နှစ်ပေါင်း ၄၀ ကျော်အကြာမှာ ပြန်လည် လှုပ်ခတ်ခဲ့သည့် ပုဂံငလျင်နှင့် ပျက်စီး ဆုံးရှုံးမှုများ

နှစ်ပေါင်း ၄၀ ကျော်အကြာမှာ ပြန်လည် လှုပ်ခတ်ခဲ့သည့် ပုဂံငလျင်နှင့် ပျက်စီး ဆုံးရှုံးမှုများ
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ဘုရားအမှတ် (၂၁၃၁) ပြိုကျနေသည်ကို တွေ့ရစဉ် (ပုံကြီး)၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးရသည့် စူဠာမဏိစေတီအား သြဂုတ် ၂၅ ရက် နံနက်က တွေ့ရစဉ် (ပုံသေး)
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ဘုရားအမှတ် (၂၁၃၁) ပြိုကျနေသည်ကို တွေ့ရစဉ် (ပုံကြီး)၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးရသည့် စူဠာမဏိစေတီအား သြဂုတ် ၂၅ ရက် နံနက်က တွေ့ရစဉ် (ပုံသေး)
Published 25 December 2016
ဆန်းထူးအောင်

ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ရှားခဲ့ပြီး မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် ငလျင်ဒဏ်ကို ခံစားခဲ့ရသည်။
အဆိုပါ ငလျင်သည် သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၄ မိနစ် ၅၅ စက္ကန့်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၂၃ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင် ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ် (ချ်) တာစကေး (၆ ဒသမ ၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ယခု လှုပ်ခတ်ခဲ့သော ငလျင်အား မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ခံစားခဲ့ရကြောင်း သိရသည်။
အဆိုပါ ငလျင်ကြောင့် ယူနက်စကို စာရင်းဝင်ရန် ပြုလုပ်နေသည့် ပုဂံဒေသတွင် ဘုရား၊ စေတီ၊ ပုထိုးပေါင်း ၄၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အနုပညာတန်ဖိုး၊ ဗိသုကာလက်ရာ တန်ဖိုးကြီးမားသည့် ဘုရားကြီးများ ဖြစ်သည့် ပထမအဆင့် ၃၆ ဆူ၊ ဒုတိယအဆင့် ၅၃ ဆူ စုစုပေါင်း ၈၉ ဆူကို နိုင်ငံတော်မှ ဦးစီးပြီး ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အနီးကပ် ပူးပေါင်းမှုဖြင့် တစ်ဆူချင်း ထပ်မံ စစ်ဆေးပြီး အချိန်ယူကာ ပြုပြင်သွားမည်ဖြစ်ကြောင်း၊ သာမန်နှင့် အသေးစား ထိခိုက်ပျက်စီးသော တတိယအဆင့် ၃၀၀ ဆူအနက်မှ ထပ်မံ စိစစ်ရန် လိုအပ်သော ၇၆ ဆူအား အသေးစိတ် ထပ်မံ စိစစ်နိုင်ရန် ခေတ္တချန်လှပ်ပြီး ကျန်ထိခိုက်ပျက်စီးမှု နည်းပါးသော စေတီပုထိုး ၂၂၄ ဆူအား နိုဝင်ဘာ ၂၅ ရက်မှစပြီး လက်တွေ့ သင်ကြားပြသရင်း တစ်ဆက်တည်း ပြုပြင်မှုများ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ငလျင်ဖြစ်ပွားသည့် အချိန်မှ ယနေ့အထိ သုံးလတာ ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကြံပြုချက်နှင့် ပူးပေါင်းပါဝင် ကြီးကြပ်မှုတို့ဖြင့် ထပ်မံပျက်စီးခြင်း မဖြစ်စေရန် ယာယီ အမိုးအကာ ပြုလုပ်ခြင်း ၄၈ ဆူ၊ ယာယီငြမ်းဆင်၍ ညှပ်ထိန်းခြင်း ၅၉ ဆူ၊ အတွင်း/အပြင် ယာယီဒေါက်များဖြင့် ထောက်ကူထိန်းခြင်း ၁၀ ဆူ၊ ယာယီ ခါးပတ်ဖြင့် ပတ်၍ ထိန်းခြင်း ၁၅ ဆူ၊ အက်ကြောင်းများအား ဖာထေးခြင်း/ကြားသိပ်ခြင်း ၅၅ ဆူ၊ အလေးဝန် လျှော့ချ ရှင်းလင်းခြင်း ၁၈ ဆူ၊ ယာယီရေပိတ်လွှာလောင်းခြင်း ၂၀ ဆူ၊ သဲ/ခဲ ရှင်းလင်းခြင်း ၁၉၆ ဆူ၊ မြေကြောဖြတ်ခြင်း တစ်ဆူ၊ နံရံဆေးရေးပန်းချီများ ကြံ့ခိုင်ထိန်းသိမ်းခြင်း ရှစ်ဆူတို့ကို အရေးပေါ် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ငလျင်အန္တရာယ်သည် ကြိုတင်ခန့်မှန်း တွက်ဆမှု မပြုလုပ်နိုင်သည့် သဘာ၀ ဘေးအန္တရာယ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ငလျင်ကြောကြီး ငါးခုနှင့် ငလျင်ငယ်အခု ၄၀ ခန့် ရှိပြီး ငလျင်အန္တရာယ် အချိန်မရွေး ကျရောက်နိုင်သော ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
