် နေ့စဉ်ပုံမှန်ရောင်းအားထက် ပိုမိုရောင်းအားမြင့်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီသို လှောင်ထားသည် Terminal သုံးခုမှ အရောင်းဆိုင်များအားလုံးသို့ ဖြန့်ဖြူးပေးရာတွင် ဖြန့်ဖြူးနိုင်မှုစွမ်းအားအရ အလျင်မမီခဲ့ခြင်းကြောင့် စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ ယင်းနေ့(နိုဝင်ဘာ ၁၀ ရက်)ညတွင် Urgent စနစ်ဖြင့် ဖြည့်တင်းပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

ပြည်တွင်း၌ စက်သုံးဆီလုံလောက်မှုရှိအောင် စီမံဆောင်ရွက်ထားရှိပြီး လက်ရှိတွင် အများသုံးဓာတ်ဆီဖြစ်သော 92 RON ဂါလန် ၁၃ သန်းကျော်၊ 95 RON ဂါလန် သုံးသန်းကျော်၊ 97 RON ဂါလန် ၁ ဒသမ ၄ သန်းကျော်၊ ရိုးရိုးဒီဇယ် ၂၉ သန်းကျော်နှင့် ပရီမီယမ်ဒီဇယ်ဂါလန် သန်း ၂၀ ကျော်ရှိကြောင်းသိရှိရပြီးပြတ်လပ်မှုမရှိစေရေး အချိန်မီဆက်လက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

ထို့ပြင် နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဆီတင်သင်္ဘော လေးစင်းဆိုက်ကပ်ခဲ့ပြီး ထပ်မံရောက်ရှိလာမည့် ဆီတင်သင်္ဘော ၁၅ စင်းရှိကြောင်းနှင့် ထပ်မံရောက်ရှိလာမည့် ဆီတင်သင်္ဘောများမှ စက်သုံးဆီများကိုလည်း အချိန်နှင့်တစ်ပြေးညီဆက်လက်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း နစကက ထုတ်ပြန်သည်။

“ပထမဦးဆုံးပြောချင်တာက ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့တဲ့အတိုင်း ပြည်တွင်းမှာ ဆီနှစ်ဆီပေါ့။ စက်သုံးဆီ၊ စားသုံးဆီနဲ့ပတ်သက်ပြီး အလေးထားဆောင်ရွက်လျက်ရှိတယ်။ ဆီခွဲတမ်းများနဲ့ ပတ်သက်ပြီး ယခင်အတိုင်းပဲ ဖြစ်တယ်။ ကျွန်တော်တို့ စိစစ်တာတစ်ခုပဲရှိတယ်။ ယခင်အတိုင်းပဲဖြစ်တယ်။ လျော့ပြီးလုပ်ပေးတာ မရှိဘူး။ နံပါတ်နှစ်ကတော့ ပြည်တွင်းမှာ စက်သုံးဆီ အလုံအလောက်ရှိပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

အစိုးရအနေဖြင့် စက်သုံးဆီများ ဖူလုံစွာရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီးပြည်တွင်းတွင် မည်သည့်စက်သုံးဆီအမျိုး အစားမဆို အရန်တစ်လစာကျန်ရှိအောင် အမြဲဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကာလသည် ခရီးသွားရာသီဖြစ်၍ ခရီးသွားများနှင့် အများပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အနီး ကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

Most Read

Most Recent