ဆန်ရှင်လွတ်မြောက်မှု၊ ဖွံ့ဖြိုးမှုမိတ်ဖက် ဖြစ်လာသူလုပ်ငန်းရှင်များ နောက်ကြောင်းအေးခဲ့ရခြင်းနှင့် အမေရိကန် GSP အခွင့်အရေး

ဆန်ရှင်လွတ်မြောက်မှု၊ ဖွံ့ဖြိုးမှုမိတ်ဖက် ဖြစ်လာသူလုပ်ငန်းရှင်များ နောက်ကြောင်းအေးခဲ့ရခြင်းနှင့် အမေရိကန် GSP အခွင့်အရေး
Published 25 December 2016
ဖြိုးဝေ

“ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို ကြုံတွေ့နေရတဲ့ အခက်အခဲကို ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ ပြည့်ဝမ်းလို့ ခေါ်တဲ့ လုပ်ငန်းရှင်ကြီးများဟာ ရှေ့အနာဂတ်မှာ ကျွန်တော်တို့ပြည်သူအတွက် အတူလက်တွဲ လုပ်ဆောင်မယ်ဆိုရင် အခုကျွန်တော်တို့ ကြုံတွေ့နေရတဲ့ စီးပွားတုံ့ နှေးနေမှု နောက်လာမယ့် ခြောက်လအတွင်းမှာ အရှိန်နှစ်ဆ၊ သုံးဆ တက်သွားမယ်လို့ ယုံကြည်ပါတယ်။ ကြုံခဲ့ရတဲ့ သင်ခန်းစာတွေဟာ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။ ဒါတွေကို အခြေခံပြီး စီးပွားရေး မူဝါဒတွေ ငြိမ်းချမ်းရေး မူဝါဒတွေကို မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မှန်မှန် ကျင့်သုံးမယ်ဆိုရင် ခုနကပြောတဲ့ ပြည့်ဝမ်းလို့ခေါ်တဲ့ လုပ်ငန်းရှင်ကြီးတွေအနေနဲ့ မိမိတို့လုပ်ငန်းကို မှန်မှန်ကန်ကန် အေးအေးချမ်းချမ်းနဲ့ မိမိတို့လုပ်ငန်းကို တရားဥပဒေဘောင်ထဲက ဘယ်လုပ်ငန်းမဆို လုပ်ကိုင်နိုင်မယ်ဆို ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လက်ရှိကြုံတွေ့နေရတဲ့ ပကတိစီးပွားရေးတုံ့ဆိုင်းမှုဟာ မကြာခင်ကာလအတွင်းမှာ လျင်လျင်မြန်မြန်နဲ့ တိုးတက်သွားမယ်ဆိုတာ အပြည့်အ၀ ယုံကြည်ပါတယ်”
ထိုစကားစုကို ပြောခဲ့သူမှာ မြန်မာ့စီးပွားရေးကို ရက် ၁၀၀ အတွင်း ဆွဲတင်မည်ဆို ခြင်းနှင့် မြန်မာများ တစ်ပြိုင်နက်ကြိုးစားပါက အာရှတွင် ဂေါ်ဇီလာဖြစ်မည်ပြောခဲ့သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဖြစ်သည်။
ထိုစကားစုကို ပြောခဲ့သောနေရာသည် အာဏာရှင်ဟောင်းများနှင့် ခရိုနီများကို အမေရိကန်နိုင်ငံမှ အရေးပိတ်ဆို့ခံထားရသည့် စာရင်းက ပယ်ဖျက်ခံရအပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ဆန်ရှင်မှ လွတ်မြောက်လာသူများကား စစ်အာဏာရှင်ဟောင်းများနှင့် ခရိုနီများ အားလုံးလိုလိုပင် ဖြစ်သည်။