ငလျင် လှုပ်ခတ်ပါက အင်အား ရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ချ်တာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်ဖြစ်ပြီး ပျက်စီးမှု အနည်းငယ် ရှိနိုင်သည်။ ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိ လှုပ်ခတ်ပါက အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီး များပြားကာ ရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့်အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ကာ မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းသော ငလျင်အထိ လှုပ်ခတ်ခဲ့မှုရှိကြောင်း သိရသည်။
၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော ပုဂံငလျင်သည် ပုဂံနှင့် အနောက်တောင်ယွန်းယွန်း ၁၄ မိုင်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင် သုံးကြိမ် လှုပ်ခဲ့ကြောင်း၊ တုန်ခါသည့် ဧရိယာမှာ စတုရန်းမိုင်ပေါင်း ၂၀၀၀၀ ကျော်ရှိပြီး အပျက်အစီး အနေဖြင့် ပုဂံ-ညောင်ဦး ရှေးဟောင်းအဆောက်အအုံ စေတီများ ရာခိုင်နှုန်း ၉၀ ပျက်စီးကာ ဧရာဝတီမြစ်ရေ စီးဆင်းမှု ရပ်သွားပြီး ရေပြင်တွင် လှိုင်းကြီးခဲ့ကြောင်း၊ မင်းဘူးရွှံ့မီးတောင် နှစ်ပေခန့် နိမ့်ဆင်းသွားပြီး ရွှံ့ချော်ရည်များ ကျလာခြင်း၊ ရေတွင်းမှ ရေများ တိုးထွက်လာခြင်း၊ မြေအက်ကွဲကြောင်းများ ပေါ်လာခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အဖျားပိုင်း ကချင်ပြည်နယ် ပူတာအို အနီးမှ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှ တောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခု ဖြစ်ပေသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်-တောင်မြောက် တန်းလျက်တည် ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင် အနီးမှ စတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက် တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့-အနောက် တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများ ဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်နေပြီး ပမာဏကြီးမားသည့် အဓိက မြေငလျင်ကြောကြီး ငါးခု ရှိသည်။
ထို့ပြင် မကြာခဏ လှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သတင်းရရှိသည်။ ၂၀၁၁ ခုနှစ် နောက်ဆုံးအကြိမ် လှုပ်ရှားခဲ့သည့် စစ်ကိုင်းပြတ်ရွေ့ကြော၊ မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ကဘော်မြေငလျင်ကြော၊ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုနှင့် ပြင်ဦးလွင်မြို့အနီးမှ ဖြတ်သွားသော ကျောက်ကြမ်းမြေငလျင်ကြော၊ သံလွင်မြစ်တစ်လျှောက် ဖြတ်သွားသည့် သံလွင်မြေငလျင်ကြောနှင့် ရခိုင်ပြည်နယ်ရှိ ရခိုင်မြေငလျင်ကြောတို့ ဖြစ်သည်။ ယင်းတို့အနက် ကျောက်ကြမ်းပြတ်ရွေ့ကြောသည် မြန်မာ့သမိုင်းတွင် အင်အား အပြင်းထန်ဆုံးအဖြစ် ပြင်းအား ရစ်ချ်တာစကေး ၈ ဖြင့် ၁၉၁၂ ခုနှစ်က လှုပ်ခဲ့သည်။ ယင်းပြတ်ရွေ့ကြောသည် နှစ်ပေါင်းတစ်ရာကျော် ငြိမ်သက်နေသောကြောင့် အချိန်မရွေး ပြန်လည် လှုပ်ရှားနိုင်ပြီး သတိပြုစရာ ပြတ်ရွေ့ကြီးတစ်ခု ဖြစ်သည်။

Most Read

Most Recent