၂၀၁၆ ခုနှစ်အတွင်း ကျဆင်းခဲ့သော မြန်မာ့စီးပွားရေး ၂၀၁၇ ခုနှစ်မှာ နာလန်ထူနိုင်ပါ့မလား

၂၀၁၆ ခုနှစ်အတွင်း ကျဆင်းခဲ့သော မြန်မာ့စီးပွားရေး ၂၀၁၇ ခုနှစ်မှာ နာလန်ထူနိုင်ပါ့မလား
Published 25 December 2016
ဖြိုးဝေ

ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြင်ဆင်ဖွဲ့စည်းနိုင်ခြင်း မရှိ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စိစစ်ခွင့်ပြုနိုင်မှု နှောင့်နှေးခဲ့ခြင်း၊ အစိုးရသစ် အကူးအပြောင်းတွင် မူဝါဒများကို စောင့်ကြည့်နေခြင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးများသည် ၂၀၁၆ ခုနှစ်အတွင်း မြန်မာ့စီးပွားရေး ကျဆင်းရခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု သုံးသပ်ပါက တချို့တစ်ဝက်သာ မှန်နိုင်ပါသည်။
၂၀၁၆ ခုနှစ်အတွင်း မြန်မာ့စီးပွားရေး ကျဆင်းရခြင်း၏ ဂယက်သည် ၂၀၁၅ ခုနှစ် ရာသီဥတု ဖောက်ပြန်မှုအရှိန်မသေသေးမီ ၂၀၁၆ ခုနှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့မှုဂယက်ကြောင့်ပင် ဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။ ထိုသုံးသပ်မှုသည် သာမန်အဖွဲ့အစည်းများက သုံးသပ်သည် မဟုတ်ပါ။ နိုင်ငံတကာအဆင့်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က သုံးသပ်ထောက်ပြခဲ့သလို ပြည်တွင်း၌လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အထပ်မြင့် အဆောက်အအုံစီမံကိန်းများကို ရပ်ဆိုင်းခဲ့သည့်အတွက် တိုင်းပြည်စီးပွားရေးများစွာ ထိခိုက်ခဲ့ရပြီး ယင်းအပေါ်မှီခိုသည့် အလုပ်သမားများလည်း ဒုက္ခရောက်ခဲ့ရကြောင်း ့ညေါသည ွျှအေခ့  Yangon Watch မှ သုံးသပ်မှုရှိခဲ့သည်။
မူဝါဒတစ်ခု ချမှတ်ရာတွင် မှန်ကန်၍ အများပြည်သူအတွက် ထိခိုက်နစ်နာမှုမရှိသော ဆုံးဖြတ်ချက်ကို ချမှတ်ရန် လိုအပ်မည် ဖြစ်သည်။ခေတ်အဆက်ဆက် မထိန်းချုပ်နိုင်သော ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကြောင့် ပြည်သူများ၏ စားသုံးနိုင်စွမ်းလျော့ကျသည်။ ပြည်သူများ ဝင်ငွေမြင့်တက်လာပါက စားသုံးလိုသောဆန်သည် ပေါ်ဆန်းမွှေး ဖြစ်သည်ဆိုသော လူတစ်ဦးချင်း ဆန်စားသုံးမှုစစ်တမ်းနှင့် အစားအစာအတွက် ဝင်ငွေ၏ ရာခိုင်နှုန်း ၅၀ ကျော်ကို အသုံးချနေရသည်ဆိုသည့် စစ်တမ်းသည် မြန်မာ့စီးပွားရေး ကျဆင်းမှု၏ အနက်မည်နေသည်။
