၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ကချင်ပြည်နယ် ဖားကန့်ဒေသ၌ အရည်အသွေး မြင့်မားပြီး တန်ချိန် ၂၁၀ ခန့်ရှိသည့် ကျောက်စိမ်း အရိုင်းတုံးကြီးအား တူးဖော် တွေ့ရှိခဲ့မှုမှာ ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော သတင်းများအနက် ထင်ရှားသော သတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။
အဆိုပါ ကျောက်စိမ်း အရိုင်းတုံးကြီးအား ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မက်လင်ချောင်ကျေးရွာ အနီးရှိ ရတနာတောင်တန်း ကျောက်မျက်ကုမ္ပဏီ အကျိုးတူ လုပ်ကွက်အမှတ် (၂) တွင် တူးဖော် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဖားကန့်မှ ထွက်ရှိသည့် ကျောက်စိမ်းများအနက် ယင်းကျောက်စိမ်း အရိုင်းတုံးမှာ မြန်မာတွင်သာမက ကမ္ဘာတွင်လည်း ဒုတိယ အကြီးဆုံး ကျောက်စိမ်း အရိုင်းတုံးကြီး ဖြစ်ဖွယ်ရှိကြောင်း ကျောက်မျက်လုပ်ငန်းရှင်များက ဆိုကြသည်။ ယင်းကျောက်စိမ်းအရိုင်းတုံးမှာ အလေးချိန်အားဖြင့် တန် ၂၁၀ ရှိပြီး ၎င်းမှ ပဲ့ထွက်သွားသော တန်ချိန် ၄၀ ခန့်ရှိ အခြမ်းအား လုံးခင်း ကျောက်စိမ်းတူးဖော်ရေး ဌာနသို့ သယ်ဆောင်သွားပြီး ဖြစ်သော်လည်း ကျန်အပိုင်းမှာ သယ်ယူရန် အခက်အခဲကြောင့် လက်ရှိအချိန်အထိ လုပ်ကွက်တွင် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ဖားကန့်ဒေသမှ ထွက်ရှိသည့် အကြီးဆုံးကျောက်စိမ်း အရိုင်းတုံးကြီးအဖြစ် ၂၀၀၁ ခုနှစ် ဇူလိုင်လတွင် ပတ္တမြားနဂါးကုမ္ပဏီ နမ့်မှော်လုပ်ကွက် မြေအောက်ပေ ၄၀ ခန့်မှ အလျားပေ ၇၀၊ အကျယ် ၁၆ ပေ၊ အမြင့် ၃၅ ပေ (အလေးချိန် တန် ၃၀၀၀ ခန့်)ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး တွေ့ရှိခဲသော်လည်း ၎င်းမှာ ကိုယ်ထည်တစ်ခုလုံး ကျောက်စိမ်းအမျိုး မဟုတ်ဘဲ ကျောက်မဟုတ်သည့် အပြစ်အနာအဆာများစွာ ပါရှိကာ ဘူမိဗေဒအတွက် လေ့လာရန် သက်သက်သာ ဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်တွင် တွေ့ရှိခဲ့သည့် ကျောက်စိမ်းအရိုင်းတုံးကြီးအား နိုင်ငံတော်မှ တွင်းဝခွန်ကောက်ခံရန် ကျပ်သန်း ၇၀၀၀ ကျော်ဖြင့် တန်ဖိုးဖြတ်ခဲ့ပြီး ယင်းအပေါ်တွင် အခွန်အဖြစ် ရာခိုင်နှုန်း ၂၀ ကောက်ခံထားကြောင်း၊ ထို့နောက်တွင် ရောင်းချရသည့်အပေါ် မူတည်၍ အခွန်ထပ်မံ ရရှိမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းလက်အောက်ရှိ တန်ဖိုးဖြတ်အဖွဲ့ (ဖားကန့်) မှ ပြောကြားသည်။
အဆိုပါကျောက်မှာ အကျိုးတူ ကုမ္ပဏီမှ ထွက်ရှိခြင်းဖြစ်သည့်အတွက် နေပြည်တော် ကျောက်မျက်ပြပွဲတွင်သာ ရောင်းချခွင့်ရှိမည် ဖြစ်ပြီး တွင်းဝခွန်အပြင် ရောင်းရသည့် တန်ဖိုးအပေါ် မူတည်၍ နိုင်ငံတော်မှ အထူးကုန်စည်ခွန်အဖြစ် ရာခိုင်နှုန်း ၂၀ ကောက်ခံပြီးနောက်တွင် ကုမ္ပဏီနှင့် အကျိုးတူခွဲဝေမှု အတွက် နိုင်ငံတော်မှ ၂၅ ရာခိုင်နှုန်း ထပ်မံ ရရှိမည်ဖြစ်ကာ ကုမ္ပဏီမှ ၇၅ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။
ဖားကန့်ဒေသမှ အရည်အသွေး မြင့်မားသည့် တန်ချိန် ၂၁၀ ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး တူးဖော်တွေ့ရှိမှု









