၂၀၁၆ ခုနှစ်အတွင်း လူသိများ ထင်ရှားသည့် အကြောင်းခြင်းရာ တစ်ခုမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြစ်သည်။ ကောင်းသတင်းနှင့် ထင်ရှားသည်တော့ မဟုတ်။ ဖေ့စ်ဘွတ်တွင် ရေးကြပြောကြသည်များကို အရေးခံရသူ သာမက ဘေးမှ မကျေနပ်သူကပါ ကြားဝင် တရားစွဲပေးနိုင်ခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ချုပ်ချယ်သည်ဟု ဆိုကာ ဝေဖန်ခံရလောက်အောင် မကောင်းသတင်းနှင့် ထင်ရှားနေသည်။
■ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၃ ခုနှစ်တွင် ယင်းဥပဒေကို စတင် ပြဋ္ဌာန်းခဲ့သည်။ ဆက်သွယ်ရေး လုပ်ငန်းကိစ္စများအတွက် အဓိက ပြဋ္ဌာန်းထားသော ဥပဒေဖြစ်ပြီး ယင်းဥပဒေ၏ ပုဒ်မ ၆၆ (ဃ) တွင် ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြုပြီး တစ်စုံတစ်ယောက်ကို ခြောက်လှန့်ခြင်း၊ မတရား တားဆီးခြင်း၊ အသရေဖျက်ခြင်း စသည်ဖြင့် ပြုလုပ်ပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ဆက်သွယ်ရေး ဥပဒေ၏ ပုဒ်မ ၈၀ (က) တွင် ဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားသည်။
■ လက်ရှိ အစိုးရ လက်ထက်မှာ ၆၆ (ဃ) ကို ပိုအသုံးပြုလာ
ဆက်သွယ်ရေး ဥပဒေကို အမြန်ဆုံး ပြင်ဆင်ရန်နှင့် ဥပဒေပါ အားနည်းချက်များကို လေ့လာရန် သုတေသန ပြုလုပ်နေသော ပြည်တွင်းမှ ဆက်သွယ်ရေး ဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသော အချက်အလက်များအရ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရမှု ခုနစ်မှု ရှိခဲ့ပြီး ပြစ်ဒဏ် ချမှတ်ခံရသူ ငါးဦး ရှိခဲ့ကြောင်း သိရသည်။ သို့သော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက် ဒီဇင်ဘာ ၉ ရက်အထိ နောက်ဆုံး ရရှိထားသော အချက်အလက်များအရ တစ်နိုင်ငံလုံးတွင် တရားစွဲခံရသည့် အမှုပေါင်း ၄၁ မှု ရှိနေပြီး ပြစ်ဒဏ် ချမှတ်ခံထားရသူ သုံးဦးနှင့် ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၄ ဦး ရှိနေကြောင်း သိရသည်။
■ အစိုးရနှင့် တပ်မတော်ကို ဖေ့စ်ဘွတ်တွင် ဝေဖန်မိရင်
ဆက်သွယ်ရေး ဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရန် လှုပ်ရှားနေသည့် အဖွဲ့မှ သိရသော အချက်များအရ လက်ရှိ အစိုးရ လက်ထက်တွင် ယင်းပုဒ်မဖြင့် တရားစွဲခံရပြီး အချုပ်လွတ် ထုချေခွင့် (အာမခံ) မရဘဲ ထောင်ဒဏ် ချမှတ်ခံရသူ၊ အမှုရင်ဆိုင်နေရသူ ၁၅ ဦး ရှိနေပြီး ထိုသူများသည် တပ်မတော်၊ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်အား ဖေ့စ်ဘွတ်တွင် ဝေဖန်မိသဖြင့် ဖမ်းဆီး အကျဉ်းချခံထားရသူများ ဖြစ်သည်ဟု သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဖေ့စ်ဘွတ်တွင် ပုတ်ခတ်တိုက်ခိုက်သော ပို့စ်များ ရေးသားသဖြင့် တရားစွဲဖမ်းဆီးခံရသော ငဖာ၊ နေလင်းအောင်နှင့် စန္ဒီမြင့်အောင်တို့၏ အမှုများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဖေ့စ်ဘွတ်တွင် သရော်သည့် ပို့စ်များ တင်သည့် ကြက်ဖကြီးအကောင့် ဖြစ်သည်ဟုဆိုကာ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရသော ကိုလှဖုန်းတို့၏ အမှုများမှာ ၂၀၁၆ ခုနှစ်အတွင်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထင်ရှားသော တရားစွဲ၊ ထောင်ချခံရမှုများ ဖြစ်ခဲ့သည်။ ထိုကဲ့သို့ တရားစွဲခံရမှုများနှင့် ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေါ်တွင် ရေးသားမှုများသည် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိဖြင့် ရေးသားသင့်ပြီး အချက်အလက်ဖြင့် ဝေဖန်သင့်သည်ဟု အမြင်များ ရှိနေသလို မည်သို့ပင်ဖြစ်စေ လွတ်လပ်စွာ ပြောရေးဆိုခွင့်၊ ရေးသားခွင့်များကို ကန့်သတ်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းများသည် ဒီမိုကရေစီ စံနှုန်းများနှင့် သွေဖည်နေသည်ဟုလည်း သုံးသပ်မှုများ ရှိနေကြသည်။
■ အာမခံ ဘယ်သူတွေ ရကြလဲ
ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရပြီး အာမခံ မရသော သူများ ရှိနေသလို အာမခံရသော သူများလည်း ရှိနေသည်ဟု သိရသည်။
