NLD အစိုးရသစ် လက်ထက် ပထမဆုံးအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းအား တာဝန်မှရပ်စဲမှုအား ၂၀၁၆ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။
ဒေါက်တာထွန်းဝင်းအား ဒုတိယဝန်ကြီးအဖြစ် ၂၀၁၆ ခုနှစ် မေ ၂ ရက်တွင် စတင်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ရာထူးသက်တမ်းမှာ ခြောက်လကျော်သာရှိသေးသည့်အချိန် နိုဝင်ဘာ ၁၈ ရက်တွင် တာဝန်မှရပ်စဲခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တာဝန်မှရပ်စဲခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲ ငယ်(၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၆၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များ အရ တာဝန်မှ ရပ်စဲခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထုတ်ပြန်သည့်အမိန့်တွင် ဖော်ပြခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ခွဲငယ်(၁) တွင် “နိုင်ငံတော် သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး တစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှရပ်စဲရမည်” ဟု ပါရှိသဖြင့် စိုက်ပျိုးရေးနယ်ပယ်တွင် ကောင်းသတင်းဖြင့် ကျော်စောနေသူတစ်ဦးအား မည်သည့် အတွက်ကြောင့် တာဝန်မှရပ်စဲခဲ့သည်ကို မေးခွန်းများထွက်ပေါ်ခဲ့သည်။
တာဝန်မှရပ်စဲခံရခြင်းအား ဒေါက်တာထွန်းဝင်းကိုယ်တိုင် သတင်းစာထဲတွင် ပါရှိလာမှသာ သိခဲ့ရပြီး ဖြစ်ပျက်ခဲ့သည့်ဖြစ်စဉ် အချို့အား ၎င်းက မီဒီယာများအား နိုဝင်ဘာ ၁၈ ရက်တွင်ပင် တွေ့ဆုံရှင်းလင်းခဲ့သည်။
နွေ/ မိုးစပါးအတွက် ရေဆင်းဆည်မှ ဆည်ရေပေးရန်၊ ဆည်များတွင် ငါးမွေးရန်နှင့် ဧရာဝတီမြစ်ရေတင် စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်ရန် ဒေါက်တာထွန်းဝင်းက ဆောင်ရွက်ရန် အစီအစဉ်တင်ပြထားမှုအပေါ် ပယ်ချယ်ခံရသည့်အတွက် ဌာနတွင်းအစည်းအဝေးတွင် မေးမြန်းခဲ့ရာမှ ပြည်ထောင်စုဝန်ကြီးနှင့် အဆင်မပြေမှုများ ဖြစ်ခဲ့ခြင်းသည် တာဝန်ရပ်စဲခြင်း၏ အစဦးပြဿနာ ဖြစ်ခဲ့သည်။
ထို့အတူ ရှမ်းပြည်နယ် ဟဲဟိုးဒေသရှိ နိုင်ငံတော်ပိုင် မြေအချို့အား ပုဂ္ဂလိကကုမ္ပဏီ တစ်ခုသို့ ယခင်အစိုးရလက်ထက်တွင် ငှားရမ်းထားမှုအား စိုက်ပျိုးရေးကဏ္ဍတွင် သုတေသန ပြန်လည်အသုံးပြုရေးအတွက် ပြန်လည် ရယူရန်စီစဉ်ခဲ့မှုအပေါ် ကုမ္ပဏီတာဝန်ရှိသူများနှင့် ဒေါက်တာထွန်းဝင်းကြား အဆင်မပြေဖြစ်ခဲ့သည့် ကိစ္စသည်လည်း တာဝန်မှ ရပ်စဲခံရသည့် အကြောင်းအရာတစ်ခုအဖြစ် ပါဝင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဟဲဟိုးခြံကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဒေါက်တာထွန်းဝင်း တာဝန်မှမရပ်စဲခံရမီက နေပြည်တော်ရှိ ဒေါက်တာထွန်းဝင်း နေအိမ်သို့ သွားရောက်တွေ့ဆုံရာတွင် ဒေါက်တာထွန်းဝင်းက နိုင်ငံတော်အတွက် ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့သဖြင့် ဦးဝင်းထိန်က စိတ်ဆိုးပြီး ပြန်သွားသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်ဟု ဒေါက်တာထွန်းဝင်း၏ ပြောကြားမှုများရှိခဲ့သည်။
ယင်းအကျိုးဆက်များ နောက်ဆက်တွဲအဖြစ် ဒေါက်တာထွန်းဝင်းကို ဦးဝင်းထိန်က ပါတီပိုင်းအနေဖြင့် ခေါ်ယူတွေ့ဆုံခဲ့ပြီး ဒုတိယဝန်ကြီး တာဝန်မှနုတ်ထွက်ရန်နှင့် နေပြည်တော်ကောင်စီသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ပြောကြားမှုများပြုလုပ်ခဲ့ကာ ဒေါက်တာထွန်းဝင်းက နေပြည်တော်ကောင်စီသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ငြင်းဆန်မှုများ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ဒေါက်တာထွန်းဝင်းထံသို့ ပေါင်းစပ်ညှိနှိုင်းမှုနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းသည့်အတွက် ရာထူးရာခံများရုပ်သိမ်းရန် မိမိဘာသာနုတ်ထွက်စာတင်ရန်နှင့် မနုတ်ထွက်ပါက ဥပဒေ အရ ထုတ်ပယ်မည်ဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ခြင်းခံရသည်။
အကယ်၍ ဒေါက်တာထွန်းဝင်းအနေဖြင့် နုတ်ထွက်စာတင်ခဲ့ပါက ပင်စင်ခံစားခွင့် ရရှိမည်ဖြစ်သော်လည်း အမှန်တရားအတွက် ရပ်တည်မည်ဟုဆိုကာ ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များထည့်သွင်းပြီး သမ္မတ၏ အဆုံးအဖြတ်သာ ခံယူမည်ဖြစ်ကြောင်း စာရေးသား ပေးပို့ခဲ့သော်လည်း ဒေါက်တာထွန်းဝင်းထင်ထား သကဲ့သို့ ဖြေရှင်းခွင့်မရခဲ့ဘဲ တာဝန်မှ ရပ်စဲခံခဲ့ရသည်။
ထိုကဲ့သို့ ဒေါက်တာထွန်းဝင်းအား ဒုတိယဝန်ကြီးအဖြစ်မှ တာဝန်ရပ်စဲခြင်းအပေါ် တိုင်းပြည်အတွက် အသုံးချသင့်သော လူကောင်းတစ်ယောက် ဆုးံရှုံးခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးနယ်ပယ်နှင့် တောင်သူလယ်သမားရေး လှုပ်ရှားသူများက သုံးသပ်ခဲ့ကြသည်။
ဒေါက်တာထွန်းဝင်းသည် ၎င်းအား ဒုတိယဝန်ကြီးအဖြစ် တာဝန်မှရပ်စဲကြောင်း အမိန့်ထွက်လာသည့်နေ့၌ နေပြည်တော်ရှိ ဒုတိယဝန်ကြီး အဆောင်အယောင် ပေးထားသော နေအိမ်မှပစ္စည်းများသိမ်းကာ ညနေ ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာတွင် ရန်ကုန်လေဆိပ်၌ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသားဟောင်းများက Dear Dr.Tun Win! We stand with You ခေါင်းစဉ်တပ်ထားပြီး လက်မှတ်ရေးထိုးထားသည့် ဗီနိုင်းများကိုင်ဆောင်ကာ ကြိုဆိုခြင်းကို ခံခဲ့ရသည်။
ဒုတိယဝန်ကြီး တာဝန်မှရပ်စဲခြင်း အမိန့်အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း ဒေါက်တာထွန်း ဝင်းအားနုတ်ထွက်ရန် ပါတီပိုင်းမှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ခေါ်ယူပြောကြားခဲ့သည့် ဖြစ်ရပ်အပေါ် ဝေဖန်မှုများရှိခဲ့သည်။
ထိုသို့ ဝေဖန်ပြောဆိုမှုများအပေါ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က နိုဝင်ဘာ ၃၀ ရက်ထုတ် The Voice Daily သတင်းစာတွင် “နိုင်ငံရေးလေနဲ့ ဝမ်းနဲ့ကွဲစေလို” ဆောင်းပါး ရေးသားကာ တုံ့ပြန်ခဲ့သည်။
အဆိုပါဆောင်းပါးတွင် ဦးဝင်းထိန်က NLD ပါတီ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ရန် ဆုးံဖြတ်သည်မှစ၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်း၊ ရွေးကောက်ပွဲအနိုင်ရပြီးနောက် အစိုးရတာ ဝန်လွှဲပြောင်းရန်တွေ့ဆုံမှုများ၊ အစိုးရဖွဲ့စည်းချိန်တွင် သမ္မတဦးထင်ကျော်မှစ၍ ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ခန့်အပ်ရန် ရွေးချယ်ခြင်းများ စသည်တို့သည် ပါတီက ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။
“ဒီဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ကြည့်ရင် အစိုးရလုပ်ငန်းမှန်သမျှမှာ ပါတီကပဲ ဦးဆောင်တယ် ဆိုတဲ့အချက်ကို တင်ပြချင်တာပါ။ ဒီဖြစ်ရပ်တွေကိုကြည့်ရင် ‘အစိုးရအလုပ်ကိုပါတီက ဝင်စွက်တယ်ဆိုတာ မဖြစ်သင့်ဘူး’ ဆိုတဲ့ဆရာကြီးများ သဘောပေါက်ကြမယ်လို့ ထင်ပါတယ်။ စွက်ဖက်ရုံတင်မက ဦးဆောင်ရမယ်လို့ ဆိုလိုတာပါ။ အချုပ်အားဖြင့် ပြောရရင်တော့ ‘နိုင်ငံရေး လေနဲ့ဝမ်းနဲ့ ကွဲကြဖို့ပါ” ဟု ဦးဝင်းထိန်က ဆောင်းပါးတွင် တုံ့ပြန်ရေးသားခဲ့သည်။
ဒေါက်တာထွန်းဝင်းအား ဒုတိယဝန်ကြီးတာဝန်အဖြစ် ရပ်စဲခံရခြင်းအပေါ် ဝေဖန်မှုများရှိနေသည့် အစိုးရအနေဖြင့် တစ်စုံတစ်ရာ ပြန်လည်သုံးသပ်မည်ဟု ထင်မြင်ချက်အချို့ ရှိခဲ့သော်လည်း ဒီဇင်ဘာ ၁၂ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် (၆၀/ ၂၀၁၆) ဖြင့် ဒေါက်တာထွန်းဝင်း၏ ဒုတိယဝန်ကြီးနေရာအား လက်ရှိဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးလှကျော်အား အစားထိုး ခန့်အပ်တာဝန်ပေးခြင်းဖြင့် ဒေါက်တာထွန်းဝင်း၏ ရာထူးရပ်စဲခြင်းကိစ္စရပ်မှာ အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။









