ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှ နယ်ခြားစောင့် ရဲစခန်းသုံးခု အကြမ်းဖက် တိုက်ခိုက်ခံရမှုများ

ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှ နယ်ခြားစောင့် ရဲစခန်းသုံးခု အကြမ်းဖက် တိုက်ခိုက်ခံရမှုများ
Published 25 December 2016
ဝင်းမောင်

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က အကြမ်းဖက်တိုက်ခိုက်သူ အင်အား ၄၀၀ ခန့်က ရခိုင်ပြည်နယ် မောင်တောနယ်စပ်ရှိ ကျီးကန်းပြင်ဌာနချုပ်၊ ငါးခူရနယ်ခြားစောင့် ရဲစခန်း၊ ကိုးတန်ကောက် နယ်ခြားစောင့်ရဲစခန်းကို ညအချိန် အလစ်အငိုက်ရယူ၍ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့မှုမှာ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များတွင် အပါအဝင် ဖြစ်ပါသည်။
အဆိုပါဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၅၁ လက်၊ ကျည်မျိုးစုံ ၁၀၁၃၀ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်သမား ရှစ်ဦးကို အသေဖမ်းမိခဲ့ပြီး နှစ်ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ လက်လုပ်သေနတ် ပစ္စတိုတစ်လက်၊ ကျည်နှစ်တောင့်၊ ကျည်အိမ်တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
မောင်တောနယ်စပ် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများကို စစ်ဆေးချက်အရ အကြမ်းဖက် တိုက်ခိုက်မှုများကို ပြည်ပမှ ငွေကြေးထောက်ပံ့မှု၊ ပြည်ပရှိ အကြမ်းဖက် အဖွဲ့အစည်းဝင်များ၏ ပံ့ပိုးမှု ကူညီမှုဖြင့် အချိန်ယူကာ စနစ်တကျကြိုတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်နေသည့် AqaMul Mujahidin အဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်ပြီး ဦးဆောင်သူမှာ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်သမား ဟာဗစ်တူဟာရ် ဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။
အောက်တိုဘာ ၁၁ ရက်တွင် ဟာဗစ်တူဟာရ်၏ ဂျီဟတ်ကြေညာသည့် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်လွှင့်ခဲ့ပြီး အလားတူ ပြည်ပထောက်ခံမှု၊ ငွေကြေး ပံ့ပိုးမှုများ မြင့်တက်လာစေရေးအတွက် အခြားဗီဒီယိုဖိုင်များကိုလည်း လွှင့်တင်ခဲ့သည်။
အောက်တိုဘာ ၉ ရက် ဖြစ်စဉ်နောက်ပိုင်း နယ်မြေရှင်းလင်းနေသည့် လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့တို့ ထိတွေ့တိုက်ခိုက်မှု အသေး၊ အကြီး စုစုပေါင်း ၁၁ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး တပ်မတော်သား ခုနစ်ဦး ကျဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိခဲ့ကာ လက်နက်နှစ်လက် ပျောက်ဆုံးခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်သူ လေးဦးကို ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း အစိုးရမှ သတင်းထုတ်ပြန်ခဲ့သည်။
မောင်တောနယ်စပ်မှ နယ်ခြားစောင့် ရဲစခန်းများ အကြမ်းဖက် တိုက်ခိုင်ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နေ့တွင်ပင် စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့ရာ နှစ်လပြည့်ေ့မြာက်သည့် ဒီဇင်ဘာ ၉ ရက်ကလည်း ညမထွက်ရ အမိန့်ကို ဆက်လက် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အကြမ်းဖက်သမားများ လက်ထဲပါသွားသည့် လက်နက်များ ပြန်ရရှိရေး၊ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့သူများကို ဆက်လက် ဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ ဒီဇင်ဘာ ၉ ရက် အထိ ဖမ်းဆီး စစ်ဆေးနေသူ ၅၇၅ ဦး၊ ရဲစစ်ဆေးဆဲ ၄၇၀၊ တရားရုံးပြီးပြတ် ပြစ်ဒဏ်ချ ၈၀၊ ကျင့်ထုံးဥပဒေ ၁၆၉ အရ ပြန်လွှတ်ပေးသူ ၁၀ ဦး၊ တရားရုံး အာမခံတစ်ဦး ရှိခဲ့ကြောင်း သိရသည်။
မောင်တောဖြစ်စဉ်နှင့် ပတ်သက်ပြီး UN နှင့် နိုင်ငံတကာသံတမန် အဖွဲ့သည် ပထမဦးဆုံးအဖြစ် မောင်တောနယ်စပ်သို့ နိုဝင်ဘာ ၂ ရက်နှင့် နိုဝင်ဘာ ၃ ရက်တို့တွင် ကွင်းဆင်း လေ့လာခဲ့သည်။ ထို့ပြင် မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ကလည်း ဒီဇင်ဘာ ၃ ရက်က မောင်တောနယ်စပ်သို့ ကွင်းဆင်း လေ့လာခဲ့သည်။
ထို့နောက် ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင်သော မောင်တောအကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ဒီဇင်ဘာ ၁၁ ရက်မှ  ဒီဇင်ဘာ ၁၃ ရက်အထိ မောင်တောနယ်စပ်သို့ ကွင်းဆင်း လေ့လာခဲ့သည်။ ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကို ဖွဲ့စည်းပြီး မောင်တောဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းမှန်များ ထုတ်ပြန်လျက် ရှိသည်။
စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာ ၁၅ ရက်အထိ ဆုံးရှုံးခဲ့သော လက်နက် ၆၇ လက်ရှိပြီး ၂၆ လက် ပြန်ရခဲ့ပြီး ၄၁ လက်မှာ အကြမ်းဖက်သမားများ လက်ထဲတွင် ရှိနေသေးသည်။ 

Most Read

Most Recent