နိုင်ငံအနှံ့ အောင်မြင်မှု ရရှိခဲ့သည့် တေးသံရှင် မနောနှင့် ဗိုလ်အောင်ဒင်

နိုင်ငံအနှံ့ အောင်မြင်မှု ရရှိခဲ့သည့် တေးသံရှင် မနောနှင့် ဗိုလ်အောင်ဒင်
Published 25 December 2016

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ ပြုလုပ်သည့် အလှူမင်္ဂလာပွဲများ၊ ကထိန်ပွဲများ၌ အဖွင့်အများဆုံး တေးသီချင်း တစ်ပုဒ်ဖြစ်ခဲ့ကာ နိုင်ငံအနှံ့ ပျံ့နှံ့မှုရှိခဲ့သည့် ဗိုလ်အောင်ဒင် တေးသီချင်းနှင့် ၎င်းတေးသီချင်းပိုင်ရှင် တေးသံရှင် မနောတို့ကို ၂၀၁၆ ခုနှစ်အတွင်း ထင်ရှားသည့် အနုပညာ ဖန်တီးမှုတစ်ခုအဖြစ် ရွေးချယ် ဖော်ပြအပ်ပါသည်။
တေးစီးရီးအဖြစ် ထွက်ရှိခြင်း မဟုတ်ဘဲ တေးသံရှင်မနော၏ လူမှုကွန်ရက်စာမျက်နှာထက်တွင် ဗိုလ်အောင်ဒင် သီချင်းအား လွှင့်တင်ထားခဲ့ရာမှ လက်ဆင့်ကမ်း ဝေမျှနားဆင်သူ များပြားခဲ့ပြီးနောက် မြန်မာနိုင်ငံ အနှံ့အပြားတွင် အများဆုံး ဖွင့်လှစ်နားဆင်ခဲ့ကြသည့် တေးသီချင်း တစ်ပုဒ်လည်း ဖြစ်သည်။ တေးသံရှင်မနောသည် ဂီတလောက အတွင်းသို့ စတင် ဝင်ရောက်လာစဉ်က Slow Rock နှင့် အော်လ်တာနေးတစ် ဂီတအမျိုးအစားများ သီဆိုကာ စတင်ဝင်ရောက်ခဲ့ပြီး ပရိသတ် အသိနည်းခဲ့သော်လည်း ယခုနှစ်သင်္ကြန်တွင် ‘မိချော’ တေးသီချင်းဖြင့် ပရိသတ် စတင်သိရှိလာခဲ့သည်။ ထို့နောက် ဗိုလ်အောင်ဒင်၊ ကြာဖြူ၊ ညနေနေရီရီ သီချင်းများဖြင့် ပရိသတ် အားပေးမှု အများအပြား ရရှိခဲ့သူဖြစ်သည်။
“ကျွန်တော့်ရဲ့ ဗိုလ်အောင်ဒင် သီချင်းက အွန်လိုင်းမှာ ဒီအတိုင်းတင်ထားတဲ့ သီချင်းပါ။ ဒီအခွေလေးက လုပ်နေတာတော့ကြာပြီ။ အခွေအနေနဲ့ မထွက်ခင်မှာ တင်ထားပေးရင်းနဲ့ ပျံ့နှံ့သွားတာပါ။ အခုလို ဗိုလ်အောင်ဒင် သီချင်းက အောင်မြင်ပျံ့နှံ့သွားတဲ့အတွက် ဝမ်းသာပါတယ်။ ဒီမြန်မာသံစဉ်ခွေကို အမြန်ဆုံး ထွက်နိုင်အောင် ကြိုးစားနေပါတယ်” ဟု တေးသံရှင်မနောက ဆိုသည်။

Most Read

Most Recent