၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မြို့လယ်ကောင်တွင် နေ့ခင်းကြောင်တောင် သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်မှုများ အပါအဝင် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်သော လုယက်မှု အများအပြား ဖြစ်ပွားခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်မြို့ အတွင်း၌ ဖြစ်ပွားခဲ့သည့် လုယက်မှုများအနက် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ်ရှိ M.S Group Money Changer သို့ အမျိုးသား နှစ်ဦးက သေနတ်တစ်လက်ကိုင်ဆောင် ပစ်ဖောက်ပြီး ငွေများ လုယူသွားသည့် ဖြစ်စဉ်မှာ ပြည်သူများအကြား အထိတ်တလန့်ဖြစ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။
အဆိုပါ အမျိုးသား နှစ်ဦးမှာ ယင်းငွေလဲကောင်တာအတွင်း ဝင်ရောက်ပြီး သေနတ်ပစ်ဖောက်ကာ ငွေများလုယူ ထွက်ပြေးကာ ခရီးသည်တင် (၅၁) ယာဉ်ပေါ်သို့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး ယင်းအမျိုးသား နှစ်ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ယင်းအမျိုးသားနှစ်ဦး အသုံးပြုခဲ့သည့် သေနတ်မှာ လေပေါင်အသုံးပြု၍ ပစ်ရသည့် လေသေနတ်ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူ တစ်ဦးက “လေသေနတ်ဖြစ်ဖြစ် အဲဒီလို လူစည်ကားတဲ့ နေရာမှာ လုပ်သွားတာတော့ ကျွန်တော်တို့လို ပြည်သူတွေအတွက် အရမ်းကို စိုးရိမ်စရာ ကောင်းပါတယ်။ အဲဒီလိုမျိုး မထင်မရှား ဖွင့်ထားတဲ့ ငွေလဲကောင်တာတွေ အတွက်လည်း ပိုမိုပြီး လုံခြုံရေးကို ဂရုစိုက်ရမယ့် ပုံပါ။ ဒီလို ဖြစ်တာက လူတွေပဲ စီးပွားရေး အကျပ်အတည်း ဖြစ်တာလား။ တခြား ကျွန်တော် မသိရတဲ့ ကိစ္စတွေလား ဆိုတာ စဉ်းစားစရာပါ” ဟု ပြောကြားသည်။
ထိုသို့ နိုင်ငံခြား ငွေလဲကောင်တာအား လုယက်ခဲ့သည့် ဖြစ်စဉ်မှာ ရန်ကုန်မြို့တွင် ဒုတိယ အကြိမ်မြောက် လူသိများသည့် ဖြစ်စဉ်ဖြစ်ပြီး ပထမ အကြိမ်မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်း ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ ငွေလဲကောင်တာ တစ်ခုအား လူလေးဦးခန့်က ယာဉ်တစ်စီးဖြင့် လာရောက်ပြီး ယင်းဆိုင်ရှိ ဝန်ထမ်းများအား ရိုက်နှက်ကာ ကျပ်သိန်း ၃၅၀ ခန့် လုယူသွားသည့် ဖြစ်စဉ် ဖြစ်ခဲ့ဖူးကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီခန့်ကလည်း ကျောက်တံတားမြို့နယ် အတွင်းရှိ ဆိုင်တစ်ဆိုင်သို့ အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးအား လက်သည်းညပ်သည့် ဓားဖြင့်ထောက်ကာ ဆိုင်အတွင်းရှိ လက်ဝတ် ရတနာများ ယူဆောင်ထွက်ပြေးသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွင်း ထိုသို့သော နိုင်ငံခြားငွေလဲ ကောင်တာအား လုယက်ခဲ့သည့် ဖြစ်စဉ်များ သာမက အုပ်စုဖွဲ့ လုယက်မှုနှင့် တုတ်၊ ဓားများကိုင်ဆောင်ကာ လုယက်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ လုယက်မှုများတွင် လူငယ် အများအပြား ပါဝင်နေကြောင်း သိရသည်။
အုပ်စုဖွဲ့ လုယက်မှုများတွင် လူငယ်များ ပါဝင်ခဲ့သည့် ဖြစ်စဉ် တစ်ခုမှာ ဇန်နဝါရီ ၁ ရက် ည ၁၀ နာရီခန့်က မနိုင်နိုင်မြင့်သည် ညီမဖြစ်သူနှင့်အတူ အလုပ်မှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ရွှေပြည်သာမြို့နယ် အမှတ် (၆) ရပ်ကွက်မြို့ဦး စေတီဘုရား ရှေ့ဘက်မုခ် အရောက်တွင် ဆိုင်ကယ်စီးနင်းလာသည့် လူငယ်လေးဦးက မနိုင်နိုင်မြင့်နှင့် ၎င်း၏ညီမ စီးနင်းလာသည့် ဆိုင်ကယ်ရှေ့မှ ရပ်ပြီး Huawei 610 လက်ကိုင်ဖုန်း တစ်လုံးနှင့် ပိုက်ဆံအိတ် နှစ်လုံး လုယူသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ထိုသို့ လုယူသွားသဖြင့် ၎င်းတို့နှစ်ဦးက အော်ဟစ်အကူအညီ တောင်းသဖြင့် လှည့်ကင်းတပ်ဖွဲ့ဝင်များ၊ လှည့်ကင်းယာဉ်များနှင့် ရပ်ကွက်နေ ပြည်သူများက ပူးပေါင်းဖမ်းဆီးရာ ရွှေပြည်သာမြို့နယ် အမှတ် (၈) ရပ်ကွက်၊ နဝရတ်လမ်းနှင့် ဦးဥတ္တမလမ်းထောင့် အရောက်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လအလိုက် လုယက်မှုများ အနေဖြင့် ဇန်နဝါရီတွင် ငါးမှု၊ ဖေဖော်ဝါရီတွင် လေးမှု၊ မတ်တွင် သုံးမှု၊ ဧပြီတွင် ငါးမှု၊ မေတွင် နှစ်မှု၊ ဇွန်တွင် ၁၁ မှု၊ ဇူလိုင်တွင် လေးမှု၊ သြဂုတ်တွင် နှစ်မှု၊ စက်တင်ဘာတွင် သုံးမှု၊ အောက်တိုဘာတွင် လေးမှု၊ နိုဝင်ဘာတွင် သုံးမှုဖြင့် စုစုပေါင်း ၄၆ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့လယ် နေ့ခင်းကြောင်တောင် သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်မှု အပါအဝင် အများပြည်သူအပေါ် ခြိမ်းခြောက်နေသည့် လုယက်မှု ဖြစ်စဉ်များ