Facebook ပေါ်တွင် အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာ ထိခိုက်စေသော စာသားများ ရေးသားခဲ့သည်ဟု ဆိုကာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသော THE SAGE ကဝိဂျာနယ်တိုက် ပိုင်ရှင် ဒေါက်တာ စိုးမြင့်သန်းနှင့် မစောကေခိုင်တို့ကို ပဲခူးမြို့နယ် တရားရုံးက ဇူလိုင်လ အတွင်းက အာမခံပေးခဲ့သည်။
ထို့ပြင် ဆင်မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်က ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဆန်းရွှေအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားမှုကိုလည်း ပုသိမ်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၉ ရက် (ပထမ ရုံးချိန်းမှာပင်) အာမခံပေးခဲ့သည်။
ဦးဆန်းရွှေသည် ၎င်း၏ဖေ့စ်ဘွတ် အကောင့်တွင် ဆင်မကျေးရွာ အုပ်ချုပ်ရေးမှူးက ဆင်မကျေးရွာရှိ အရက်ပုန်းဆိုင်များအား အရက်ဆီများကို မယူမနေရ လိုက်လံဖြန့်ဖြူး နေကြောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ တူသားနောင်မယ် ပစ္စည်းဖြစ်၍ ယူပေးရမည်ဟု နာမည် အလွဲသုံးစား ပြုလုပ်နေပါကြောင်း စသည်ဖြင့် ရေးသားခဲ့၍ တရားစွဲခံခဲ့ရခြင်းဖြစ်ကာ ပထမ ရုံးချိန်းမှာပင် အာမခံရရှိခဲ့သည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲခံရသော အမှု ၄၁ မှုအနက် ၁၉ မှု၊ လူဦးရေအားဖြင့် ၂၄ ဦး အာမခံ ရခဲ့ကြသည်။ ထို ၂၄ ဦးသည် လူမှုရေးကိစ္စ အချို့၊ ခြိမ်းခြောက်ပြောဆိုမှု အချို့နှင့် သတင်းအချို့ကို ဖေ့စ်ဘွတ်တွင် ရေးသားဖြန့်ဝေခဲ့သည်ဟု ဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရခြင်း ဖြစ်သည်။ ယင်း ၂၄ ဦးသည် နိုင်ငံတော် အကြီးအကဲများကို စော်ကားသည့် ပို့စ်များ၊ ဝေဖန်သည့် ပို့စ်များ ရေးတင်သဖြင့် တရားစွဲခံရသူများ မဟုတ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
■ တရားစွဲခံနေရဆဲ သတင်းမီဒီယာ သမားများ
၂၀၁၆ ခုနှစ် အတွင်း အထင်ရှားဆုံး ဖြစ်ရပ်မှာ Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့အား ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ဖမ်းဆီးချုပ်နှောင် ခံထားရခြင်းပင် ဖြစ်သည်။ ဝန်ကြီးချုပ် တစ်ဦးက ဒေါ်လာသိန်းချီ တန်သော နာရီကို စီးပွားရေး လုပ်ငန်းရှင် တစ်ဦးထံမှ လက်ဆောင်ရယူသည်ဟု ရေးသားထားသော သတင်းဆောင်းပါးကို ဖေ့စ်ဘွတ်တွင် ဖော်ပြသည်ဟု ဆိုကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က တရားစွဲဆိုထားခြင်း ဖြစ်သည်။ လက်ရှိတွင် အာမခံ မရသေးသည့်အတွက် ထောင်အချုပ်ထဲမှ တရားရင်ဆိုင် နေရသည်။
သတင်းမီဒီယာ သမားများ အနေဖြင့်လည်း သတင်းမီဒီယာ ဥပဒေ ရှိနေသည့် ကြားမှ အကျဉ်းထောင်ထဲသို့ အလွယ်တကူ ဖမ်းထည့်နိုင်သော ပုဒ်မများ၊ ဥပဒေများနှင့် အရေးယူခံနေရမှုများ ရှိနေဆဲ ဖြစ်သည်။
■ ပြင်ဆင်သင့်နေပြီဖြစ်သည့် ဆက်သွယ်ရေး ဥပဒေ
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ကို ဘဝင်မကျဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လွှတ်တော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ လွတ်လပ်စွာ ပြောရေးဆိုခွင့်နှင့် ဒီမိုကရေစီ စံနှုန်းများကို ကန့်သတ်ချုပ်ချယ်သလို ဖြစ်နေသော ပုဒ်မ ၆၆(ဃ) အတွက် သက်ဆိုင်သော ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး တစ်ဦး၏ မှတ်ချက်ပင်ဖြစ်သည်။ သို့သော် ဝိဝါဒ ဖြစ်စရာ အချို့ အချက်အလက်များ ရှိကောင်း ရှိနေဆဲ ဖြစ်သည်။ ရန်ကုန်တိုင်း အစိုးရက Eleven Media Group ကို တရားစွဲဆိုထားမှု၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပဲခူးမြို့မှ မစန္ဒီမြင့်အောင်က ဖေ့စ်ဘွတ်တွင် ပုတ်ခတ်စော်ကားခြင်းတို့ အတွက် အမှုဖွင့်ခံရစဉ် ရဲစခန်းတွင် အစစ်ဆေးခံနေရစဉ်က ပဲခူးမြို့မှ တိုင်းဒေသကြီး ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက တရားလိုအတွက် လာရောက်ဝန်းရံပေးခဲ့ခြင်းမျိုး ရှိခဲ့သည်။
၂၀၁၆ မှာ လူပြောအများဆုံးနှင့် ဝေဖန်စရာ ဖြစ်ခဲ့ရသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)