အမေရိကန် အရေးပိတ်ဆို့ခံထားရသည့်  စာရင်းမှ ပယ်ဖျက်ခံရသူများတွင် ယခင်စစ် အစိုးရခေါင်းဆောင်များနှင့် ဦးသိန်းစိန် အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးအဆင့် ပုဂ္ဂိုလ်များပါဝင်ခဲ့သည်။ ထိုသူများမှာ ဦးသန်းရွှေ၊ ဦးမောင်အေး၊ လက်ရှိဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဦးသီဟ သူရတင်အောင်မြင့်ဦး၊ ဦးမောင်ဦး၊ ဦးဉာဏ်ဝင်း၊ ဦးလွန်းသီ၊ ဦးကျော်ဝင်း၊ ဦးရဲမြင့်၊ ဦးအောင်ထွေး၊ ဦးတင်နိုင်သိန်း၊ ဦးသိန်းဇော်၊ ဦးစောထွန်း၊ ဒေါက်တာချမ်းငြိမ်း၊ ဦးဇော်မင်း၊ ဦးသောင်း၊ ဦးလှထွန်း၊ ဦးစောလွင်၊ ဦးစိုးသာ၊ ဒေါက်တာကျော်မြင့်၊ ဦးအောင်သိန်းလင်း (ရန်ကုန်မြို့တော်ဝန်ဟောင်း) တို့ ဖြစ်သည်။
ထို့ပြင် ခရိုနီစီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည့် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်၊ ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ဦးအောင်သက်မန်း စသည့် စီးပွားရေး လုပ်ငန်းရှင်များလည်း ပိတ်ဆို့ခံစာရင်းမှ ပယ်ဖျက်ခံရပြီး ၎င်းတို့၏မိသားစုဝင်များ၊ စီးပွားရေးလုပ်ငန်းများဖြစ်သည့် သစ်၊ ကျောက်မျက်၊ ဘဏ်၊ လေကြောင်းလိုင်း၊ ဟိုတယ်၊ ဆိပ်ကမ်း၊ အာမခံ၊ ဝန်ဆောင်မှု  စသည့် လုပ်ငန်းကြီးများလည်း တားမြစ်ခံစာရင်းမှ လွတ်မြောက်ခဲ့သည်။
စီးပွားရေးပိတ်ဆို့ခံရသည့် စာရင်းမှ လွတ်လာခဲ့သည့် ခရိုနီများ၏ လုပ်ငန်းစုများတွင် ထူး၊ မက်စ်၊ ယုဇန၊ ဇေကမ္ဘာ၊ အေးရှားဝေါလ်၊ ဧရာရွှေဝါ၊ အဲပုဂံ၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်များနှင့် ထိုလုပ်ငန်းများနှင့် ဆက်စပ်နေသော လုပ်ငန်းများအပြင် တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ကိုလည်း စီးပွားရေးအရေးယူ ပိတ်ဆို့တဲ့စာရင်းက ပယ်ဖျက်ပေးခဲ့ပြီး  ထိုလုပ်ငန်းစုများ၏ ဘဏ်လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ ကုန်သွယ်ရေး လုပ်ငန်းများလည်း ပိတ်ဆို့ခံစာရင်းမှ လွတ်မြောက်ခွင့်ရခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖွံ့ဖြိုးရေး မိတ်ဖက်များအဖြစ် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် နိုင်ငံပေါင်းစုံကို ရည်ညွှန်းခဲ့သော်လည်း  ခရိုနီဟု ပြည်သူများသိသော အစိုးရနှင့် ရင်းနှီးသည့် လုပ်ငန်းရှင်ကြီးများကို မြန်မာ့စီးပွားရေး တိုးတက်ရေး ပါဝင်ကူညီရန်၊ ယခင်ကလို ကိုယ်ကျိုးအတွက် မလုပ်တော့ဘဲ အများအတွက် လုပ်ရန်နှင့် ထိုသို့ အနာဂတ်တွင် ကောင်းသည်လုပ်ပါက NLD အစိုးရ အနေနှင့်လည်း