စံချိန်တင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့်အတူ အားလုံးကို ကိုင်လှုပ်သွားသည့် ၂၀၁၆ ဒေါ်လာငွေလဲနှုန်း

စံချိန်တင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့်အတူ အားလုံးကို ကိုင်လှုပ်သွားသည့် ၂၀၁၆ ဒေါ်လာငွေလဲနှုန်း
Published 25 December 2016
စည်သူအောင်

လက်ရှိအစိုးရ စတင်တက်ရောက်ခဲ့သော ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှစပြီး ဒီဇင်ဘာ တတိယပတ်အတွင်း မြန်မာကျပ်ငွေ တန်ဖိုး ၂၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး တစ်ဒေါ်လာ ၁၄၃၈ ကျပ်အထိ နိုင်ငံခြား ငွေလဲနှုန်း သမိုင်းတစ်လျှောက်စံချိန်တင် မြင့်တက်ခဲ့ခြင်းကြောင့် ၂၀၁၆ ခုနှစ်အတွင်း ထင်ရှားသည့် စီးပွားရေး ဖြစ်ရပ်တစ်ခုအနေဖြင့် ဖော်ပြအပ်ပါသည်။
အစိုးရသစ် အဖြစ်တက်ရောက်စကာလတွင် နိုင်ငံခြားငွေလဲနှုန်း ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဧပြီ ၂၄ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၁၅၀ ကျော်ကျဆင်းခဲ့သည်။ ယင်းနောက်ပိုင်း ပြည်တွင်းစီးပွားရေး အခြေအနေနှင့် ကမ္ဘာ့စီးပွားရေး အနေအထားတို့၏ သက်ရောက်မှုများကြောင့် နိုင်ငံခြားငွေလဲနှုန်းထားများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁ ရက် အစိုးရသစ် စတင်တက်ရောက်ချိန်၌ တစ်ဒေါ်လာ ကျပ် ၁၁၉၀ ကျော်ပေါက်ဈေးရှိသော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ ၁၆ ရက် ၌ ၁၄၃၈ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၇ ခု နှစ် အောက်တိုဘာ ၉ ရက်တွင်ဖြစ်ပေါ်ခဲ့သော တစ်ဒေါ်လာ ကျပ် ၁၃၇၀ စံချိန်ကို ကျော်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိအစိုးရ လက်ထက် နိုင်ငံခြားငွေလဲနှုန်း အခြေအနေကို ပြန်ကြည့်လျှင် ဧပြီမှ သြဂုတ်လလယ်အထိ နိုင်ငံခြားငွေလဲနှုန်း အတက်အကျ နည်းပါးသော်လည်း သြဂုတ်လကုန်ပိုင်းကစ၍ မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာ စတင်ကျဆင်းလာခဲ့ကာ အစိုးရအဖွဲ့တက်ရောက်၍ လေးလကျော်တွင် ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် လက်ရှိဒီဇင်ဘာလအထိ နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် တစ်ဒေါ်လာ ကျပ် ၁၄၀၀ ကျော် စတင်ဖြစ်ပေါ်ခဲ့ကာ ဒီဇင်ဘာ ၁၆ ရက်တွင် ၁၄၃၈ ကျပ်အထိ မြင့်တက်ခဲ့သည်။
၂၀၁၆ ခုနှစ် သြဂုတ် ၁၉ ရက်အထိ ၁၁၉၇ ကျပ်ဝန်းကျင်သာ ရှိခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၂၀၀ ကို ရောက်ရှိခဲ့သည်။ သြဂုတ် ၃၀ ရက်အထိ ၁၂၁၈ ကျပ်အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၁၂၇၀ အထိ ဆက်လက်မြင့်တက်ခဲ့ကာ အောက်တိုဘာ ၂၆ ရက်တွင် ၁၂၉၆ ကျပ်၊ နိုဝင်ဘာ ၁၉ ရက်တွင် ၁၃၂၃ ကျပ်၊ ဒီဇင်ဘာ ၁ ရက်တွင် ကျပ် ၁၃၆၀၊ ဒီဇင်ဘာ ၁၆ ရက်တွင် သမိုင်းတစ်လျှောက် အမြင့်ဆုံး ငွေလဲနှုန်းထားဖြစ်သော ၁၄၃၈ ကျပ်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
