သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့် မြန်မာနိုင်ငံအနှံ့မှ ရေရှားပါးမှု ပြဿနာ

သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့် မြန်မာနိုင်ငံအနှံ့မှ ရေရှားပါးမှု ပြဿနာ
Published 25 December 2016

၂၀၁၆ ခုနှစ်တွင် သမိုင်းတစ်လျှောက် အားအကောင်းဆုံး အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်နှင့်အတူ အပူရှိန် ပြင်းထန်မှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် သောက်သုံးရေ ရှားပါးမှုများ ကြုံတွေခဲ့ရသည်။ အယ်လ်နီညို ရာသီဥတုဖြစ်ကြောင့် သောက်သုံးရေရှားပါးမှုများ ဆက်တိုက် ကြုံတွေ့လာရမည်ဟု ပညာရှင်များက ကြိုတင် ခန့်မှန်းထားခဲ့ကြပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ဆောင်းရာသီ မကုန်မီအချိန် ကတည်းက သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်ခဲ့သည်။
နှစ်စဉ်နွေရာသီတိုင်း သောက်သုံးရေ အခက်အခဲ ကြုံတွေ့ရလေ့ရှိသည့် မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မေလအထိ ကျေးရွာပေါင်းရာနှင့်ချီ သောက်သုံးရေ အခက်အခဲများ ကြုံ တွေ့ခဲ့ရသည်။ ယင်းသို့ ကြုံတွေ့ရသည့် ကျေးရွာများအနက် ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ချောက်၊ ရေနံချောင်း၊ မကွေးမြို့နယ်များအတွင်း ကျေးရွာများတွင် အခက်ခဲဆုံး ဖြစ်ပေါ်ခဲ့သည်။ မကွေးတိုင်း ချောက်မြို့နယ် ဂွေးချိုတောင် ကြောဝန်းကျင် မြေအောက်ရေကြောတွင် ရေချိုလုံး၀ မရှိခြင်းကြောင့် ဂွေးချိုတောင်ကြောဝန်းကျင်ရှိ ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲကို အများဆုံး ကြုံတွေ့ခဲ့ရသည်။
အပူပိုင်း မိုးနည်းရပ်ဝန်းဒေသဖြစ်သည့် မကွေးတိုင်းအတွင်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ နေ့အပူချိန် မြင့်တက်လာမှုနှင့်အတူ မကွေး၊ ရေနံချောင်း၊ ချောက်၊ မင်းဘူး (စကု)၊ တောင်တွင်းကြီး၊ မြို့သစ်၊ မြိုင်၊ ရေစကြို၊ စေတုတ္တရာမြို့နယ်များအတွင်း ကန်များ ရေခန်းခြောက်ခဲ့သည်။ ထိုသို့ ကန်များ ရေခန်းခြောက်ခြင်း၊ လက်တူးရေတွင်းများ ရေခန်းလာခြင်းများကြောင့် ကျေးရွာအချို့နှင့် အဝီစိစက်ရေတွင်း လုံးဝမရှိသော ကျေးရွာများ၊ စက်ရေတွင်းရှိသော်လည်း ရေမအောင်သည့် ကျေးရွာများသည် မေလကုန်အထိ အများပြည်သူနှင့် အစိုးရ အဖွဲ့အစည်းများမှ ရေလှူဒါန်းမှုများကိုသာ မှီခိုခဲ့ကြရသည်။
မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေ အခက်အခဲ ကြုံတွေ့ခဲ့ရသည့် ကျေးရွာများအနက် မြိုင်၊ ပခုက္ကူ၊ ရေနံချောင်း၊ ချောက်၊ မကွေး၊ တောင်တွင်းကြီး၊ ဆင်ပေါင်ဝဲ၊ စေတုတ္တရာမြို့နယ်များအတွင်း ကျေးရွာများတွင် Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်က အဝီစိစက်ရေတွင်းများ တူးဖော် လှူဒါန်းခဲ့ပြီး နွေရာသီ လေးလဆက်တိုက် ကားများဖြင့် ရေသယ်ယူ လှူဒါန်းခြင်း၊ မိုးရာသီတွင် ရေကောင်းမွန်စွာ သိုလှောင်နိုင်ရန် ရေကန်တူးဆယ်ခြင်းများ လှူဒါန်းပေးခဲ့သည်။
အယ်လ်နီညိုရာသီဥတုတွင် အပူရှိန် ပြင်းထန်လွန်းမှုကြောင့် သောက်သုံးရေ ရှားပါးမှုများ ဆက်တိုက်ကြုံတွေ့လာမည်ဟု ပညာရှင်များမှ ကြိုတင် ခန့်မှန်းထားခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပင်လယ်ကမ်းနီး ဒေသများဖြစ်သည့် ငပုတောမြို့နယ် လပွတ္တာမြို့နယ်များတွင်လည်း သောက်သုံးရေရှားပါးမှုကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသည်။
ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သောက်သုံးရေရှားပါးမှုမှ ကာကွယ်နိုင်ရန် ကြိုတင်လေ့လာခဲ့သည့် အချက်အလက်များအရ ဧရာဝတီတိုင်းဒေသကြီးအတွင်း အယ်လ်နီညို ရာသီဥတုကြောင့် ပုသိမ်၊ ကန်ကြီးထောင့်၊ ရေကြည်၊ ကျောင်းကုန်း၊ ငပုတော၊ သာပေါင်း၊ ဟင်္သာတ၊ မြန်အောင်၊ အင်္ဂပူ၊ ဇလွန်၊ လေးမျက်နှာ၊ ကြံခင်း၊ အိမ်မဲ၊ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့နယ်များရှိ ကျေးရွာများအနက် ကျေးရွာ ၄၄၅ ရွာ၌ နေထိုင်ကြသော လူဦးရေ ၂၅၀၂၃၂ ဦးအတွက် နေ့စဉ် သောက်သုံးရေဂါလန် ၄၉၈၅၀၉ ဂါလန် မဖြစ်မနေ လိုအပ်လာနိုင်ကြောင်း ခန့်မှန်းခဲ့သော်လည်း လက်တွေ့ ကြုံတွေ့လာချိန်တွင် ခန့်မှန်းတွက်ချက်ခဲ့သည်ထက် ပိုမိုကြုံတွေ့ခဲ့ရသည်။

Most Read

Most Recent