၂၀၁၆ ခုနှစ် မေမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် နန်းယွန်းမြို့နယ် ကဲဆန်ဆာလင်ကျေးရွာ၊ ကဲဆန်ကားလန်ကျေးရွာ၊ ကဲဆန်လောင်ကျန်ကျေးရွာ၊ ရှိတ်ညိုကျေးရွာ၊ ပွန်ရှိန်းကျေးရွာနှင့် လဟယ်မြို့နယ် ထန်ခေါ်လားမားကျေးရွာ၊ ယမ်းကြုံးကျေးရွာ၊ ထန်ခေါ်နောက်ကုန်း ကျေးရွာတို့တွင် ဝက်သက်ရောဂါ အစုလိုက် ဖြစ်ပွားမှုများ ရှိခဲ့ပြီး လူသေဆုံးမှု အများအပြား ရှိခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်၏ ထင်ရှားကျော်ကြား ဖြစ်ရပ်များတွင် တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။
ကူးစက်ရောဂါများကို ၂၀၁၆ ခုနှစ် မေလကတည်းက ဖြစ်ပွားမှု ရှိခဲ့သော်လည်း သြဂုတ်တွင် ရောဂါကူးစက်မှုနှုန်း စတင် ပြင်းထန်ခဲ့သည်။ ထိုစဉ်က ကျေးရွာများတွင် အမည်မသိ ကူးစက်ရောဂါဟုသာ သိကြပြီး ရောဂါကြောင့် သေဆုံးသူဦးရေ တဖြည်းဖြည်း များခဲ့သည်။ နာဂဒေသတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် အကူအညီများကို အလျင်အမြန် မရရှိခဲ့ပေ။
နာဂလူမှု အဖွဲ့အစည်းများက အစိုးရထံ အကူအညီများပေးရန် အကြိမ်ကြိမ် ပြောဆိုမှုများ ရှိခဲ့သော်လည်း ထိုစဉ်က ထိရောက်သည့် တာဝန်ယူမှုများ မရှိခဲ့သည့် အတွက် အခြား ပြည်ပ လူမှုအဖွဲ့အစည်းများသို့ အကူအညီ တောင်းခံခဲ့ရပြီး အကူအညီပေးမည့် အဖွဲ့အစည်းများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဝင်ရောက်ခွင့် ငြင်းဆန်ခဲ့သည်ဟု နာဂ လူမှုအဖွဲ့အစည်းများ၏ ပြောကြားချက်များအရ သိရသည်။
နောက်ဆုံး ရရှိထားသည့် သတင်းများအရ နာဂဒေသတွင် ကူးစက်ရောဂါများကြောင့် သေဆုံးသူဦးရေ ကလေးလူကြီး စုစုပေါင်း ၉၀ ကျော် ရှိခဲ့သည်ဟု နာဂဒေသရှိ လူမှုအဖွဲ့အစည်းများထံမှ သိရသည်။
နောက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ယူ စေလွှတ်သည့် ကျန်းမာရေး ဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခဲ့ပြီး အရေးပေါ် အစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးခြင်းများ လုပ်ဆောင်ခဲ့ရာ ဝက်သက်ရောဂါ အစုလိုက် ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ထိုဒေသတွင် ကုသရေး၊ ကာကွယ်ဆေးထိုးနှံရေး အပါအဝင် ကျန်းမာရေးဆိုင်ရာ ရေတိုရေရှည် လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
ကလေးသူငယ်များ အပါအဝင် အသက်အရွယ် ကြီးရင့်သူများကိုပါ ကူးစက်ဖြစ်ပွားမှုများ ရှိခဲ့ရာ နာဂဒေသတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့ရခြင်း၊ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု အားနည်းခြင်း၊ ကျန်းမာရေး ဝန်ထမ်းများ မရှိခြင်း၊ ကျေးလက်ဆေးပေးခန်းများ မရှိသလောက် နည်းပါးခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာများ လုံလောက်မှု မရှိခြင်း၊ ကျန်းမာရေး အသိပညာပေးမှု အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်း ခက်ခဲခြင်းများကြောင့် ရောဂါများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း နာဂလူမှုအဖွဲ့အစည်းများက ပြောကြားသည်။
နာဂဒေသတွင် ဝက်သက်ရောဂါ အစုလိုက် ဖြစ်ပွားမှုအပြင် ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော စသည့် အခြား ကူးစက်ရောဂါများလည်း ဖြစ်ပွားမှုများ ရှိခဲ့သည်ဟု သိရသည်။
