အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၉၀၀၂၀၀ အထိ စံချိန်ချိုးခဲ့သည့် ရွှေဈေးနှုန်း

အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၉၀၀၂၀၀ အထိ စံချိန်ချိုးခဲ့သည့် ရွှေဈေးနှုန်း
Published 25 December 2016
စည်သူအောင်

ဒေါ်လာဈေးနှုန်း ဆက်တိုက်မြင့်တက်လာမှုနှင့်အတူ ရွှေဈေးနှုန်းသည်လည်း လက်ရှိအစိုးရလက်ထက် ကိုးလကျော်အတွင်း အတက်အကျ ကြမ်းခဲ့ပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံး ရွှေဈေးနှုန်းအဖြစ် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၉၀၀၂၀၀ အထိ ဖြစ်ပေါ်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်အတွင်း ထင်ရှားသည့် စီးပွားရေးဖြစ်ရပ် တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။
လက်ရှိအစိုးရ စတင်တက်ရောက်သည့် ဧပြီ ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ရွှေဈေး ကျပ် ၇၈၂၀၀၀ နှင့် နှိုင်းယှဉ်ပါက ကျပ် ၁၂၀၀၀၀ ခန့် အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၄ ရက်မှစကာ  ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ်ရှစ်သိန်း အထက်ရောက်ခဲ့ရာ လက်ရှိအချိန်အထိ ကျပ် ရှစ်သိန်းအောက် ပြန်မဆင်းခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်း ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုများကြောင့် ကျပ် ၈၀၀၀၀၀ အထက် အကြိမ်ကြိမ်ကျော်လွန်ခဲ့သည်။၂၀၁၆ ခုနှစ် ဇန်နဝါရီလဆန်းတွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၇၅၀၀၀၀ ဝန်းကျင်ရှိနေရာမှ ဇန်နဝါရီ ၂၀ ရက်ကစ၍ ကျပ် ၇၆၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ဆက်တိုက်မြင့်တက်လာခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းတွင် ကျပ် ၈၀၂၄၀၀ အထိရှိလာပြီး ကမ္ဘာ့ဈေးမှာ ၁၂၃၂ ဒေါ်လာ ဖြစ်သည်။ ယင်းကာလအတွင်း အမြင့်ဆုံးတက်ခဲ့သော နူန်းမှာ ဖေဖော်ဝါရီ ၂၅ ရက်ဖြစ်ပြီး ပြည်တွင်းရွှေဈေး ကျပ် ၈၀၈၂၀၀ နှင့် ကမ္ဘာ့ရွှေဈေး ၁၂၃၇ ဒေါ်လာအထိ ဖြစ်ပေါ်ခဲ့သည်။ ယင်းရှစ်သိန်းကျော် ဈေးတန်းမှာ မတ် ၁ ရက်အထိဖြစ်ခဲ့ပြီး မတ်  ၂ ရက်တွင် ကျပ် ၈၀၀၀၀၀ အောက်ပြန်ဆင်းခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ၈၀၀၀၀၀ တန်းကို မတ် ၁၁ ရက် တွင် ထပ်မံကျော်လွန်ခဲ့သည်။ ၎င်းနေ့တွင် ပြည်တွင်းရွှေဈေး ကျပ် ၈၀၁၉၀၀ ဖြစ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမှာ ၁၂၆၈ ဒေါ်လာဖြစ်သည်။ မတ် ၁၇ ရက်တွင်လည်း ပြည်တွင်းရွှေဈေး ကျပ် ၈၀၁၆၀၀ ဖြစ်ပေါ်ခဲ့ပြီး  မတ်လတစ်လ လုံးရွှေဈေးသည် ကျပ် ၈၀၂၀၀၀ မှကျပ် ၇၈၀၀၀၀ ကြားတွင်ဖြစ်ပေါ်ခဲ့သည်။
တတိယအကြိမ်မြောက် ပြည်တွင်းရွှေ ဈေးရှစ်သိန်းကျော်အထိ ဖြစ်ခဲ့ချိန်သည် ဇွန် ၁၃ ရက် ညနေပိုင်းတွင်ဖြစ်ပြီး ကျပ် ၈၀၂၃၀၀  အထိရောက်ရှိခဲ့သည်။ ၎င်းရက်တွင် ကမ္ဘာ့ရွှေဈေးက ၁၂၈၄ ဒေါ်လာဖြစ်ပြီး ယခင်လများနှင့် နှိုင်းယှဉ်လျှင် ကမ္ဘာ့ရွှေဈေး သိသိသာသာ စတင်မြင့်တက်လာချိန် ဖြစ်သည်။ ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ ၁၃၀၀ အထိဖြစ်လာပြီး ပြည်တွင်းရွှေဈေး ကျပ် ၈၁၀၀၀၀ ကျော်အထိ စတင်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဇွန် ၂၄ ရက်မှ စ၍ ဒီဇင်ဘာ လကုန်ပိုင်းအထိ ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၀၀၀၀၀ အထက်တွင်သာတောက် လျှောက်ရပ်တည်နေခြင်း ဖြစ်သည်။
ဇွန်လကုန်ပိုင်းမှစ၍ လအလိုက် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းများမှာ ဇူလိုင်လတွင် ကျပ် ၈၄၉၀၀၀ ကျော်၊ သြဂုတ် လတွင် ကျပ် ၈၇၃၀၀၀ ကျော်၊ စက်တင်ဘာလတွင် ကျပ် ၈၉၆၀၀၀ ကျော်၊ အောက်တိုဘာလတွင် ကျပ် ၉၀၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ အမေရိကန် ရွေးကောက်ပွဲပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်ကျဆင်းလာသော်လည်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် သိသိသာသာ ကျဆင်းမှုမရှိဘဲ နိုဝင်ဘာလကုန်ပိုင်း နှင့် ဒီဇင်ဘာလ ၂၁ ရက်အထိ ကျပ် ၈၅၀၀၀၀ နှင့် ၈၇၀၀၀၀ ကြားတွင် ဖြစ်ပေါ်ခဲ့သည်။
ဇွန်လကုန်ပိုင်းတွင် ဖြစ်ခဲ့သည့် အီးယူမှ ဗြိတိန်ခွဲထွက်ရန် ဆုံးဖြတ်ချိန်နောက်ပိုင်းကတည်းက အတက်အကျများခဲ့သော ရွှေဈေးနှုန်းသည် အမေရိကန်ရွေးကောက်ပွဲကာလ တစ်လျှောက်လုံးတွင်လည်း အလှုပ်အခတ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ဟီလာရီကလင်တန်နိုင်လျှင် ဒေါ်လာဈေးတက်မည်၊ ဒေါ်နယ်ထရမ့်နိုင်လျှင် ရွှေဈေးတက်မည်ဟု ရွေးကောက်ပွဲမတိုင်မီ ခန့်မှန်းခဲ့ကြသော်လည်း ရလဒ်ထွက်ပေါ်ချိန်တွင် ပြောင်းပြန်ဖြစ်ခဲ့ကာ ရွှေဈေးထိုးဆင်းသွားပြီး ဒေါ်လာ ဈေးတက်ခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ ၈ ရက် ညပိုင်းတွင် တစ်အောင်စ ၁၂၆၉ ဒေါ်လာ အထိ ကျဆင်းခဲ့သော ရွှေဈေးသည် နိုဝင်ဘာ ၉ ရက်၌ ၁၃၃၇ ဒေါ်လာအထိ ခုန်တက်ခဲ့သော်လည်း ရွေးကောက်ပွဲပြီးချိန်တွင် ၁၂၉၈ ဒေါ်လာအထိ ပြန်ဆင်းခဲ့သည်။ ယင်းနောက် နိုဝင်ဘာ ၁၀ ရက်တွင် ဒေါ်လာ ၁၂၈၀ ကျော်၊ နိုဝင်ဘာ ၁၁ ရက်တွင် ဒေါ်လာ ၁၂၅၀ ကျော်၊ နိုဝင်ဘာ ၁၂ ရက်တွင် ဒေါ်လာ ၁၂၂၀ ကျော် အထိကျဆင်းခဲ့ပြီး ရက်ပိုင်းအတွင်း ဒေါ်လာ ၁၀၀ ကျော်ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလအတွင်း၌လည်း နိုဝင်ဘာနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ရွှေဈေးနှုန်းများ ဆက်လက်ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်တွင် ၁၁၅၇ ဒေါ်လာအထိ ဆက်လက်ကျဆင်းခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ရွှေဈေးနှုန်း စံချိန်သစ်ဖြစ်ပေါ်သကဲ့သို့ ကမ္ဘာ့ရွှေဈေးနှုန်းလည်း စံချိန်တင်မြင့်တက်ခဲ့သည်။ ဇူလိုင် ၆ ရက် မွန်းလွဲပိုင်းတွင် နှစ် နှစ်ကျော်အတွင်း စံချိန်တင်ကမ္ဘာ့ဈေးအဖြစ် ၁၃၇၀ ဒသမ ၇၀ ဒေါ်လာအထိရှိလာပြီး   ၎င်းရက်တွင် မြန်မာ့ရွှေဈေးကွက်၌ ကျပ် ၈၃၆၀၀၀ ဈေးဖြစ်ပေါ်ခဲ့သည်။  မြန်မာဈေးကွက်တွင် စံချိန်တင်ဈေးနှုန်း ဖြစ်ပေါ်ခဲ့သည့်ရက်မှာ အောက်တိုဘာ ၄ ရက်ဖြစ်ပြီး ကျပ် ၉၀၀၂၀၀ အထိရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းသည် ၁၃၁၁ ဒေါ်လာခန့်ရှိကာ ပြည်တွင်းငွေလဲနှုန်း ၁၂၈၈ ကျပ်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ပြည်တွင်းရွှေဈေးနှုန်းကို ဈေးကွက်က သတ်မှတ်ခြင်းဖြစ်ပြီး ဈေးကွက် ပေါ်သက်ရောက်မှုရှိနေသော အချက်များ ရှိသည်။ အဓိကအနေဖြင့် မြန်မာရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်း၊ ဈေးကွက်အတွင်း ရွှေတည်ရှိမှုပမာဏ၊ ပြည်တွင်းသုံး ကျပ်ငွေလည်ပတ်မှု အနေအထား၊  အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှု ထိစပ်နေသော နယ်စပ်ဒေသများနှင့် ငွေလဲနှုန်းထားများ (ဥပမာ-ယွမ်၊ ဘတ်)၊ ပြည်တွင်း ရွှေဝယ်ရောင်းလုပ်သူများ၏ အခြေအနေ၊ ပြည်တွင်း၌ ပြောင်းလဲနေသော သတင်းအချက်အလက်များနှင့် ကောလာဟလများ စသည့်အချက်များအပေါ် အခြေခံပြီး  ဈေးနှုန်းများ ပြောင်းလဲနေခြင်းဖြစ်သည်။ ယင်းအချက်များထဲမှ နှစ်ချက်ဖြစ်သော ကမ္ဘာ့ရွှေဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲနှုန်းတို့ ၂၀၁၆ ခုနှစ်အတွင်း စံချိန်တင် ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည်လည်း သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် အဖြစ် ကျပ် ၉၀၀၂၀၀ အထိရောက်ရှိခဲ့ခြင်း ဖြစ်သည်။                                    

Most Read

Most Recent