NLD အစိုးရ စတင်တက်ရောက်သော ဧပြီ ၁ ရက်တွင် ၁၁၉၃ ကျပ်ဖြစ်ပေါ်ခဲ့ပြီး အစိုးရသက်တမ်း ကိုးလကျော်အတွင်း အနိမ့်ဆုံး ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၁၅၃ ကျပ် (ဧပြီ ၂၄ ရက်) ဖြစ်ခြင်းကြောင့် အနိမ့်ဆုံးနှုန်းနှင့် ဒီဇင်ဘာလ အတွင်းအမြင့်ဆုံးနှုန်း ဖြစ်သည့် ၁၄၃၈ ကျပ် နှင့် နှိုင်းယှဉ်ပါက ၂၈၅ ကျပ်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ရာခိုင်နှုန်းအနေဖြင့် ကျပ်ငွေ တန်ဖိုး ၂၄ ဒသမ ၇၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ကာလအလိုက် ကျပ်ငွေတန်ဖိုးကျ ဆင်းမှုကို ပြန်ကြည့်ပါက နိုဝင်ဘာ ဒုတိယ ပတ်နောက်ပိုင်းမှ ဒီဇင်ဘာ တတိယပတ် အတွင်း ကျဆင်းမှုနှုန်း ပိုမိုမြင့်မားပြီး တစ်လကျော်အတွင်း ၁၅၁ ကျပ်ဝန်းကျင်ကျဆင်း ခဲ့ပြီး ရာခိုင်နှုန်းအနေဖြင့်ကြည့်လျှင် ၁၁ ဒသ မ ၇၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
ဗဟိုဘဏ် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း အနေဖြင့် မတ် ၃၁ ရက်တွင် ၁၂၁၆  ကျပ် အဖြစ်သတ်မှတ်ထားပြီး ဒီဇင်ဘာ ၁၉ ရက် တွင် သတ်မှတ်ခဲ့သော ကျပ် ၁၃၇၀ နှုန်းနှင့် နှိုင်းယှဉ်လျှင် ၁၅၄ ကျပ်မြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအနေနှင့်  ၁၂ ဒသမ ၆၆ ရာခိုင် နှုန်းအထိ မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအစိုးရ လက်ထက်တွင် အနိမ့်ဆုံး သတ်မှတ်ခဲ့သော ဗဟိုဘဏ် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းသည် ၁၁၆၈ ကျပ် (ဧပြီ ၂၅ ရက်) ဖြစ်ပြီး အမြင့်ဆုံးရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းအဖြစ် ဒီဇင်ဘာ ၁၉ ရက်တွင် ကျပ် ၁၃၇၀ အ ဖြစ်သတ်မှတ်ခဲ့ကာ အနိမ့်ဆုံးနှုန်းထားနှင့် အမြင့်ဆုံးနှုန်းထားကို နှိုင်းယှဉ်ပါက ၂၀၂ ကျပ်မြင့်တက်လာပြီး ၁၇ ဒသမ ၂၉ ရာခိုင် နှုန်းမြင့်တက်လာခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်း နိုင်ငံခြားငွေလဲနှုန်း အတက်အကျများစွာ ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပစီးပွားရေး အခြေအနေများက   ဒေါ်လာဈေးစံချိန်တင် နှုန်းထားဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြားငွေလဲနှုန်း အတက်အကျသည် နိုင်ငံခြားငွေဝယ်အားနှင့် ရောင်းလိုအားကို သက်ရောက်စေနိုင်သော အကြောင်းရင်းများ အပေါ်အခြေခံပြီး  အဓိကကျသော အချက်များမှာ နိုင်ငံတကာငွေကြေး ဈေးကွက်အခြေအနေ၊ နိုင်ငံ့ပို့ကုန်သွင်းကုန် ပမာဏ၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ရသုံးမှန်းခြေငွေစာရင်း ရှင်းတမ်းအခြေအနေ၊ စီးပွားရေး