လုပ်ငန်းရှင်ကြီးများ၏ အတိတ်ကိုပြန်မကြည့်ဘဲ ကောင်းတာလုပ်ပါက အရေးမယူဆိုသည့် စကားကို အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းနှင့် အရေးယူပိတ်ဆို့မှုမှ လွတ်မြောက်လာသူ လုပ်ငန်းရှင် ဦးခင်မောင်အေးက နိုင်ငံတော်၏ အတိုင်ပင်ခံ၏ စကားသည် လုပ်ငန်းရှင်ကြီးများကို အာမခံပေးခြင်း ဖြစ်သည်ဟူသော စကားများအောက်တွင် ခရိုနီများသည် ဖွံ့ဖြိုးမှုမိတ်ဖက်ဟု နာမည်အသစ် ဖြစ်လာခဲ့သည်။
စစ်အာဏာရှင်ဟောင်းများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်ဖြစ်လာသူ ခရိုနီများ ဂုဏ်သိက္ခာအရ နိုင်ငံတကာတွင် ပွဲလယ်တင့်ချိန်တွင် မြန်မာ့စီးပွားရေးအတွက် ပြည်ထောင်စုအဆင့်မှ တာဝန်ရှိသူများက လုပ်ငန်းရှင်ကြီးများ မြန်မာ့စီးပွားရေးတွင် ပါဝင်ကူညီရန် တောင်းဆို နေရသည်။
ထိုသို့ တောင်းဆိုမှုကလည်း အချည်းနှီး မဟုတ်ချေ။ အမေရိကန် ဆန်ရှင်ကင်းလွတ်လာမှုကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းစုကြီးများနှင့် မြန်မာလုပ်ငန်းရှင်ကြီးများ ပူးပေါင်းလုပ်ကိုင်ခွင့်အပြင် ဘဏ္ဍာရေးဆိုင်ရာ တားမြစ်ကန့်သတ်မှုများ ကင်းလွတ်လာခြင်း အကျိုးထူးများ ရရှိခဲ့သည်။ ထိုသို့သော အကျိုးထူးများအပြင် မြန်မာပို့ကုန် ၅၀၀၀ ခန့်ကို အမေရိကန်နိုင်ငံသို့ အကောက်ခွန်လွတ် တင်ပို့ခွင့်ရမည့် ကုန်သွယ်ရေး အထူးခံစားခွင့်ကိုပါ မြန်မာလုပ်ငန်းရှင်များ ခံစားခွင့်ရခဲ့ခြင်းဖြစ်သည်။ သို့သော် အမေရိကန်ကုန်သွယ်ရေး အထူးခံစားခွင့်ရလာသော်လည်း အားနည်းနေသည်က ခရိုနီများတွင် နိုင်ငံတကာနှင့် အမေရိကန်ဈေးကွက်သို့ ထိုးဖောက်နိုင်မည့်ထုတ်ကုန် မရှိသလောက်ဖြစ်နေခြင်းနှင့် ပြည်တွင်းပို့ကုန် ကဏ္ဍတွင်လည်း အဆင့်မီပို့ကုန်ရှားပါးမှု ရင်ဆိုင်နေရပြန်သည်။
အမေရိကန်နိုင်ငံက ပေးအပ်သည့် ကုန်သွယ်ရေးအထူးခံစားခွင့်သည် အမေရိကန် သမ္မတဘာရက်အိုဘားမားလက်ထက်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အမေရိကန် သမ္မတသစ်အကူးအပြောင်းနှင့် တစ်နှစ်အတွင်း ရပ်ဆိုင်းပစ်နိုင်သော အမေရိကန်ကုန်သွယ်ရေး အထူးခံစားခွင့်ကို ရေရှည်ရရှိရန်မှာ လုပ်ငန်းရှင်များနှင့် အစိုးရမှ နားလည် ကြိုးပမ်းရန် လိုအပ်နေသည်။
အမေရိကန်နိုင်ငံအနေနှင့် GSP မပေးလိုသောအချိန်က အလုပ်သမားအခွင့်အရေး (Worker Rights) ၊ ကလေးအလုပ်သမားပြ ဿနာ (Child Labor) နှင့် ဉာဏပစ္စည်းမူပိုင်ခွင့် (Intellectual Property Rights – IPR) စသည့် ကဏ္ဍသုံးရပ်တွင် ပြည်တွင်း အကောင်အထည်ဖော်မှု (မူဝါဒ၊ ဥပဒေ လုပ်ထုံးလုပ်နည်း) ဆိုင်ရာ တိုးတက်မှု လိုအပ်နေသည်ကို အကြောင်းပြခဲ့သည်။
