တောင်သမန်အင်းတွင် ၂၀၀၈ ခုနှစ် နောက်ပိုင်း ရှစ်နှစ်တာ ကာလအတွင်း ဦးပိန်တံတားမြုပ်သည်အထိ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည်။
ဧရာဝတီမြစ် ရေမြင့်တက်မှုကြောင့် မြစ်ကမ်းတစ်လျှောက်နှင့် အနိမ့်ပိုင်းကျသည့် ကျေးရွာများနှင့် ရပ်ကွက်များတွင် ရေဝင်နစ်မြုပ်မှုကြောင့် ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ပြောင်းရွှေ့ နေထိုင်ရခြင်း၊ စစ်ကိုင်း-မန္တလေးကားလမ်း ရေကျော်မှုကြောင့် အသွားလမ်းပိုင်းအား ပိတ်ထားရခြင်းနှင့် တောင်သမန်အင်း ရေထိန်းတံတားကို သြဂုတ် ၁ ရက်တွင် ဖွင့်ချခဲ့ရသဖြင့် အင်းရေမှာ တံတားမြုပ်သည်အထိ ရောက်ရှိမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီမြစ်ရေသည် မန္တလေးမြို့ စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်တွင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ဦးပိန်တံတားအမှတ် ၂၂၀ မှ ၃၄၀ အထိ အရှည်ပေ ၂၀၀ ခန့်တွင် တံတားကြမ်းခင်း အထက် တစ်ပေခန့် ကျော်လွန် ရောက်ရှိခဲ့ခြင်းကြောင့် တံတားပေါ်သို့ ဖြတ်သန်းခွင့်ကို ပိတ်ပင်ခဲ့ရပြီး သြဂုတ် ၈ ရက်တွင်မူ ပုံမှန်ဖြတ်သန်းသွားလာမှုကို ပြန်လည် ခွင့်ပြုခဲ့သည်။
ဦးပိန်တံတားမြုပ်သည်အထိ ရေဝင်ရောက်မှုမှာ ၁၉၈၈ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၄ ခုနှစ်က တစ်ကြိမ်နှင့် ၂၀၀၈ ခုနှစ်က တစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး အင်းနှင့် ဆက်စပ်လျက်ရှိသော ဧရာဝတီမြစ်ပေါက် ရေထိန်းတံခါး ငါးပေါက်အား အလုံပိတ်ကာ ငါးမွေးမြူမှုများကြောင့် ယခုကဲ့သို့ တံတားမြုပ်သည်အထိ ရေဝင်ရောက်မှု မရှိတော့သည်မှာ ဆယ်စုနှစ်တစ်ခုခန့် ရှိပြီဖြစ်သည်။









