အရပ်သားအစိုးရသစ် ပေါ်ထွန်းလာသော်လည်း ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဒေသအချို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာနေဆဲဖြစ်သည်။ အရပ်သား အစိုးရသစ် အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံကို စတင်နိုင်ခဲ့သော်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ၊ နယ်မြေ မငြိမ်သက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိနေသည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသူများ ရှိနေသလို တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့်လည်း စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာခြင်းဖြစ်သည်။ ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေကာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ တိုက်ပွဲများ ဖြစ်ပွားခြင်းဖြစ်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ (KIA, TNLA,MNDAA)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် RCSS/SSA နှင့် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး ကရင်ပြည်နယ်တွင် တပ်မတော်နှင့် BGF သည် DKBA (ခွဲထွက်) အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒေသခံ တိုင်းရင်းသားများမှာ နေရပ်တွင် နေထိုင်နိုင်ခြင်းမရှိဘဲ စစ်ဘေးရှောင်စခန်းများတွင် ဒုက္ခသည်အဖြစ် ပြောင်းရွှေ့နေထိုင်ရပြီး တိုက်ပွဲများပြီး ရပ်စဲသွားသော နေရာများမှာလည်း နယ်မြေမလုံခြုံမှုကြောင့် ဒုက္ခသည် စခန်းများ၌ ဆက်လက် နေထိုင်ရဆဲဖြစ်သည်။
ယခုနောက်ဆုံး နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီးရှိ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းအား ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံဖက်သို့ ထွက်ပြေးခဲ့ရသူများ ရှိသလို အချို့မှာလည်း မူဆယ်မြို့ပေါ်သို့ လာရောက် ခိုလှုံခဲ့ကြရသည်။
KIA , TNLA နှင့် MNDAA လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၄ ရက်တွင် မူဆယ်မြို့ပေါ်တွင် စစ်ဘေးဒုက္ခသည်စခန်း ငါးခုမှ ကိုးခုအထိ ရှိလာပြီး စစ်ဘေးဒုက္ခသည်အရေအတွက် ဆက်လက် တိုးပွားလာခဲ့သည်။ နယ်မြေ မတည်ငြိမ်မှုကြောင့် မူဆယ်မြို့ဘက်မှ တရုတ်နိုင်ငံဘက်သို့ ထွက်ခွာသူ သုံးရက်အတွင်း သုံးသောင်းခွဲခန့် ရှိခဲ့ကာ မုံးကိုး၊ မုံပေါ်၊ ပန်ဆိုင်း၊ ကြူကုတ်နှင့် ဖားဆိုင်ဒေသများမှ စစ်ဘေးဒုက္ခသည်များမှာလည်း မူဆယ်မြို့သို့ ရောက်ရှိလာခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်အနီး မုံးကိုးမြို့နယ်ရှိ ပြည်သူတစ်ထောင်ကျော်သည် တရုတ်နိုင်ငံ မန်စီမြို့နယ် မန်ဟိုင်မြို့ရှိ အသုံးမပြုသည့် စာသင်ကျောင်း၊ စက်ရုံဟောင်းနှင့် ဈေးအနီး ကွင်းပြင်တို့၌ ယာယီတဲငါးလုံးဖြင့် နိုဝင်ဘာ ၂၈ ရက်အထိ နေထိုင်လျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း သတင်းထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၂၀ ရက်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်မြေမတည်ငြိမ်ခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင်လမ်းပိုင်းကို တပ်မတော် စစ်ကြောင်းက နိုဝင်ဘာ ၂၆ ရက်တွင် ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ဒေသခံ တိုင်းရင်းသားများမှာ လက်နက်ကိုင် အဖွဲ့များ၏ စစ်ရေးလှုပ်ရှားနေမှု၊ နယ်မြေမငြိမ်သက်မှုများကြောင့် နေရပ်ကို စွန့်ခွာပြီး မူဆယ်၊ လားရှိုး၊ သီပေါစသောမြို့များသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးတွင် RCSS/SSA နှင့် TNLA အဖွဲ့တို့ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် အနီးအနားရှိ ဒေသခံများမှာ သီပေါမြို့နှင့် အခြားနီးစပ်ရာ နေရာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ အဆိုပါ တိုက်ပွဲများ မဖြစ်မီကလည်း နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအနီးမှ ဒေသခံများသည် ၎င်းတို့၏ ရွာအနီးတွင် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသွားလာနေမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်ကာ လားရှိုးမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသည်။
လက်ရှိအချိန်၌ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု အခြေအနေ လျော့ကျသွားသော်လည်း ဒေသခံများမှာမူ နေရပ်သို့ မပြန်နိုင်ကြသေးဘဲ ဘေးလွတ်ရာတွင် ခိုလှုံနေကြရဆဲဖြစ်ကာ အခြေအနေ ပြန်လည် တည်ငြိမ်မည့် အချိန်ကို စောင့်ဆိုင်းနေကြရသည်။









