၂၀၀၈ ငါးလောင်းပြိုင် လူသတ်မှုကို ပြန်လည် အမှတ်ရစေခဲ့သော လေးလောင်းပြိုင် လူသတ်မှုနှင့် တရားဥပဒေ စိုးမိုးရေး စိန်ခေါ်နေသည့် လူသတ်မှုများ

၂၀၀၈ ငါးလောင်းပြိုင် လူသတ်မှုကို ပြန်လည် အမှတ်ရစေခဲ့သော လေးလောင်းပြိုင် လူသတ်မှုနှင့် တရားဥပဒေ စိုးမိုးရေး စိန်ခေါ်နေသည့် လူသတ်မှုများ
Published 25 December 2016
မင်းသိန်းနိုင်၊ သန့်ဇင်ကျော်

ယနေ့ အချိန်အထိ ပြောဆို ဝေဖန်စရာအဖြစ် ရှိနေခဲ့သည့် မူခင်းဖြစ်စဉ် တစ်ခုမှာ ၂၀၀၈ ခုနှစ် အတွင်းက ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာ လမ်းသွယ်ရှိ ခြံတစ်ခြံတွင် မိသားစုဝင် ငါးဦး သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်ပင် ဖြစ်သည်။
အဆိုပါ ငါးလောင်းပြိုင် လူသတ်မှုမှာ ယခုနှစ် ၂၀၁၆ ဒီဇင်ဘာ ဆိုပါက ရှစ်နှစ်နှင့် ကိုးလကျော်ပြီ ဖြစ်သော်လည်း ကျူးလွန်သူ မည်သူမည်ဝါ မသိရဘဲ ရဲတပ်ဖွဲ့ အနေဖြင့်လည်း စုံစမ်းဆဲ အဆင့်မှာပင် ရှိနေဆဲ ဖြစ်သည်။
ငါးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်ကို ရှစ်နှစ်ကျော် အကြာတွင် ပြန်လည် အမှတ်ရစေခဲ့သည့် ဖြစ်စဉ် တစ်ခုသည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပတ္တမြားမြို့သစ်တွင် မိသားစု လေးဦး အသတ်ခံရသည့်ဖြစ်စဉ် တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည်။
၂၀၁၆ ခုနှစ် သြဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က စစ်ဆေးရာ ပတ္တမြားမြို့သစ်၊ မြအေးချမ်းလမ်းသွယ် (၂) နဝရတ်လမ်းထောင့်ရှိ နေအိမ် တစ်အိမ်တွင် အဆိုပါ လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားမှုကို ဆက်လက်စစ်ဆေးရာ အဆိုပါ နေအိမ်အတွင်း ရဲအရာရှိဟောင်း ကိုစိုးနောင်မှာ ထိုးသွင်းဒဏ်ရာ လေးချက်၊ ဇနီးဖြစ်သူ မချယ်ရီပွင့်တွင် ထိုးသွင်းဒဏ်ရာ ရှစ်ချက်၊ သားကြီးဖြစ်သူ မောင်ဟန်သူရ (၁၃) နှစ်တွင် ထိုးသွင်းဒဏ်ရာ ငါးချက်၊ သားငယ်ဖြစ်သူ မောင်စွမ်းထက်မြတ် (၈) နှစ်တွင် ထိုးသွင်းဒဏ်ရာ သုံးချက်ဖြင့် ရက်စက်စွာ အသတ်ခံထားရသည်ကို တွေ့ရကြောင်း သိရသည်။
ထိုသို့ မိသားစုဝင် လေးဦး အသတ်ခံရမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ မချယ်ရီပွင့်၏ ဖုန်းအတွင်းမှ နေအိမ်သို့ တိတ်တဆိတ် လာရောက် အကဲခတ်သည်ဟု ဆိုသော မသင်္ကာသူ သုံးဦး၏ ဓာတ်ပုံကို ရဲတပ်ဖွဲ့က ရရှိခဲ့သော်လည်း အခင်းဖြစ်ပွားပြီး လေးလကျော်ကြာသည်အထိ ကျူးလွန်သူ မည်သူမည်ဝါ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ထို့ပြင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ မောင်းမကျေးရွာတွင် တက္ကသိုလ်ကျောင်းသူ တစ်ဦး အပါအဝင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ် ဖြစ်ပွားမှုမှာ ဒီဇင်ဘာ ၂ ရက် နံနက် အစောပိုင်းတွင် အသတ်ခံရသူ တက္ကသိုလ်ကျောင်းသူ မ........ (၂၀ နှစ်) ၏ ယောက်မဖြစ်သူက အဆိုပါ နေအိမ်သို့ ထမင်းဟင်းချက်ရန် လာရောက်စဉ် နေအိမ်အပေါ်ထပ်၌ မ..... နှင့် ၎င်း၏ ညီအစ်မဝမ်းကွဲ တော်စပ်သူ မ........ (၂၈ နှစ်) တို့ အသတ်ခံထားရသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးရာ မ......(၂၀  နှစ်) မှာ ထိုးသွင်းဒဏ်ရာ လေးချက်၊ မ.......(၂၈ နှစ်) မှာ ထိုးသွင်းဒဏ်ရာ ခြောက်ချက်ဖြင့် သေဆုံးနေကြောင်း သိရပြီး အခင်းဖြစ်နေ့တွင် အတူနေ မိဘနှစ်ဦးမှာ ပဲမျိုးစေ့ ကြဲရန်အတွက် လယ်ထဲရှိ တဲတွင် ရောက်ရှိနေသဖြင့် မ.......(၂၈ နှစ်) မှ ယင်းနေအိမ်သို့ အဖော်အဖြစ် လာအိပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှ မ........ (၂၀ နှစ်)နှင့်  ရင်းနှီးသူများ ပတ်သက်ဆက်နွှယ်သည်ဟု ယူဆရသူများကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး မေးမြန်းနေသည်ဟု သိရပြီး ကျူးလွန်သူ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းသာ သိရသည်။
အထက်ပါ လူသတ်မှု ဖြစ်စဉ်များနည်းတူ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ပင် တရားဥပဒေ စိုးမိုးမှုကို စိန်ခေါ်သည့် လူသတ် အလောင်းစွန့်ပစ်မှု ဖြစ်စဉ်များမှာ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်း လူသတ် အလောင်းစွန့်ပစ်မှုများမှာ နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးကို သတ်ပြီး အလောင်းစွန့်ပစ်မှုမှာ မင်္ဂလာဒုံမြို့နယ်တွင် လည်းကောင်း၊ အမျိုးသားတစ်ဦးကို သတ်ပြီး ပီနန်အိတ်ဖြင့် ထုပ်ကာ မော်တော်ယာဉ်ဖြင့် လာရောက်စွန့်ပစ်မှုမှာ သင်္ဃန်းကျွန်းမြို့နယ်တွင် လည်းကောင်း၊ အမျိုးသား တစ်ဦးအား သတ်ပြီး ချောင်းရိုးတစ်ခု အတွင်းသို့ စွန့်ပစ်မှု တစ်ခုမှာ သုံးခွမြို့နယ်တွင် လည်းကောင်း၊ အမျိုးသား တစ်ဦးကို ကားထဲတွင်သတ်၍ ကားနှင့်လူကို စွန့်ပစ်ခဲ့မှု မင်္ဂလာဒုံမြို့နယ်တွင် လည်းကောင်း၊ အမျိုးသား တစ်ဦးကို သတ်၍ ဗဟိုလမ်းနံဘေးတွင် ပစ်ထားခဲ့မှုမှာ လှိုင်မြို့နယ်တွင် လည်းကောင်း အသီးသီး ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် အချို့မှ ကျူးလွန်သူများအား ဖမ်းဆီးရမိခြင်း မရှိသေးပေ။
လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက် နံနက် ၆ နာရီခန့်တွင် လှိုင်မြို့နယ် (၇) ရပ်ကွက် မယ်ဇီကုန်းလမ်းနှင့် သရက်မြိုင်လမ်းကြား၊ ဗဟိုလမ်းမကြီး ယာဘက်နံဘေးတွင် လူတစ်ဦး သေဆုံးနေကြောင်း သိရသဖြင့် တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ အသက် ၂၅ နှစ် ဝန်းကျင်ရှိ အရပ် ၅ ပေ ၅ လက်မ၊ စပို့ရှပ် (အနီ၊ အမည်း၊ အဖြူ) ပတ်လည် အစင်းကြား လက်တိုနှင့် ဂျင်းဘောင်းဘီအရှည် အပြာရောင် ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။
အလောင်းအား စစ်ဆေးရာ အလောင်း၏ ဝဲဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိပြီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရပြီး ဆက်လက် စစ်ဆေးချက်အရ အဆိုပါ အသတ်ခံရသည့် အမျိုးသားမှာ လှိုင်မြို့နယ်နေသူ မဟုတ်ဘဲ မရမ်းကုန်းမြို့နယ်တွင် နေသည့်သူ ဖြစ်ကြောင်း သိရပြီး ကျူးလွန်သူအား စုံစမ်းဖော်ထုတ်ဆဲ ဖြစ်သည်။
ထို့ပြင် သြဂုတ် ၁၉ ရက်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် မိုင်းသော်ကျေးရွာအုပ်စု တောင်နီကျေးရွာ နယ်မြေ (၃) တွင် နေထိုင်သည့် အသက် (၃၈ နှစ်) အရွယ် အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ သမီး မ.....(၁၂ နှစ်)၊ တူဖြစ်သူ မောင်.....(၁၀ နှစ်) တို့ အသတ်ခံခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ကျုးလွန်သည့် ရှိုစိန် (ခ) အိုက်မောင် (၅၆ နှစ်) ကို အခင်းဖြစ်ပွားပြီး ရက်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား စစ်ဆေးရာ အိုက်မောင်မှာ သေဆုံးသူ အမျိုးသမီး၏ ခင်ပွန်း အလုပ်ထွက်လုပ်သည့် အချိန်မှ စ၍ ယင်းအမျိုးသမီးနှင့် ခုနစ်နှစ်တိုင် လင်မယားအဖြစ် နေထိုင်ခဲ့ကြောင်း၊ ယင်းသို့ နေထိုင်ပြီး (ယခု သေဆုံးသူ) အမျိုးသမီးမှာ နောက်အမျိုးသား တစ်ဦးနှင့် လက်ထပ်တော့မည်ဟု ပြောဆိုပြီးနောက် အဆိုပါ နေအိမ်သို့ မသွားတော့ကြောင်း၊ အခင်းဖြစ်သည့်နေ့တွင် ယင်းနေအိမ်သို့ သွားရောက်ပြီး အမျိုးသမီးအား ၎င်းနှင့် အတူလိုက်ရန် ပြောဆိုရာမှ ငြင်းဆန်သဖြင့် ဒေါသထွက်ကာ အနီးရှိ ဓားရှည်ဖြင့် သတ်၍ ယခုလို သုံးလောင်းပြိုင် လူသတ်မှု ကျုးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် Eleven Media Group ၏ မုံရွာမြို့ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းမှာ ရက်စက်စွာ အသတ်ခံခဲ့ရပြီး ၎င်း၏ အလောင်းကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၀၀ နာရီ မိနစ် ၂၀ ခန့်တွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စု လမ်းနံဘေးတွင် ဦးခေါင်းထိပ်ကွဲပြဲ၊ ဝဲမျက်ခုံးကွဲပြဲဒဏ်ရာ တစ်ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် မှောက်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး အဆိုပါ ဖြစ်စဉ်ကို မုံရွာမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းလျက် ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုများမှာ ဇန်နဝါရီတွင် ၁၃ မှု၊ ဖေဖော်ဝါရီတွင် ကိုးမှု၊ မတ်တွင် ၁၅ မှု၊ ဧပြီတွင် ၁၈ မှု၊ မေတွင် ၂၄ မှု၊ ဇွန်တွင် ၁၃ မှု၊ ဇူလိုင်တွင် ၁၇ မှု၊ သြဂုတ်တွင် ၁၁ မှု၊ စက်တင်ဘာတွင် ၁၀ မှု၊ အောက်တိုဘာတွင် ရှစ်မှု၊ နိုဝင်ဘာတွင် ၂၅ မှုဖြင့် စုစုပေါင်း ၁၆၃ မှု ဖြစ်ပွားခဲ့သည်။

Most Read

Most Recent