ပြည်သူ့ယုံကြည်မှုအတွက် မေးခွန်းထုတ်ရမည့် စတော့အိတ်ချိန်း

ပြည်သူ့ယုံကြည်မှုအတွက် မေးခွန်းထုတ်ရမည့် စတော့အိတ်ချိန်း
Published 25 December 2016
ဖြိုးဝေ

ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာနိုင်ငံတွင် စတင်မည်ဆိုသည့် အချိန်တွင် ပညာရှင်များက စတော့အိတ်ချိန်း အောင်မြင်ရန် သတိပြုသင့်သည့် အခြေအနေများကို ထောက်ပြခဲ့သည်။ ထိုသို့ ထောက်ပြသည့် အခြေအနေများမှာ ရန်ကုန်စတော့အိတ်ချိန်းသည် ငွေမည်းခဝါချသည့် နေရာမဖြစ်ရန်၊ ဈေးကစားမှုများကို ထိန်းကျောင်းရန်နှင့် ပြည်သူလူထု၏ ယုံကြည်မှုမပျက်ရန်ဆိုသည့် အခြေအနေများပင် ဖြစ်သည်။
ထိုသို့ ထောက်ပြနေမှုများကို ကြပ်မတ်ရန် ပျက်ကွက်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်းသည် စတင်အရောင်းအဝယ်ပြုပြီး တစ်နှစ်မပြည့်မီပင် အရောင်းအဝယ်ကျဆုံးမှု များစွာကြုံခဲ့ရသည်။
ရန်ကုန်စတော့ အိတ်ချိန်းကျဆုံးနေကြောင်း မီဒီယာများ၏ ထောက်ပြဝေဖန်မှုသည် စတော့အိတ်ချိန်းကျဆုံးရန် အပုပ်ချနေခြင်း မဟုတ်ဘဲ ပြုပြင်သင့်သည်များ ပြုပြင်ရန် သတိပေးနေကြောင်း သိရှိရန်လိုအပ်သည်။ ထို့ပြင် စတော့အိတ်ချိန်းအား ပြည်သူ့ယုံကြည်မှု ကျဆင်းနေမှုကိုလည်း လစဉ်ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်နေမှုက သက်သေပြနေသည်။
ရှယ်ယာ စတင်ရောင်းချသည့်  မတ်လတွင် ရောင်းချရက် လေးရက်ဖြင့် FMI ကုမ္ပဏီ တစ်ခုသာရှိသော်လည်း ကျပ် ၂၄ ဘီလျံကျော်ဖိုး ရောင်းချခဲ့ရပြီး ပိတ်ရက်များသည့် ဧပြီတွင်လည်း FMI ကုမ္ပဏီတစ်ခုတည်းက ကျပ် ငါးဘီလျံကျော်ဖိုး ရောင်းချခဲ့ရသည်။
မေ ၂၀ ရက်တွင် သီလဝါရှယ်ယာ စတင်ရောင်းချခဲ့ပြီး ကုမ္ပဏီနှစ်ခုဖြစ်လာခဲ့၍ ကျပ် ၁၆ ဘီလျံကျော်၊ ဇွန်လတွင် ကျပ် ခြောက်ဘီလျံ ကျော်၊ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလျံ ကျော်နှင့် သြဂုတ်၂၆ ရက်တွင် မြန်မာနိုင်ငံသားများ ဘဏ် ပါဝင်လာသော်လည်း ကုမ္ပဏီသုံးခုက ကျပ် ၂ ဒသမ ၉ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာမှာလည်း ကျပ် ၂ ဒသမ ၄ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်ကာ အနည်းဆုံး အရောင်းအဝယ် ဖြစ်မှုအဖြစ် စံချိန်တင်ခဲ့သည်။
ထိုသို့ စံချိန်တင် ဈေးကွက်ကျဆင်းနေရာမှ အောက်တိုဘာတွင် သီလဝါရှယ်ယာများကို ရှယ်ယာခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု  များပြားလာပြီး ဈေးနှုန်းပြန်လည်မြင့်တက်လာသဖြင့် အောက်တိုဘာတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ပြန်လည်မြင့်တက်လာခဲ့ပြီး ကျပ်လေးဘီလျံ ကျော်ဖိုးအထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ အရောင်းအဝယ် မြင့်တက်မှုမှာ တစ်လသာကြာခဲ့ပြီး နိုဝင်ဘာလတွင်မူ အရောင်းအဝယ် ဖြစ်မှု  ကျပ် ၂ ဒသမ ၂ ဘီလျံခန့်ဖြင့် စတော့အိတ်ချိန်း ဖွင့်လှစ်သည့် ကိုးလအတွင်း နိုဝင်ဘာလသည် အရောင်းအဝယ်ကျဆင်းမှု အဆိုးဆုံး ဖြစ်ခဲ့သည်။ လက်ရှိအခြေအနေတွင်လည်း စတော့အိတ်ချိန်းသည် အခြေအနေ မကောင်းဘဲ ယုံကြည်မှုပျက်ယွင်းသည့် ဂယက်နှင့် ချည့်နဲ့နဲ့ ရှေ့ဆက်နေသည်။
ထိုသို့ ချည့်နဲ့နဲ့ ရှေ့ဆက်နေမှု၏ ကနဦးအရင်းခံသည် စတော့အိတ်ချိန်းမဝင်မီ၊ စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီဖြစ်ရန် အရွေးချယ်ခံရချိန်တွင် ကုမ္ပဏီခြောက်ခု၏ ရှယ်ယာဈေးများသည် တစ်ဟုန်ထိုးတက်လာခဲ့ပြီး ကာလတို အတွင်း၌ပင် နှစ်ဆ၊ သုံးဆခန့် ရှယ်ယာဈေးနှုန်း ထိုးတက်သွားခဲ့သည့် ကုမ္ပဏီအချို့ထံမှ စတင်ခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများ၏ အသိအမြင်နည်းပါးမှုကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့သည့် ရှယ်ယာဈေးကစားသူများ အကျိုးအမြတ် များစွာရရှိပြီး ဈေးကွက်ထဲမှ ထွက်သွားချိန်တွင် သာမန်ရှယ်ယာရှင်များသည် တက်ဈေးနှင့် ပိုက်မိနေသော ရှယ်ယာများကို ပိုက်ကာ ငို၍ ရယ်၍ မရသောမျက်နှာများနှင့် ရှယ်ယာထုပ်ပိုက်ကာ ဈေးတက်မည့်အချိန် ထိုင်စောင့်နေရသည်။
သို့သော် ရှယ်ယာဈေး စံချိန်တင်မြင့်တက်ခဲ့သည့် အခြေအနေကြောင့် အလောသုံးဆယ် ဝယ်ယူမိသူများအတွက် ရလဒ် မကောင်းသည့် ဖြစ်ရပ်များအဖြစ် လက်ရှိတွင် ရှယ်ယာဈေးသည် အဖွင့်ဈေးအောက်ပင် ရောက်ရှိသည့် အခိုက်အတန့်များနှင့် စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် အရွေးချယ်မခံရ မီဈေးနှုန်းအနီးပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
