ယခုနှစ် နောက်ဆုံးလများအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အသေးစား ပေါက်ကွဲမှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုများမှာ တိုင်းဒေသ အစိုးရအဖွဲ့ ရုံးဌာနများနှင့် လူစည်ကားရာ ကုန်တိုက်များတွင် ဖြစ်ပွားခဲ့သောကြောင့် ၂၀၁၆ ခုနှစ်၏ ထင်ရှားကျော်ကြား ကဏ္ဍ၌ ထည့်သွင်းဖော်ပြခဲ့ပါသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာ လဝက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အသေးစား ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် မရမ်းကုန်းမြို့နယ် ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ Ocean Center မြေညီထပ်ရှိ အများသုံး အမျိုးသားအိမ်သာခန်း အတွင်း သန့်ရှင်းရေးဝန်ထမ်း တစ်ဦးက ပလတ်စတစ် အမှိုက်ပုံးအား နေရာရွှေ့စဉ် အမှိုက်ပုံးအတွင်းမှ ပေါက်ကွဲသံ ထွက်ပေါ်ပြီး မီးတောက်များ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ဒုတိယအကြိမ် အသံထွက်ပေါ်ခဲ့သဖြင့် အဆိုပါ Center ရှိ လုံခြုံရေးဝန်ထမ်း တစ်ဦးက မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်ခဲ့ရပြီး Center ရှေ့ရှိ ယာဉ်ရပ်နားသည့် နေရာဝင်း၌ ရပ်ထားသည့် ယာဉ်တစ်စီးမှာ ပြန်လည် ထွက်ခွာစဉ် M 150 အချိုရည်ပုလင်းအား ကြိတ်မိရာမှ အသံမြည် ပေါက်ကွဲမှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အား သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးရာ အမှိုက်ပုံ အတွင်းရှိ M 150 အချိုရည် ပုလင်းတွင် ဓာတုဆေးရည်တစ်မျိုး ထည့်ထားပြီး အခြား ဓာတုဆေးရည် ပါရှိသည့် ဖန်ပြွန်တစ်ခုအား ပုလင်းအတွင်း ထည့်ကာ ထောင်ထားစဉ် အမှိုက်ပုံး ရွှေ့ချိန်၌ ဖန်ပြွန်အတွင်းမှ အရည်များ ထွက်ကျရာမှ ပုလင်းပေါက်ကွဲပြီး အသံဖြစ်ပေါ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အလားတူ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းတွင် ဒေါပုံမြို့နယ်ရှိ Capital Hypermarket ပထမထပ် ပလတ်စတစ်ပစ္စည်း အရောင်းခန်းမတွင် တစ်ကြိမ်၊ မြေညီထပ် မုန့်အရောင်းခန်းမ အတွင်း၌ နှစ်ကြိမ် M-150 အချိုရည် ပုလင်းများမှ အသံကျယ်လောင်စွာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
ထိုသို့ လူစည်ကားရာ နေရာများ၌ ပေါက်ကွဲမှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက် အစိုးရအဖွဲ့ ရုံးများနှင့် ဌာနဆိုင်ရာ ရုံးများတွင်လည်း အသေးစား ပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ ၂၄ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၆၄ ရပ်ကွက်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး ပထမထပ်ရှိ သန့်စင်ခန်းအတွင်း၌ လည်းကောင်း၊ သန့်စင်ခန်း အပြင်ဘက်ရှိ အမှိုက်ပုံးတွင် လည်းကောင်း စုစုပေါင်း ငါးကြိမ်အထိ ပေါက်ကွဲခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၂၅ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၏ လုံခြုံရေး အတင်းကျပ်ဆုံး နေရာတစ်ခုဖြစ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ သွားသည့် စင်္ကြံလမ်းရှိ အများသုံးအိမ်သာရှေ့ လူဝင်မှု ကြီးကြပ်ရေးရုံး ဝင်ပေါက်အနီး အပေါ်ထပ်မှ အောက်ထပ်သို့ သွယ်တန်းထားသည့် ရေပိုက်ကြားတွင် တစ်ကြိမ်၊ ပေါက်ကွဲခဲ့သည့် နေရာနှင့် ၁၀ ပေခန့် အကွာရှိ ရေပိုက်ကြားတွင် တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ အသေးစား ပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးမျှ မရှိကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အသေးစား ပေါက်ကွဲမှုများမှာ M-150 အချိုရည် ပုလင်းများမှ တစ်ဆင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့သည်။ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း၏ စစ်ဆေးချက်အရ M-150 ပုလင်းထဲ ဒီဇယ်ထည့်ပြီး ပလတ်စတစ် ကျု့ထဲသို့ ဆာလဖြူရစ်အက်စစ် ပြင်းထည့်ကာ မီးခြစ်ဆံယမ်းအား ပလတ်စတစ်နှင့် ကပ်ချည်ထားသည်ကို တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် အက်စစ်ထည့်သည့်ကျု့ကို အပေါက်ဖောက်ထား၍ အက်စစ်နှင့် မီးခြစ်ဆံယမ်း ဓာတ်ပြုပြီး ဒီဇယ်ထဲကျကာ ပြင်းအားနည်းသည့် သာမန်ပေါက်ကွဲမှု ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၌ အသေးစား ပေါက်ကွဲမှု ကျူးလွန်သူ အချို့အား နိုဝင်ဘာ ၂၆ ရက်တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသော်လည်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် အစိုးရအဖွဲ့က သတင်းအတည်ပြု ထုတ်ပြန်မှု မရှိခဲ့ပေ။ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းမှုအရ ဖြစ်စဉ်နှင့် သက်ဆိုင်သည့် လူသုံးဦးထက်မနည်း ဖမ်းဆီးရမိခဲ့ပြီး ယင်းအနက် အမျိုးသမီးနှစ်ဦး ပါဝင်ကြောင်းနှင့် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ (၃) ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ် ကျူးလွန်သူဟု ယူဆရသူများအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီးနောက် အသေးစား ပေါက်ကွဲများ ဆက်လက်ဖြစ်ပွားခြင်း မရှိခဲ့သော်လည်း အသေးစားပေါက်ကွဲမှု ဖြစ်စဉ်များ၏ နောက်ဆက်တွဲ မလုံခြုံမှုများကို အများပြည်သူ စိုးရိမ်မကင်း ခံစားခဲ့ကြရဆဲ ဖြစ်သည်။









