ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုကို ရိုက်ခတ်သွားခဲ့သည့် ၂၀၁၆ ရေဘေး

ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုကို ရိုက်ခတ်သွားခဲ့သည့် ၂၀၁၆ ရေဘေး
Published 25 December 2016

၂၀၁၆ ခုနှစ် ဇူလိုင်လ တတိယပတ်မှစ၍ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခု၌ ရေကြီးရေလျှံမှုကြောင့် လူဦးရေသိန်းနှင့်ချီကာ ရေဘေးဒဏ်သင့်ခဲ့ရသည်။
ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၌ ဇူလိုင်  ၃၀ ရက်တွင် စိုးရိမ်ရေအမှတ်ဖြစ်သော စင်တီမီတာ ၁၂၆၀ အထက် နှစ်ပေခန့်အထိ မြင့်တက်ခဲ့ပြီး ဇူလိုင် ၃၁ ရက်၌ ၁၃၁၉ စင်တီမီတာအထိ မြင့်တက်ခဲ့ကာ သြဂုတ် ၁ ရက်တွင် တောင်သမန်အင်း တာရိုးကျိုးပေါက်မှုနှင့် အင်းရေထိန်းတံခါးကို ဖွင့်ချမှုများ ပြုလုပ်ခဲ့ရသည်။ ဇူလိုင် ၃၀ ရက်မှစ၍ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ကျော်လွန်ခဲ့ပြီးနောက် ရတနာပုံ တက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်း လေးပေခွဲကျော် ရေလွှမ်းခဲ့သဖြင့် သြဂုတ် ၁ ရက်မှစ၍ ကျောင်းပိတ်ခဲ့ရသည်။ 
ထို့အတူ ဧရာဝတီမြစ် ရေကြီးမှုကြောင့် တောင်သမန်အင်းတွင် ၂၀၀၈ ခုနှစ်နောက်ပိုင်း ရှစ်နှစ်တာ ကာလအတွင်း ဦးပိန်တံတားမြုပ်သည်အထိ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၂ ရက်တွင် တံတားကြမ်းခင်းအထက် တစ်ပေခန့်အထိ ကျော်လွန် ရောက်ရှိခဲ့သည်။
မန္တလေးမြို့အနီးရှိ ဒုဋ္ဌဝတီမြစ်နှင့် ဧရာဝတီမြစ်တို့မှာ စိုးရိမ်ရေမှတ်များ အထက်သို့ မြင့်တက်ခဲ့ခြင်းကြောင့် မတ္တရာ၊ မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ တံတားဦး၊ ငါန်းဇွန်၊ မြင်းခြံ၊ ညောင်ဦးမြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ပဲခူး စသည့် ပြည်နယ်နဲ့ တိုင်းဒေသကြီး ရှစ်ခု၌ ရေကြီးနစ်မြုပ်မှုကြောင့် သြဂုတ် ၂ ရက်အထိ လူဦးရေ သုံးသိန်းကျော် ရေဘေးဒဏ်ခံနေရပြီး လေးဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဇူလိုင်လမှ သြဂုတ်လအထိ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ရေကြီးရေလျှံမှုများကြောင့် ရေစကြို၊ ပခုက္ကူ၊ ချောက်၊ ဆိပ်ဖြူ၊ စလင်း၊ ပွင့်ဖြူ၊ ရေနံချောင်း၊ မင်းဘူး၊ မကွေး၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ အောင်လံ၊ သရက်၊ ကံမ၊ မင်းတုန်းမြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ ရေဘေးဒဏ်ခံခဲ့ကြရသည်။ ယင်းမြို့နယ်များအတွင်း အိမ်ခြေ ၄၁၈၄၉ အိမ်၊ အိမ်ထောင်စု ၄၉၃၄၇ စုနှင့် လူဦးရေ ၁၇၄၅၅၄ ဦး ရေဘေးကြုံတွေ့ခဲ့ရပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