ဆယ်စုနှစ်ပေါင်းများစွာ စံချိန်တင် ကျဆင်းလာသော မြန်မာကျပ်ငွေ ဂယက်နှင့် အစိုးရသစ်အကူးအပြောင်းတွင် အရေးယူခံ ရမည်ကို စိုးရိမ်နေသော အာဏာရှိသူများ နှင့်ပူးပေါင်းကာ ခရိုနီအဖြစ် ကြွယ်ဝလာသူများ၏ အကြောက်လွန်ကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှုတုံ့နှေးခဲ့ခြင်းနှင့် လေ့လာဆန်းစစ်မှုမရှိဘဲ မူဝါဒတစ်ခုကို ရုတ်ခြည်းချတတ်ပြီး အများပြည်သူ အဆင်မပြေသည့် မူဝါဒအချို့က ပြည်သူများ၏ စီးပွားရေးလုပ်ငန်းအချို့ကို တုံ့ဆိုင်းစေခဲ့ခြင်းများသည်လည်း ယခုနှစ်အတွင်း စီးပွားရေး ကျဆင်းရခြင်းများ၏ ပြယုဂ်တစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။
သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံထားသကဲ့သို့ NLD အစိုးရ၏ ပထမနှစ်ဝက်အတွင်း မျှော်လင့်သလောက် စီးပွားရေးမတိုးတက်ခဲ့ဟု ဆိုခြင်းသည် ၂၀၁၇ ခုနှစ်အတွင်း  စီးပွားရေး ပြန်လည်လည်ပတ်နိုင်မည်ဟု လုပ်ငန်းရှင်များက ယုံကြည်နေကြပြီး မူဝါဒများမှန်ကန်ပါက ၂၀၁၈ ခုနှစ်အတွင်း မြန်မာ့စီးပွားရေး တိုးတက်မည်ဟု ယုံကြည်နေသည်။
ထိုသို့ ယုံကြည်နေမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးတုံ့နှေးနေကြောင်း ဝန်ခံခဲ့သည့် အောက်တိုဘာ လခန့်မှစ၍ ကမ္ဘာလုံးဆိုင်ရာ အတိုင်ပင်ခံ ကုမ္ပဏီ  Roland Berger ၏ ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် Myanmar:A Wave of Optimism- will it last စစ်တမ်းပါ အချက်အလက်အချို့ကို ကိုးကားဖော်ပြလိုသည်။
မြန်မာ့စီးပွားရေး တိုးတက်မည်ဟု ၇၃ ရာခိုင်နှုန်းက ယုံကြည်သော်လည်း ရှင်းလင်းသည့် စီးပွားရေးမူဝါဒမရှိခြင်း၊ ဥပဒေပြုကိစ္စရပ်များ မှန်းဆရခက်ခြင်း၊ မူပိုင်ခွင့်ကာကွယ်ပေးမှု မရှိခြင်းနှင့် ကျွမ်းကျင်လုပ်သား ရှားပါးခြင်းများက အတားအဆီး ဖြစ်နေသည်ဟု Roland Berger စစ်တမ်းက ထောက်ပြသည်။
ဥရောပအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Roland Berger မှ အဆိုပါ စစ်တမ်းအတွက် စီးပွားရေးလုပ်ငန်းများတွင် ဦးဆောင်မှုအဆင့်၌ ပါဝင်ဆောင်ရွက်နေသူ ၂၀၀ ခန့်ကို မေးမြန်းခဲ့ခြင်းဖြစ်ပြီး ဖြေဆိုသူများ၏ ရာခိုင်နှုန်း ၉၀ သည် ကုမ္ပဏီ ပိုင်ရှင် ၊ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ်စသည့် ပုဂ္ဂိုလ်များဖြစ်ပြီး စီးပွားရေးနယ်ပယ် အသီးသီးမှ ပါဝင်သည်ဟု Roland Berger မှ အရှေ့တောင်အာရှဆိုင်ရာ Managing Partner Mr. Thomas Klotz က ဆိုသည်။
မြန်မာ့စီးပွားရေး တိုးတက်မည်ဟု ယူဆသည့် ကဏ္ဍများကို လေ့လာပါက ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် တိုးတက်လာမည်ဟု ၇၃ ရာခိုင်နှုန်းက ယူဆပြီး မြန်ဆန်စွာတိုးတက်မည်ဟု ထင်မြင်သူ ၁၃ ရာခိုင်နှုန်းအထိ ရှိနေသည်။ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတုလုပ်ငန်းစုများတွင် ရာခိုင်နှုန်း ၇၀ အထိ တိုးတက်လာမည်ဖြစ်ပြီး မြန်ဆန်စွာ တိုးတက်မှု ၁၀ ရာခိုင်နှုန်းရှိမည်ဟု ယူဆကြသည်။ ငွေကြေးဝန်ဆောင်မှု ကဏ္ဍတွင် တိုးတက်မည်ယူ ဆမှု ၆၂ ရာခိုင်နှုန်းအထိ ရှိနေပြီး မြန်ဆန်စွာ တိုးတက်မည်ဟု ယူဆမှု ၁၅ ရာခိုင်နှုန်းအထိ ရှိသည်ဟု စစ်တမ်းက ဆိုသည်။
