အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှ ထွက်ခွာလာသည့် အေးငြိမ်းချမ်းသာ ရေယာဉ်လိုင်းမှ အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ်သည် အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခန့်တွင် ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး၌ နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့မှုမှာ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော သတင်းဖြစ်စဉ်များအနက် ထင်ရှားသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။
နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော် (၂) ရေယာဉ်ပေါ်တွင် သီတင်းကျွတ် ကျောင်းပိတ်ရက်အဖြစ် ပြန်လာကြသော ဆရာ၊ ဆရာမများ၊ မုံရွာတက္ကသိုလ်တွင် အဝေးသင် စာမေးပွဲ ဖြေရန်လာသည့် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများနှင့် ဌာနဆိုင်ရာဝန်ထမ်း အများအပြား လိုက်ပါလာပြီး အသက်ရှင် လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ လူ ၃၀၀ ကျော် လိုက်ပါလာသည်ဟု ဆိုသည်။ အဆိုပါ ၃၀၀ ကျော်အနက်မှ ၁၅၉ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး အောက်တိုဘာ ၂၀ ရက်က ရေယာဉ်ဆယ်ယူပြီးချိန်အထိ အလောင်း ၇၃ လောင်းသာ ရှာဖွေတွေ့ရှိခဲ့သည်။
ချင်းတွင်းမြစ်ရိုး တစ်လျှောက်တွင်ရှိသော မြို့နယ်များအနေဖြင့် ရေလမ်းခရီးကိုသာ အဓိက အားထားနေရပြီး အစိုးရသင်္ဘောများ မပြေးဆွဲသည်မှာ ကြာပြီဖြစ်၍ အမြန်ရေယာဉ်များကိုသာ အားထားသွားလာနေရခြင်း ဖြစ်သည်။ အဆိုပါရေယာဉ်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရေကြောင်းညွှန်ကြားမှု ဦးစီးဌာန (ရညန) က လိုင်စင် ထုတ်ပေးထားခြင်းဖြစ်သည်။ (ရညန) ၏ စည်းကမ်း သတ်မှတ်ချက်တွင် ခရီးသည်တင်ရေယာဉ်နှင့် ကုန်တင်ရေယာဉ်ဟု သီးခြား သတ်မှတ်ထားသော်လည်း နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော် (၂)တွင် ဆိုင်ကယ်အစီး ၂၀ ဝန်းကျင် တင်ဆောင်လာကြောင်းလည်း အသက်ရှင် လွတ်မြောက်လာသူများက ပြောကြားသည်။ အသက်ဘေးမှ လွတ်မြောက်လာသည့် ကိုအောင်ကျော်ဦး ဆိုသူက ဘေးအန္တရာယ် ကြုံနိုင်သည်ကိုသိ၍ တာဝန်ရှိသူများကို တိုင်ကြားခဲ့သော်လည်း အဆိုပါ တာဝန်ရှိသူများက ၎င်းတို့အနေဖြင့် မတတ်နိုင်ကြောင်းသာ ပြန်လည်ပြောဆိုခဲ့ကြသည်ဟု ဆိုသည်။
အောင်စိုးမိုးကျော် (၂) နစ်မြုပ်မှု ဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါရေယာဉ်မှာ ပြေးဆွဲခွင့် လိုင်စင်မရှိဘဲ မောင်းနှင်နေခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ထုတ်ဖော် ပြောကြားသည်။
အောက်တိုဘာ ၂၂ ရက်က မုံရွာမြို့တွင် ပြုလုပ်သည့် အဆိုပါ သတင်းစာ ရှင်းလင်းပွဲ၌ ရေယာဉ်တိမ်းမှောက် နစ်မြုပ်မှုဖြစ်စဉ်တွင် အသက်ပေါင်းများစွာ သေဆုံးခဲ့ရခြင်းကြောင့် အမြန်ရေယာဉ်နှင့် ပတ်သက်သည့် တာဝန်ရှိသူ အဆင့်ဆင့်ကို ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန်နှင့် မည်သည့်အကြောင်းကြောင့် တိမ်းမှောက် နစ်မြုပ်ရသည်ကို စစ်ဆေးရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းအား စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ကာ ဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။
ရေယာဉ်တိမ်းမှောက် နစ်မြုပ်မှုကြောင့် သေဆုံးခဲ့ရသူ ၇၃ ဦးအတွက် ကျန်ရစ်သူ မိသားစုများကို တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ပြည်ထောင်စု အစိုးရတို့မှ ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တစ်ဦးလျှင် ပြည်ထောင်စုအစိုးရ အဖွဲ့မှ ကျပ်ငါးသိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျပ်သုံးသိန်းနှင့် အေးငြိမ်းချမ်းသာ ရေယာဉ်အသင်းမှ ကျပ်လေးသိန်းနှင့် အသက်အာမခံကြေး ကျပ် ၁၀ သိန်းဖြစ်ကြောင်း အဆိုပါသတင်းစာ ရှင်းလင်းပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။
ရေယာဉ်နစ်မြုပ်မှု ဖြစ်စဉ်အပြီးတွင် ရေယာဉ်မှူးတစ်ဦးနှင့် ရေယာဉ်နောက်လိုက် သုံးဦးကိုသာ ဖမ်းဆီးနိုင်ခဲ့ကာ တိမ်းမှောက်စဉ်က ရေယာဉ်ကို မောင်းနှင်ခဲ့သူ ရေယာဉ်မှူးမှာ ထွက်ပြေး တိမ်းရှောင်နေခဲ့ပြီး အောက်တိုဘာ ၂၈ ရက်မှသာ ရေယာဉ်မှူး ကိုဇော်မျိုးဝင်းသည် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ လာရောက်အဖမ်းခံခဲ့ပြီး ၎င်းအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က) ဖြင့် ယင်းမာပင်ခရိုင် တရားရုံးတွင် တရားစွဲဆိုထားသည်။
လူပေါင်းများစွာ သေဆုံးခဲ့ရသော အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်မှု