ရေဘေးကြောင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မြစ်ကမ်းနံဘေး ဝဲယာရှိ လယ်မြေနှင့် ကိုင်းမြေများတွင် စိုက်ပျိုးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊ ပဲတီစိမ်းစသည့် သီးနှံစိုက်ခင်းများနှင့် ကျွဲနွားစာစိုက်ခင်းများ အပါအဝင် ဧကပေါင်း ၂၃၃၈၀ ရေနစ်ပျက်စီးခဲ့ရကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး လွှတ်တော်သို့ စာရင်းတင်သွင်းခဲ့သည်။
ရေဘေးရှောင် ပြည်သူများအတွက် Eleven Media Group နှင့် စေတနာရှင် အလှူ ရှင်များ လှူဒါန်းမှု အစီအစဉ်က နှစ်နှစ်ဆက်တိုက် ဆန်နှင့် ဆီများ လှူဒါန်းပေးခဲ့သည်။ ၂၀၁၆ ခုနှစ် ရေဘေးကြုံတွေ့ရသူများအား လူမှုရေးပရဟိတ အသင်းအဖွဲ့များမှ လှူဒါန်းမှုများ ရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်ကထက် ထက်ဝက်ကျော် လျော့နည်းခဲ့သည်။
ရေကြီးရေလျှံမှုများသည် အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ ရောက်ရှိလာကာ သြဂုတ် ၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့အနီး ဧရာဝတီမြစ်ရေမှာ စိုးရေမှတ်အထက် နှစ်ပေကျော်တွင် ရှိနေပြီး မြစ်ရေကြီးမှုကြောင့် ပြည်မြို့၊ ပန်းတောင်း၊ ရွှေတောင်၊ ပေါင်းတည်မြို့နယ်တို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရပြီး ရေလွတ်ရာ ရွှေ့ပြောင်းနေကြရသူ ၈၀၀၀ ခန့်ရှိ လာခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဇူလိုင် ၁၈ ရက်မှစ၍ ရေကြီးနစ်မြုပ်အား မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဟင်္သာတ၊ ဇလွန်၊ အင်္ဂပူ၊ ပုသိမ်၊ သာပေါင်း စသည့်မြို့နယ် ၁၈ မြို့နယ်တွင် သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်များဖြစ်သည့် ရေကြီးနစ်မြုပ်မှုဘေးကို ရက်ပေါင်း ၂၀ ကျော်ကြာ ကြုံတွေ့ခဲ့ရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်မှုများအရ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်တွင် ရပ်ကွက် ၇၄ ခု၊ ကျေးရွာအုပ်စု ၅၀၇ စု၊ အိမ်ထောင်စုပေါင်း ၁၁၉၈၃၂ စု၊ လူဦးရေ ၄၈၅၂၆၅ ဦးမှာ ရေဘေးသင့်မှုကို ကြုံတွေ့ခဲ့ရပြီး လယ်ဧကပေါင်း ၁၄၀၀၆၂ ဧက၊ သီးနှံစိုက်ပျိုးထားသည့် မြေဧကပေါင်း ၂၀၃၁၉ ဒသမ ၅ ဧက၊ ငါးမွေးမြူရေး လုပ်ငန်းပေါင်း ၁၁၆၁၇ ခု ပျက်စီး ဆုံးရှုံးခဲ့ကာ ကျွဲနွား ၁၉ ကောင်၊ ကြက်၊ ဝက်၊ ဘဲနှင့် ဆိတ်အကောင်ရေ ၂၈၉၁၆ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။
ရေဘေးကြောင့် အိမ်အလုံးရေ ၁၈၀၄ အိမ်၊ အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၆၂ ကျောင်း၊ တိုက်နယ်ဆေးရုံနှစ်ရုံ၊ ကျေးလက်ကျန်းမာရေး ဆေးခန်း ၂၁ ခု၊ စေတီပုထိုး တစ်ဆူ၊ ဘုန်းကြီးကျောင်း ၁၅ ကျောင်း၊ ဆည်နှင့် တာတမံ ၁၅၀၊ တံတားပေါင်း ၂၂ စင်းနှင့် စုစုပေါင်း လမ်းပိုင်းအရှည်မိုင် ၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent