ကျပ် ၃၆ ဘီလျံကျော် ဆုံးရှုံးခဲ့သော ရန်ကုန်မြို့ မင်္ဂလာဈေး မီးလောင်မှုနှင့် ကျပ်သန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့သည့် မန္တလေးမြို့ မင်္ဂလာဈေး အပါအဝင် ဈေးများ မီးလောင် ဆုံးရှုံးမှုများ

ကျပ် ၃၆ ဘီလျံကျော် ဆုံးရှုံးခဲ့သော ရန်ကုန်မြို့ မင်္ဂလာဈေး မီးလောင်မှုနှင့် ကျပ်သန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့သည့် မန္တလေးမြို့ မင်္ဂလာဈေး အပါအဝင် ဈေးများ မီးလောင် ဆုံးရှုံးမှုများ
Published 25 December 2016
အောင်ထက်ခိုင်

၂၀၁၆ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးတွင် စည်ပင်ပိုင်ဈေးများ မီးလောင်ကျွမ်းမှု ဖြစ်စဉ် ၁၁ ကြိမ် ဖြစ်ပွားခဲ့ရာ ကျပ် ၃၇ ဘီလျံ (ကျပ်သန်းပေါင်း ၃၇,၀၀၀ ကျော်) ဆုံးရှုံးခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွင်း စည်ပင်ပိုင်ဈေးများ မီးလောင်ကျွမ်းမှုများအနက် ရန်ကုန်မြို့ရှိ မင်္ဂလာဈေး မီးလောင်မှုမှ ဆုံးရှုံးမှု တန်ဖိုး အများဆုံး ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။
၂၁၀၆ အတွင်း ဈေးမီးလောင်မှုများကြောင့် ဈေးများ အားလုံးရှိ ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။ 
၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဈေးမီးလောင်မှုများတွင် ဆိုင်ခန်းအတွင်း ပစ္စည်းများ သိုလှောင်ထားရာမှ တစ်ဆင့် လည်းကောင်း၊ သံပန်းတံခါးများ ပေါ့ဆစွာ ဝရိန်ဆော်ရာမှ လည်းကောင်း၊ ဈေးအတွင်း မျက်နှာကြက်တွင် တပ်ဆင်ထားသော မီးချောင်းချုပ် အပူလွန်ရာမှ လည်းကောင်း၊ ဆိုလာပြားများ အားသွင်းရာမှ အပူလွန်ကဲရာမှ တစ်ဆင့် လည်းကောင်း၊ လျှပ်စစ်မီးဘုတ်ခုံတွင် တပ်ဆင်ထားသည့် ဝိုင်ယာကြိုးများ အပူလွန်ကဲရာမှ တစ်ဆင့် လည်းကောင်း၊ မိန်းခုံ အပူလွန်ရာမှ တစ်ဆင့် လည်းကောင်း၊ ဈေးအတွင်း မီးလောင်လွယ်သည့် ပစ္စည်းများ ထားရှိသည့် နေရာတွင် လမ်းသွားလမ်းလာများ ဆေးလိပ်မီးကို ပေါ့ဆစွာ စွန့်ပစ်ခဲ့မှုကြောင့် လည်းကောင်း၊ ခြင်ဆေးခွေမီးများ ထွန်းထားရာမှ လည်းကောင်း ဈေးမီးလောင်မှုများ ဖြစ်ရကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွင်း ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သည့် ဇန်နဝါရီ ၉ ရက်က ကျပ် ၃၆ ဘီလျံကျော် (ကျပ်သန်းပေါင်း ၃၆,၀၀၀) ကျော် ဆုံးရှုံးခဲ့သော ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အဆင့်မြင့် မင်္ဂလာဈေး သံပန်းအဖွဲ့မှ ပေါ့ဆစွာ ဝရိန်ဆော်ရာမှ တစ်ဆင့် ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် ဆုံးရှုံးခဲ့သော မီးလောင်မှု ဖြစ်စဉ်နှင့် မတ် ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ ဆိုင်ခန်းပေါင်း ၃၆၄ ခန်းနှင့် ကျပ်သန်းပေါင်း ၁၀၀၀ ကျော် ဆုံးရှုံးခဲ့သော မင်္ဂလာဈေး မီးလောင်မှုတို့ ဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အခြားဈေး မီးလောင်မှုများ အနေဖြင့် ဇန်နဝါရီ ၁ ရက်က တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ရှိ အဏ္ဏဝါရပ်ကွက် ဘုရင့်နောင်ဈေး မီးလောင်မှု၊ ဇန်နဝါရီ ၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ဘုရားကြီး ရပ်ကွက်ရှိ သီရိမင်္ဂလာဈေး ဈေးရုံအမှတ် (၇) အခန်း (၁) မီးလောင်မှု၊ ဖေဖော်ဝါရီ ၁၆ ရက်က မိုးညှင်းမြို့နယ် အမှတ် (၂) စည်ပင်သာယာဈေး မီးလောင်မှု၊ ဖေဖော်ဝါရီ ၂၃ ရက်က မင်းတပ်မြို့နယ်ရှိ စံပြရပ်ကွက် စည်ပင်သာယာဈေး မီးလောင်မှု၊ မတ် ၁၆ ရက်က မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ဈေး (ယာဉ်အပို ပစ္စည်းများ ရောင်းဝယ်ရေးနှင့် စက်ကိရိယာ ရောင်းဝယ်ရေးစခန်း) မီးလောင်မှု၊ မတ် ၂၂ ရက်က မတ္တရာမြို့နယ်ရှိ စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မဈေးရုံးခန်း မီးလောင်မှုနှင့် ဇွန် ၁၆ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ပဲခူးမြို့မဈေး မီးလောင်ကျွမ်းမှုတို့ ဖြစ်သည်။
နိုဝင်ဘာ ၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် မြို့မစည်ပင်သာယာဈေး မီးလောင်မှုနှင့် နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် လမ်းသွားလမ်းလာ တစ်ဦး ဆေးလိပ်စွန့်ပစ်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး ဆိုင်ခန်းပေါင်း ၅၄၅ ခန်းကျော် ပျက်စီးခဲ့သည့် မီးလောင်မှုဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း စည်ပင်ပိုင်ဈေးများ မီးလောင်ကျွမ်းမှု ၁၃ ကြိမ် ဖြစ်ပွားခဲ့ရာ ၂၀၁၆ အတွင်း ဖြစ်ပွားခဲ့သည့် စည်ပင်ပိုင်ဈေးများ မီးလောင်ကျွမ်းမှုထက် အကြိမ်ရေ များသော်လည်း ဆုံးရှုံးမှုတန်ဖိုး နည်းကြောင်း သိရသည်။
၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆုံးရှုံးမှုများခဲ့သည့် ဈေးမီးလောင်မှု အချို့မှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က ဆိုင်ခန်းပေါင်း ၃၁၂ ခန်း ပျက်စီးခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ မြို့မဈေး မီးလောင်မှုနှင့် ဖေဖော်ဝါရီ ၂ ရက်က ဆိုင်ခန်းပေါင်း ၂၂ ခန်းကျော် ပျက်စီးဆုံးရှုံးခဲ့သည့် မွန်ပြည်နယ် ရေးမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးဈေး မီးလောင်မှု၊ ဒီဇင်ဘာ ၂၉ ရက်က ဆိုင်ခန်းပေါင်း ၅၆ ခန်းကျော် ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ဘုရားကြီး ရပ်ကွက်ရှိ သီရိမင်္ဂလာဈေး မီးလောင်မှု စသည်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်အတွင်း စည်ပင်ပိုင်ဈေးများ မီးလောင်ကျွမ်းမှုကြောင့် ကျပ် ၈၂ သန်းကျော် ဆုံးရှုံးခဲ့ပြီး ဆိုင်ခန်းပေါင်း ၄၁၉ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

Most Read

Most Recent