NLD ပါတီအနိုင်ရပြီး အစိုးရသစ်ဖွဲ့ပြီးချိန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများပြားစွာ စီးဝင်လာနိုင်သည်ဟု ယူဆခဲ့ကြသော်လည်း လက်ရှိနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက်ပင် လျော့နည်းနေသဖြင့် ၂၀၁၆ ခုနှစ်အတွင်း ထင်သလောက် မဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား စီးပွားရေးကဏ္ဍတွင် သိသာထင်ရှားသည့်ဖြစ် ရပ်တစ်ခုအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။
လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာခြောက်ဘီလျံဝင် ရောက်ခန့်မှန်းထားသော်လည်း လက်ရှိအချိန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လေးဘီလျံ နီးပါးသာဝင်ရောက်ခဲ့သည်။ ယခင်ဘဏ္ဍာ နှစ်ကာလတူ နိူင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် နှိုင်းယှဉ်ပါကလည်း ကျဆင်းနေသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အဓိက စိစစ်ခွင့်ပြုရမည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကဲ့သို့ အဖွဲ့အစည်းအား အစိုးရ တက်ပြီး နှစ်လကျော်မှသာ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။ ကော်မရှင်ဖွဲ့စည်းပြီးနောက် ၂၀၁၆ ခုနှစ် ဇွန်လနှောင်းပိုင်းမှသာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို စတင်ခွင့်ပြုပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အစိုးရလက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဒေါ်လာ ၃၂၉၃ ဒသမ ၆၁၆ သန်း ရှိခဲ့သည်။ ယခင်အစိုးရလက်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကာလတူတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၉၄၃ ဒသမ ၁၈၄ သန်း ဝင်ရောက်ခဲ့သည်။ ယခင်ဘဏ္ဍာနှစ်နှင့် ယခုဘဏ္ဍာနှစ် နှိုင်းယှဉ်ကြည့်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အခြေအနေသည် ဒေါ်လာ သန်း ၆၅၀ နီးပါးလျော့ နည်းနေသည်။
လက်ရှိဘဏ္ဍာနှစ်အတွင်း မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ် ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍ၊ ဆောက်လုပ်ရေး၊ Industrial Estate ကဏ္ဍနှင့် သတ္တုကဏ္ဍများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု မရှိသေးပေ။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှထုတ်ပြန်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နိုဝင်ဘာလအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃၂၉၃ ဒသမ ၆၁၆ သန်းဖြစ်ပြီး လုပ်ငန်း ၇၁ ခုတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကာလအတွင်း ကုန်ထုတ်လုပ်ငန်း ၄၉ ခုတွင် ဒေါ်လာ ၇၂၈ ဒသမ ၂၁၅ သန်း၊ သယ်ယူပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းရှစ်ခုတွင် ဒေါ်လာ ၁၆၁၅ ဒသမ ၈၉၂ သန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသုံးခုတွင် ဒေါ် လာ ၉၇ ဒသမ ၂၂၆ သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၁၀၅ သန်း၊ အခြားဝန်ဆောင်မှု ကဏ္ဍတွင် ဒေါ်လာ ၅၄ ဒသမ ၉၂၃ သန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၈၆ ဒသမ ၆၈၈ သန်း၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၆၀၅ ဒသမ ၆၇၂ သန်း ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာ ပထမပတ်အထိတွင်မူ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဒေါ်လာ ၂၁၂၂ ဒသမ ၃၈၃ သန်း ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါပမာဏမှာလည်း ယခင်ဘဏ္ဍာ နှစ်နှင့်နှိုင်းယှဉ်ပါက လျော့နည်းနေဆဲ ဖြစ်သည်။
အစိုးရသစ် တက်လာပြီးနောက်ပိုင်း အစိုးရသစ်၏မူဝါဒများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အပေါ် နိုင်ငံတကာရင်း နှီးမြှုပ်နှံသူများက စောင့်ကြည့်နေသည့်အတွက် လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် လျော့ကျနေခြင်းဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူးဦးအောင်နိုင်ဦးက ပြောကြားထားသည်။
ထို့ပြင် လက်ရှိဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအခြေအနေ နှင့်ပတ်သက်ပြီး လျာထားချက်ပြည့်မီအောင် ကြိုးစားရမည့် နှစ်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားထားသည်။
“လကလည်း လေးလတောင် မကျန်တော့ဘူး။ ဒီနှစ်က ရည်မှန်းချက်ပြည့်ဖို့ တော်တော်ကြိုးစားရမယ့်နှစ်လို့ ထင်ပါတယ်။လက်ရှိအချိန်မှာတော့ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ လက်ထဲမှာ Proposal တွေနဲ့ပေါင်းရင်တော့ ဝင်ကောင်းလည်းဝင်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ Promotion အတင်း လုပ်နေတာပေါ့။ ဒီနှစ်ကတော့လျာထားချက် ပြည့်မီအောင် ကြိုးစားရမယ့်နှစ်ပါ” ဟု ဦးအောင်နိုင်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဆိုပါက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုအတွက် ဥပဒေတစ်မျိုး၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအတွက် ဥပဒေတစ်မျိုးဖြင့် ခွဲခြားထားသော်လည်း လက်ရှိအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို ပေါင်းစည်းပြင်ဆင်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ အဆိုပါ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၄၀ အဖြစ်၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်နေသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှုဥပဒေမှာ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကာ ၂၀၁၇ ခုနှစ် နှစ်စတွင် ရင်းနှီးမြှုပ်နှံမှုနည်း ဥပဒေထွက်ရှိမည်ဟုလည်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုမူဝါဒကိုလည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကုန်ဆုံးခြင်း မရှိသေးသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ လျာထားချက်ပြည့်မီရန် ဒေါ်လာဘီလျံနှင့်ချီကာ လိုအပ်နေသည်။ အရပ်သား အစိုးရတစ်ရပ်တက်လာပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြား စီးဝင်လာနိုင်သည်ဟု ယူဆချက်များမှာ ၂၀၁၆ ခုနှစ်တွင် အကောင်အထည်ပေါ်ရန် မှေးမှိန်ခဲ့ပြီဖြစ်သည်။
ထင်သလောက် မဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု









