ဂါဇာအရေးလွှမ်းမိုးထားမည့် ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျပန်သို့ရောက်ရှိ

ဂါဇာအရေးလွှမ်းမိုးထားမည့် ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျပန်သို့ရောက်ရှိ
တိုကျိုမြို့တွင်ပြုလုပ်မည့် ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်ကင် နိုဝင်ဘာ ၇ ရက်က ယိုကိုတာလေတပ်စခန်းသို့ ရောက်ရှိလာစဉ်(Photo: AFP)
တိုကျိုမြို့တွင်ပြုလုပ်မည့် ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်ကင် နိုဝင်ဘာ ၇ ရက်က ယိုကိုတာလေတပ်စခန်းသို့ ရောက်ရှိလာစဉ်(Photo: AFP)
Published 7 November 2023

ဂါဇာအရေးနှင့်ပတ်သက်၍ ဘုံသဘောထားတစ်ရပ်ရရှိရန် ကြိုးပမ်းသွားမည့် ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် နိုဝင်ဘာ ၇ ရက်က ဂျပန်သို့ ရောက်ရှိလာခဲ့သည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုမှုများ မြင့်တက်နေစဉ် ဘလင်ကင်၏ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်များကို ဆက်တိုက်သွားရောက်ခဲ့ပြီးနောက် တိုကျိုတွင်ပြုလုပ်မည့် နှစ်ရက်ကြာ အစည်းအဝေးကို တက်ရောက်ရန် ရောက်ရှိလာစဉ် ဘလင်ကင်က လူသိရှင်ကြားမှတ်ချက်ပေးမှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိပေ။

အောက်တိုဘာ ၇ ရက်က ဟားမာ့စ်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့ခြင်းကြောင့် အစ္စရေးဘက်တွင် အရပ်သားအများစု အပါအဝင် လူ ၁,၄၀၀ သေဆုံးခဲ့သည်။ ယင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးစစ်တပ်က ဂါဇာဒေသတွင် ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့သည်။

ဂါဇာဒေသတွင် ကလေးငယ် ၄,၀၀၀ ကျော် အပါအဝင် သေဆုံးသူ ၁၀,၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ဟားမာ့စ်ထိန်းချုပ်ခံ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေး၏ အဓိကမဟာမိတ်ဖြစ်သည့် အမေရိကန်က ယာယီအပစ်ရပ်စဲရန် တိုက်တွန်းထားသော်လည်း အစ္စရေးတွင် တုံ့ပြန်ပိုင်ခွင့်ရှိသည်ဟု အခိုင်အမာပြောဆိုထားသည်။

အမေရိကန်အစိုးရအနေဖြင့် ဂါဇာဒေသတွင် ပိတ်မိနေသည့် အရပ်သားများအတွက် အကူအညီများ တိုးမြှင့်နိုင်ရန် အားတက်သရော လုပ်ဆောင်နေသည်ဟု နိုဝင်ဘာ ၆ ရက် တူရကီခရီးစဉ်အတွင်း ဘလင် ကင်က ပြောကြားခဲ့သည်။

“လာမယ့်ရက်တွေမှာ အကူအညီတွေကို နည်းလမ်းအသွယ်သွယ်နဲ့ တိုးမြှင့်ပေးအပ်နိုင်တော့မှာကို မိမိတို့မြင်တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့ပြီး အသေးစိတ်ကို ပြောကြားခဲ့ခြင်းမရှိပေ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည်လည်း နိုဝင်ဘာ ၆ ရက်က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနှင့် တယ်လီဖုန်းဖြင့်ဆွေးနွေးခဲ့ပြီး အချိန်အနည်းငယ်ကြာ နည်းဗျူဟာမြောက် အပစ်ရပ်ရေး အလားအလာနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ သို့သော် ဟားမာ့စ်အဖွဲ့ကို ချေမှုန်းမည့် ၎င်း၏စစ်ဆင် ရေးကို အရှိန်လျှော့ချမည်မဟုတ်ဟု နေတန်ယာဟုက အခိုင်အမာ ပြောဆိုထားသည်။

ပြင်သစ်သည် လူသားချင်းစာနာထောက်ထားမှုအရ  အမြန်ဆုံးအပစ်ရပ်စဲရန် တောင်းဆိုထားသည့်  ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သည့် တစ်ခုတည်းသော ဂျီ ၇ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။

အမေရိကန်က ယင်းဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့ပြီး ဂျပန်၊ ဗြိတိန်၊ အီတလီ၊ ဂျာမနီနှင့် ကနေဒါတို့က မဲမပေးဘဲကြားနေခဲ့သည်။

တိုကျိုတွင်ပြုလုပ်မည့် ဂျီ ၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကက်သရင်း ကိုလ်လွန်နာတက်ရောက်မည်ဖြစ်ကြောင်းနှင့် ဂါဇာဒေသရှိ အရပ်သားများ၏ လိုအပ်ချက်များကို တုံ့ ပြန်ဖြည့်ဆည်းပေးရန်နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကိုလေးစားရန် လိုအပ်ကြောင်း ဆွေးနွေးသွားမည်ဟု ပြင်သစ်အစိုးရက ကြေညာချက်ထုတ်ပြန်ထားသည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘဲဘက်ခ်ကလည်း ဂျီ-၇ အနေဖြင့် ဂါဇာလူထု၏ အတိဒုက္ခများ လျော့ပါးသက်သာစေရန်အတွက် လူသားချင်းစာနာထောက်ထားမှုအရ အပစ်ရပ်စဲရေးကို မည်သို့မည်ပုံလုပ် ဆောင်နိုင်မည်ကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ယူကရိန်းအရေးကိုလည်း အဓိက ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: AFP

Most Read

Most Recent