သီလဝါရှယ်ယာတစ်စု ကျပ် ၇၀၀၀၀ ၊ FMI ရှယ်ယာတစ်စု ကျပ် ၄၁၀၀၀၊ မြန်မာနိုင်ငံသားများဘဏ် ရှယ်ယာတစ်စု ကျပ် ၁၃၅၀၀ စသည့် ဈေးကစားကာ ဆွဲတင်ထားသည့် အမြင့်ဈေးတွင် မိထားသူများအတွက် ထိုကုမ္ပဏီများ လက်ရှိအခြေအနေထက် နှစ်ဆခန့် အမြန်ဆုံးတိုးတက်ရန် ဆုတောင်းရုံမှအပ မည်သို့မျှ မတတ်နိုင်သည့် အခြေအနေနှင့် ဘုတ်ထိုင်ထိုင်နေရသည်။ ထိုသည်ကပင် ရန်ကုန်စတော့အိတ်ချိန်းကို ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှုပျက်စီးခဲ့ရသည့် အကြောင်းအချက်တစ်ရပ် ဖြစ်ခဲ့သည်။
လူအချင်းချင်းကြားတွင် ယုံကြည်မှုတစ် ခုပျက်ယွင်းပါက ဆက်ဆံရေး ပြတ်တောက်မှုထက် စီးပွားရေးလောကတွင် ယုံကြည်မှု ပျက်ယွင်းသွားခြင်းမှာ ပြန်လည်ထူမရန် ခဲယဉ်းတတ်သည့် သဘောရှိသည့်အတွက် လက်ရှိအခြေအနေမှ ရန်ကုန်စတော့အိတ်ချိန်း ပြန်လည်နိုးထရန် မှန်ကန်သည့် စီမံခန့်ခွဲမှုများ၊ လိုအပ်သည့် စည်းမျဉ်းများ၊ ခိုင်မာသည့် စိစစ်အရေးယူမှုများ အထူးတလည် လိုအပ်နေသည်။
ရန်ကုန်စတော့အိတ်ချိန်း (YSX)  တွင် စွန့်စားရမှု (Risk) များ ဖော်ပြမှုအားနည်း နေသည့်အပြင်  FMI ၊ MTSH နှင့် MCB ကုမ္ပဏီများနှင့် ဆက်နွှယ်နေသူများ၏ မသေချာမှုများ၊ မရေရာမှုများနှင့် သက်ဆိုင်သည့် စွန့်စားမှု (Risk) များ ဖော်ပြမှုလည်း အားနည်းနေကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ ထုတ်ပြန်သည့် ပွင့်သစ်စ စီမံချက်အစီရင်ခံစာက ထောက်ပြခဲ့သည်။
ပြည်သူ့ယုံကြည်မှု ပျက်ယွင်းသွားသည့် ရန်ကုန်စတော့အိတ်ချိန်း အချိန်တိုအတွင်း ခေါင်းထောင်နိုင်ရန် စတော့အိတ်ချိန်းနှင့် ပတ်သက်သည့်အသိဉာဏ် ပြည်သူများအကြား ဖွံ့ဖြိုးရန်၊ စတော့အိတ်ချိန်းတွင် ကုမ္ပဏီများများ ပါဝင်ရန်နှင့် ဈေးကွက်တွင် ကန့်သတ်ချက်မထားရှိဘဲ လွတ်လပ်စွာ ဝယ်ယူရောင်းချခွင့် ပြုသင့်ခြင်း၊ ဈေးနှုန်းများကို Regulator က သတ်မှတ်ပေးမှုမပြုဘဲ ရောင်းသူဝယ်သူမှသာ သတ်မှတ်ရန်၊ Insider Transaction များ မရှိရန်၊ ဈေးကွက်အချက်အလက်များ ယခုထက်ပိုမိုမြန်ဆန်စွာ သိရှိနိုင်ရန် ထောက်ပြထားသည့် ပညာရှင်များ၏ အကြံပြုမှုများကို အထူးတလည်လိုက်နာပြီး ရန်ကုန်စတော့ အိတ်ချိန်း မကျဆုံးစေရန် မှားယွင်းသည့် မူဝါဒများနှင့် အားနည်းချက်များကို အမြန်ဆုံးပြုပြင်ရန် လိုအပ်နေသည်ဟု ရန်ကုန်စတော့အိတ် ချိန်း၏ ၂၀၁၆ ခုနှစ်အတွင်း ဖြတ်သန်းမှုကို သုံးသပ်ဖော်ပြအပ်သည်။

Most Read

Most Recent