သြဂုတ်လ အတွင်းက နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဖြစ်ပွားခဲ့သော ကူးစက်ရောဂါ အခြေအနေ၊ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှု အခက်အခဲ ကြုံတွေ့နေရခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကိုလည်း ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။ ထို သတင်းစာ ရှင်းလင်းပွဲတွင် ကူးစက်ရောဂါ ဖြစ်ပွားနေသည့် နာဂဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် စားနပ်ရိက္ခာ ခေါင်းပါးခြင်း ဘေးဒဏ် ကြုံတွေ့ရလေ့ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှု အားနည်းခြင်း၊ အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းများ အချိန်မီ သယ်ယူပို့ဆောင်နိုင်သည့် စနစ် မရှိခြင်း၊ အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အလက် ဖြန့်ဝေနိုင်သည့် စနစ်မ ရှိခြင်း၊ အောက်ခြေ အဆင့်တွင် အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးအတွက် စနစ်တကျ ဖွဲ့စည်းလုပ်ဆောင်သည့် ယန္တရား မရှိခြင်း၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ပေးရန် ထိထိရောက်ရောက် ကူညီပေးနိုင်မှု မရှိခြင်းများ ကြုံတွေ့နေရကြောင်း ရှင်းလင်းပြောကြားသည်။
ထိုသတင်းစာ ရှင်းလင်းပွဲတွင် အဓိကအားဖြင့် နာဂဒေသသို့ အရေးပေါ် တုံ့ပြန်ရေး အစီအစဉ်များ အမြန်ဆုံး လုပ်ဆောင်ပေးရန်၊ မြန်ဆန်ထိရောက်သည့် သယ်ယူပို့ဆောင်ရေး စနစ်များ ဖန်တီးပေးရန်၊ ကျန်းမာရေး ဆေးအဖွဲ့များ ရွာများသို့ အမြန်ဆုံးရောက်နိုင်အောင် ကူညီပေးရန် တောင်းဆိုခဲ့ပြီး အခြား အချက်များ ပါဝင်သည့် တောင်းဆိုချက်များကိုလည်း သဘောထား ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန် တောင်းဆိုခဲ့သည်။
သဘောထား ထုတ်ပြန်ချက်တွင် အစိုးရ အနေဖြင့် နာဂဒေသရှိ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာရေးအတွက် အစိုးရမှ လက်ရှိ ကူးစက်ရောဂါ ဖြစ်ပွားနေသော နာဂဒေသရှိ ကျေးရွာများတွင် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ အစိုးရမှ ဦးဆောင်၍ ရောဂါဖြစ်ပွားနေသည့် ကျေးရွာများတွင် အဓိက (အရေးပေါ်) လိုအပ်လျက် ရှိသည့် အစာအာဟာရနှင့် ဆေးဝါးများ အချိန်မီ ထောက်ပံ့ပေးနိုင်ရေးအတွက် ကြုံတွေ့နေရသည့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကို ဖြေရှင်းပေးရန် ဥပမာ-ရဟတ်ယာဉ်များ အသုံးပြုနိုင်ရေး ညှိနှိုင်းစီစဉ်ပေးခြင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် အစိုးရဌာနများ အနေဖြင့် အကူအညီပေးရန် အဆင်သင့် စောင့်ဆိုင်းနေသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသခံ လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူသားချင်း စာနာသည့် အထောက်အပံ့ ပေးနိုင်ရေး အတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန် ထို သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။
ထို့ပြင် နာဂဒေသတွင် ကူးစက်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့နိုင်ရေးအတွက် တိုင်းရင်းသား လူငယ်များက တေးသီချင်းများ သီဆိုပြီး အလှူငွေ ကောက်ခံခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည်။
လက်ရှိတွင် နာဂဒေသ၌ ဝက်သက်ရောဂါ အစုလိုက် ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း ယင်းဒေသရှိ ပြည်သူများမှာ ကျန်းမာရေး စောင့်ရှောက်မှုကို များစွာ လိုအပ်နေဆဲ ဖြစ်သည့်အတွက် ၂၀၁၆ ခုနှစ်၏ ထင်ရှားကျော်ကြား ကဏ္ဍတွင် ပြန်လည် ဖော်ပြအပ်ပါသည်။









