စစ်ကိုင်းစက်မှုဇုန်ရှိ MVPPL သစ်အချောထည် စက်ရုံတွင် အလုပ်သမား ၁၆၁ ဦး ဥပဒေမဲ့ အလုပ်ထုတ်ခံရမှုအား နှစ်လကျော်ကြာ ထိုင်သပိတ် ပြုလုပ်ခဲ့သော်လည်း ဖြေရှင်းပေးခြင်း မရှိသောကြောင့် အစိုးရသစ်တက်ပြီးနောက် ပထမဆုံး ချီတက်ဆန္ဒပြမှု အဖြစ် စစ်ကိုင်းမြို့မှ နေပြည်တော်သို့ ဧပြီ ၂၉ ရက်တွင် စတင်လမ်းလျှောက် ဆန္ဒထုတ်ဖော်သည့် အလုပ်သမား သပိတ်စစ်ကြောင်းမှာ မေ ၁၈ ရက်တွင် တပ်ကုန်းမြို့အဝင် ညောင်လွန်ဂိတ် လမ်းနံဘေး၌ မြို့တော်ဝန်အလာကို စောင့်ဆိုင်းနေစဉ် ပါဝင်သူအားလုံးကို ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးခြင်းခံခဲ့ရသည်။
အဆိုပါ Myanmar Veneor & Plywood Private Ltd. (MVPPL) သစ်အချောထည် စက်ရုံတွင် အိန္ဒိယလူမျိုး နိုင်ငံခြားသားများ အုပ်ချုပ်နေခြင်းကြောင့် စက်ရုံဝန်ထမ်း အလုပ်သမားများနှင့် မကြာခဏ ပြဿနာဖြစ်ပေါ်ခြင်းအပြင် အလုပ်သမား ၁၆၁ ဦးကို ဥပဒေမဲ့ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းကြောင့် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်လျက်ရှိရာမှ ဧပြီ ၆ ရက်တွင် စစ်ကိုင်းမြို့အနှံ့ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိသည့်အတွက် နေပြည်တော်ရှိ သမ္မတရုံးအထိ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဦးဆောင်သူများက ပြောကြားသည်။
MVPPL သစ်အချောထည်စက်ရုံ အလုပ်သမားများမှာ အလုပ်သမားသမဂ္ဂအား ဖြိုခွင်းခဲ့သည့် အလုပ်ရှင်အား အရေးယူပေးရန်၊ အလုပ်ထုတ်ခံရသူများ ပြန်ခန့်ပေးရန်၊ အလုပ်ထုတ်ခံရသည့် ကြားကာလအတွက် နစ်နာကြေးပေးရန်၊ ဆန္ဒထုတ်ဖော်သည့်အတွက် အရေးယူခြင်း မပြုရန်စသည့် အချက်များကို အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရသုံးပွင့်ဆိုင် ဖြေရှင်းရန် တောင်းဆိုချက်များဖြင့် နေပြည်တော် သမ္မတရုံးအထိ ချီတက် ဆန္ဒထုတ်ဖော်ခဲ့သည်။
လမ်းတစ်လျှောက်တွင် အလုပ်သမား ဝန်ကြီးဌာနမှ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း တောင်းဆိုမှုများကို လိုက်လျောပေးခြင်း မရှိခြင်း၊ အလုပ်သမား သပိတ်စစ်ကြောင်းအား အစိုးရအာဏာပိုင် အဖွဲ့အစည်းမှ ဖိအားပေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြည်ထောင်စုအစိုးရ၏ တိုက်ရိုက်ညှိနှိုင်း ဖြေရှင်းပေးမှုအား ခံယူနိုင်ရန်အတွက် ဆက်လက်ချီတက်ခဲ့ရာ နေပြည်တော် တပ်ကုန်းမြို့ဝင် ဂိတ်အရောက် မေ ၁၈ ရက်တွင် သပိတ်စစ်ကြောင်းနှင့် ဝန်းရံကျောင်းသား စုစုပေါင်း ၆၆ ဦးကို ဖြိုခွင်းကာ ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မေ ၁၉ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် တပ်ကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။
မေ ၃၁ ရက်တွင် ကျား ၂၂ ဦး၊ မ ၁၄ ဦး၊ စုစုပေါင်း အလုပ်သမား ၃၆ ဦးအား ကျင့်ထုံးဥပဒေပုဒ်မ ၁၆၉ အရ ပြန်လွှတ်ပေးခဲ့ပြီး ကျန်အလုပ်သမား ခေါင်းဆောင်များနှင့် ဝန်းရံကျောင်းသား ၁၅ ဦးကို ပုဒ်မလေးခုဖြင့် ဆက်လက် တရားစွဲဆိုခဲ့ရာ အလုပ်သမားများနှင့် ဝန်းရံကျောင်းသားများမှာ တရားရုံး၏ စစ်ဆေးခြင်းကို လက်မခံဘဲ ဆက်လက် သပိတ်မှောက်ခဲ့ခြင်းကြောင့် တရားရုံး မထီမဲ့မြင်မှု ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၈၀ (၁) ဖြင့် ဒဏ်ငွေကျပ် ၅၀၀၀ ပေးဆောင်ရန် သို့မဟုတ် ထောင်ဒဏ်တစ်လကျခံစေရန် တပ်ကုန်းမြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့ပြီး အလုပ်သမားများက ဒဏ်ငွေ ပေးဆောင်ခြင်း မပြုဘဲ ထောင်ဒဏ်တစ်လ ကျခံခဲ့ပြီး အောက်တိုဘာ၂၄ ရက်တွင် အလုပ်သမားခေါင်းဆောင်များနှင့် ဝန်းရံကျောင်းသား ၁၅ ဦးအနက် ၁၂ ဦးအား နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ်ငါးလ ချမှတ်ခဲ့ပြီး အလုပ်သမနှစ်ဦးနှင့် ကျောင်းသူတစ်ဦးမှာ ချုပ်ရက်ဖြင့် လွတ်မြောက်ခဲ့သည်။
အမိန့်ချမှတ်ချိန်တွင် အလုပ်သမားများနှင့် ဝန်းရံကျောင်းသားများမှာ ချုပ်ရက်ငါးလနှင့် ခြောက်ရက်ရှိနေပြီ ဖြစ်သော်လည်း ကျင့်ထုံး ၄၀၈ (၁) ဖြင့် ထောင်ဒဏ်တစ်လ ကျခံထားရသည့်အတွက် ရက် ၂၀ ခန့် ထောင်ဒဏ် ဆက်လက်ကျခံခဲ့ရပြီး နိုဝင်ဘာ ၁၁ ရက်တွင် ရမည်းသင်းထောင်မှ ပြစ်ဒဏ်စေ့၍ ပြန်လည် လွတ်မြောက်ခဲ့သည်။ ယင်းနောက် အလုပ်သမားများမှာ တောင်းဆိုထားသည့် အချက်လေးချက်ကို ထပ်မံ တောင်းဆိုသွားမည်ဖြစ်ကြောင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သပိတ်စစ်ကြောင်းနှင့် ပါဝင်ချီတက်သူများမှာ ညနေပိုင်းတွင် မန္တလေးဘုရားကြီး၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။
အစိုးရသစ်လက်ထက်တွင် ပထမဆုံး ဖြိုခွင်းဖမ်းဆီးခဲ့ရသော စစ်ကိုင်းအလုပ်သမားသပိတ်