စနစ်အတွင်းရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းအခြေအနေ စသည့်အချက်များကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဖော်ပြပါအချက်များတွင် အားနည်းချက်များ ဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံခြားငွေလဲနှုန်းကို မြင့်တက်စေခဲ့ပြီး နိုင်ငံ့ငွေတန်ဖိုး ကျဆင်းစေခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများကြောင့် နိုင်ငံတကာ စီးပွားရေးအနေအထားများက ပြည်တွင်းဈေးကွက် အခြေအနေကို သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံခြားငွေလဲနှုန်းအပေါ် ရိုက်ခတ်မှုအများဆုံးဖြစ်စေခဲ့သော နိုင်ငံတကာရေးရာများတွင် အမေရိကန်နိုင်ငံ ရွေးကောက်ပွဲနှင့် အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းတိုးမြှင့်ခဲ့သည့် ကိစ္စရပ်များ ပါဝင်သည်။
အမေရိကန် ရွေးကောက်ပွဲရလဒ်နှင့် အတိုးနှုန်းတိုးမြှင့်ခဲ့ခြင်းကြောင့် ကမ္ဘာ့အခြား နိုင်ငံအများစု၏ ငွေကြေးတန်ဖိုးများကျဆင်းခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးအခြေခံများကြောင့် အခြားနိုင်ငံများထက် ငွေတန်ဖိုးပိုမို ကျဆင်းမှုဒဏ်ကို ခံစားခဲ့ရသည်။ လက်ရှိ အစိုးရတက်ရောက်ပြီးနောက်ပိုင်း ကိုးလကျော်အတွင်း ကျပ်ငွေတန်ဖိုး ၂၄ ဒသမ ၇၁ ရာခိုင်နှုန်းကျဆင်းမှုအနက် စက်တင်ဘာ တတိယပတ်မှ ဒီဇင်ဘာ တတိယပတ်အတွင်း ကျပ်ငွေတန်ဖိုး ၁၅ ဒသမ ၇၈ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်း ဖြစ်သည်။ ကျဆင်းမှု ကာလအလိုက် နှိုင်းယှဉ်ပါက နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သော အမေရိကန်ရွေးကောက်ပွဲ နောက်ပိုင်းမှ ဒီဇင်ဘာ ၁၆ ရက်အတွင်း တစ်လကျော်ကာလအတွင်း ၁၁ ဒသမ ၇၃ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ကျပ်ငွေတန်ဖိုးကျဆင်းမှု အမြင့်မားဆုံးကာလဖြစ်သည်။
ပြည်တွင်းစီးပွားရေး အခြေအနေများကြောင့်ဖြစ်စေ၊ ပြည်ပစီးပွားရေး အနေအထားများကြောင့်ဖြစ်စေ နိုင်ငံခြားငွေလဲနှုန်းသည် သမိုင်းတစ်လျှောက် စံချိန်တင်ဈေးနှုန်းအဖြစ် ကျပ် ၁၄၄၀ ခန့်အထိ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ နိုင်ငံခြားငွေလဲနှုန်း အတက်အကျ ကြမ်းမှုကြောင့် နိုင်ငံ့စီးပွားရေးအခြေအနေကို ကမောက်ကမဖြစ်စေပြီး စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်စေမည်ဖြစ်သည်။ ဒေါ်လာ ဈေးမြင့်တက်မှုကြောင့် ပို့ကုန်အားကောင်းနိုင်သော်လည်း သွင်းကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှုကြောင့် စားသုံးသူအားလုံးကို ထိခိုက်စေခဲ့ကာ နိုင်ငံခြားငွေလဲနှုန်း အဆမတန် မြင့်တက်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် စီးပွားရေးအဝန်း အဝိုင်းတစ်ခုလုံးအတွက် အခက်အခဲများဖြစ် ပေါ်စေခဲ့သည်။                    

Most Read

Most Recent