ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မြို့၏အဓိက စီးပွားရေး လုပ်ငန်းများရှိသည့် မင်္ဂလာရပ်ကွက်နှင့် မြို့လယ်ရပ်ကွက်ရှိ အိမ်ခြေ ၂၈၀ မီးလောင် ဆုံးရှုံးခဲ့ကာ အိမ်ထောင်စု အများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုမှာ မင်္ဂလာရပ်ကွက်ရှိ ခိုင်သစ္စာ လက်ဖက်ခြောက်ပွဲရုံမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု ကြာမြင့်ချိန်မှာ ၁၇ နာရီခန့်အထိ ကြာမြင့်ခဲ့သည်။
မီးလောင်ကျွမ်းမှုအား လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူမြို့များနှင့် မန္တလေးမြို့တို့မှ မီးသတ်ယာဉ် ၂၁ စီး လာရောက် ငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်ကျွမ်းမှုသည် ပေါ့ဆမီးကြောင့် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက် နံနက် ၇ နာရီအထိ မီးကြွင်းမီးကျန်များကို ငြှိမ်းသတ်ခဲ့ရပြီး တပ်မတော်ဘက်မှလည်း ဝင်ရောက်ကူညီ ငြှိမ်းသတ်ပေးခဲ့သည်။
နမ့်ဆန်မြို့သည် ပင်မလမ်းမကြီး တစ်ခုသာရှိသော တောင်ပေါ်မြို့ ဖြစ်သောကြောင့် မီးသတ်ကားများ ဝင်ရောက် မီးငြှိမ်းသတ်နိုင်ရန် အခက်အခဲများစွာ ရှိခဲ့သဖြင့် မီးလောင်ကျွမ်းမှုမှာ ထင်မှတ်မထားသည်ထက် ပိုမိုများပြားခဲ့ခြင်းလည်း ဖြစ်သည်။