လက်ရှိတွင်လည်း အဆိုပါကဏ္ဍများ တိုးတက်ရန် လိုအပ်နေသည်ကို တွေ့ မြင်နေရသည့်အတွက် အမေရိကန်ကုန်သွယ်ရေး အထူးခံစားခွင့် ကာလရှည်ရရှိရန် အစိုးရအနေနှင့် အဆိုပါကဏ္ဍသုံးရပ်အတွက် လိုအပ်နေသည့် မူဝါဒများနှင့် ဥပဒေလုပ်ထုံး လုပ်နည်းများ ပြင်ဆင်သုံးသပ်ကာ တိုးတက်ရေး လုပ်ဆောင်ရန် လိုအပ်နေသည်ကို တွေ့ မြင်ရမည် ဖြစ်သည်။        
မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် အမေရိကန် GSP အစီအစဉ်ခံစားခွင့် ရရှိရေး လိုအပ်ချက်များတွင် နံပါတ် (၁)- GSP ခံစားခွင့်ရှိသည့် ကုန်စည်တင်ပို့နိုင်ရန်၊ နံပါတ် (၂) - အခြားနိုင်ငံများမှ ကုန်ကြမ်းများကို အသုံးပြုထုတ်လုပ်မည်ဆိုပါက (GSP ခံစားခွင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင်) ပြည်တွင်း ကုန်ကြမ်းပါဝင်မှုတန်ဖိုးနှင့် ထုတ်လုပ်မှုကုန် ကျစရိတ်များ ကုန်စည်တန်ဖိုး၏ အနည်းဆုံး ၃၅ ရာခိုင်နှုန်းအထိ ပါဝင်ရန် လိုအပ်သည်။နံပါတ် (၃) အဖြစ် အခြားနိုင်ငံများ၏ ဈေးကွက်သို့ မဝင်ရောက်ဘဲ အမေရိကန်ဈေးကွက်ကို တိုက်ရိုက်တင်သွင်းသည့် ပို့ကုန်ဖြစ်ရန်နှင့် နံပါတ် (၄) အချက်တွင် တင်သွင်းသူမှ အကောက်ခွန် ကင်းလွတ်ခွင့်တောင်းဆိုရန်  အပြင်နံပါတ် (၅)  အချက်အဖြစ် တင်သွင်းသူမှ GSP ခံစားခွင့် တောင်းဆိုရာတွင် သက်သေပြနိုင်ရန် ထုတ်လုပ်မှုနှင့် စာရင်းအင်းဆိုင်ရာ မှတ်တမ်းများ သိမ်းဆည်းထားဖို့ လိုအပ်နေသည်။
လုပ်ငန်းရှင်များနှင့် အစိုးရတက်ညီလက်ညီ ကြိုးပမ်းမှသာ ကုန်သွယ်ရေးအထူးခံစားခွင့် အားသာချက်ကို ထိထိရောက်ရောက် အသုံးချနိုင်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်း ပိတ်ဆို့မှုလွတ်မြောက်ခြင်း၊ ခရိုနီအဖြစ်မှ ဖွံ့ဖြိုးမှုမိတ်ဖက်ဖြစ်လာခြင်း စသည့် သားရွှေအိုးထမ်းလာသည့် ဖြစ်ရပ်များနှင့် အမြတ်ထွက်ခဲ့သည့် လုပ်ငန်းရှင်ကြီးများအနေနှင့် မြန်မာ့စီးပွားရေး တိုးတက်ရေးအတွက် အစိုးရနှင့် ပြည်သူ့မျက်နှာကို ကြည့်ခြင်းအားဖြင့်သာ ယခင်ကအာဏာရှိသူများနှင့် ပူးပေါင်းခဲ့ပြီး တိုင်းပြည်မှ အမြတ်ထုတ်ခဲ့သည့် အခြေအနေဆိုးမှ လွန်မြောက်ကာ ပိုမိုဂုဏ်သိက္ခာ ထွန်းပြောင်လာနိုင်မည်ဖြစ်သည်။  

Most Read

Most Recent