မြန်မာနိုင်ငံအတွင်း ငါးနှစ်ထက်ပိုပြီး စီးပွားရေးလုပ်ခဲ့သူများ၏ ရာခိုင်နှုန်း ၇၀ က ၎င်းတို့၏ လုပ်ဆောင်ချက်များကို ကျေနပ်မှုရှိကာ ငါးနှစ်အောက်လူများကလည်း ၎င်းတို့၏ ပါဝင်မှုအပေါ်ကျေနပ်ကြသည်။ ကျွမ်းကျင်လုပ်သားရှားပါးမှုမှာ အဓိကပြဿနာဟု ၈၅ ရာခိုင်နှုန်းက ယူဆကြပြီး ကျွမ်းကျင်လုပ်သားများ၏ လစာမြင့်မားမှုမှာလည်း ထပ်ဆင့် စိန်ခေါ်မှုဖြစ်သည်ဟု စစ်တမ်းက ဆိုသည်။
မြန်မာ့စီးပွားရေးတွင် ထိပ်တန်းအဆင့်မှ လုပ်ကိုင်နေသူများ၏ အဓိကမေးခွန်းမှာ အစိုးရမူဝါဒဖြစ်နေပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေကဲ့သို့ အရေးပါသော လုပ်ငန်းစဉ်များကို လက်ခံနိုင်သော်လည်း စီးပွားရေး အဓိကကဏ္ဍများကို လွှမ်းခြုံနိုင်မည့် အစီအစဉ် ပျောက်ကွယ်နေခြင်း၊ ရှင်းလင်းသည့် စီးပွားရေး မူဝါဒမရှိခြင်း၊ ဥပဒေပြုကိစ္စရပ်များ မှန်းဆရ ခက်ခြင်း၊ မူပိုင်ခွင့် ကာကွယ်ပေးမှုမရှိခြင်းများက စီးပွားရေးတိုးတက်ရန် အတားအဆီး ဖြစ်နေသည်။ ထို့ပြင် ဖြေဆိုသူများ၏ ရာခိုင်နှုန်း ၉၀ ကျော်က ပွင့်လင်းမြင်သာသည့် အစိုးရ မူဝါဒဖြစ်ရေး၊ တည်ငြိမ်သည့် လျှပ်စစ်ပံ့ပိုးမှု ရရှိရေး၊ ပို့ဆောင်ရေးအခြေခံ အဆောက်အအုံများ ကောင်းမွန်လာရေး၊ ဘဏ္ဍာရေးကဏ္ဍပြောင်းလဲရေး၊ မျှတသည့် ယှဉ်ပြိုင်မှုများ မြှင့်တင်ပေးရေးနှင့် ပညာရေး ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် လိုအပ်သည်ဟု ဖြေဆိုကြောင်း စစ်တမ်းက ဆိုသည်။
လက်ရှိတွင် အစိုးရ၏ စီးပွားရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒများအပြင် စီးပွားရေး ကဏ္ဍများကို ထောက်ပံ့ပေးမည့် နိုင်ငံတော်အဆင့် အဖွဲ့အစည်းများလည်း လုံလောက်စွာ ဖွဲ့စည်းထားပြီးဖြစ်သည်။ ထိုသို့သော မူဝါဒများ၏ နောက်ဆက်တွဲ ပြဿနာတစ်ခုမှာ ထိုမူဝါဒများကို မည်သို့မှန်ကန်စွာ အကောင်အထည်ဖော်မလဲဆိုသည့် မေးခွန်းပြဿနာ ဖြစ်နေသည်။ အစိုးရအနေနှင့် တိုင်းပြည်စီးပွားရေး ဆွဲတင်နိုင်ရန် လုပ်ငန်းရှင်များနှင့် လုပ်သားပြည်သူများနှင့် ယခုထက် ပိုမိုထိတွေ့၍ မှန်ကန်သော မူဝါဒနှင့် ထိရောက်သော လုပ်ဆောင်ချက်များ ပြနိုင်မှသာ ၂၀၁၆ ခုနှစ် အတွင်း ကျဆင်းခဲ့သည့် မြန်မာ့စီးပွားရေးသည် လာမည့် ၂၀၁၇ ခုနှစ်အတွင်း ခေါင်းမော့ကာ အချိန်တိုအတွင်း တိုင်းပြည်စီးပွားရေးတိုး တက်လာမှု လမ်းကြောင်းပေါ် ရောက်ရှိမည်ဖြစ်ကြောင်း အကြံပြုအပ်သည်။      

Most Read

Most Recent