အထပ်မြင့် အဆောက်အအုံများ ရပ်ဆိုင်းမှုနှင့် နစ်နာမှုဂယက်

အထပ်မြင့် အဆောက်အအုံများ ရပ်ဆိုင်းမှုနှင့် နစ်နာမှုဂယက်
Published 25 December 2016
ကျော်ထင်

အစိုးရသစ်တက်လာပြီး  မကြာမီ ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံ စီမံကိန်းကြီးများ ရပ်ဆိုင်းမှုနှင့်အတူ နစ်နာမှုများကို  Weekly Eleven ဂျာနယ်က ၂၀၁၆ ခုနှစ်၏ ထင်ရှားကျော်ကြားသည့် ကိစ္စရပ်တစ်ခုအဖြစ်  ဖော်ပြလိုက်ရပါသည်။
ယခင်အစိုးရလက်ထက်က ပါမစ်ကြီး ကျပြီးသားနှင့် မူအားဖြင့်ခွင့်ပြုခဲ့သည့် အထပ်မြင့်အဆောက်အအုံ ၂၀၀ နီးပါးကို လက်ရှိ အစိုးရက ပြန်လည်စိစစ်မည် ဖြစ်သောကြောင့် ရပ်ဆိုင်းရန် မေ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ယင်း အဆောက်အအုံများကို ပြန်လည်စိစစ်ရာတွင် အရေးကြီးအဆောက်အအုံ ၁၂ လုံးအား ဖယ်ထုတ်ပြီး ၎င်းတို့ကို ပထမအသုတ်အနေဖြင့် စတင်စစ်ဆေးခဲ့ပြီးနောက် အဆိုပါ ၁၂ လုံးကို အထပ်များ ပြန်လျှော့ရန် ညွှန်ကြားခဲ့သည်။ အထပ်များပြန်လျှော့ရာတွင် ကမ္ဘာအေးဘုရားလမ်းတွင် ဆောက်လုပ်နေသည့် KER Project သည်  ၂၉ ထပ် မှ  ၁၇ ထပ်အထိ လည်းကောင်း၊ ဖိုးစိန်လမ်းတွင်ရှိသည့် အဆောက်အအုံသည်  ၃၁ ထပ် မှ ၁၂ ထပ်သို့လည်းကောင်း၊ Golden Dragon ကွန်ဒိုသည် ၁၂ ထပ်ခွဲမှ လေးထပ်သို့ လည်းကောင်း၊ Paragon Residence သည် ၂၇ ထပ်မှအထပ် ၂၀ သို့လည်းကောင်း၊ အရှေ့ မြင်းပြိုင်ကွင်း လမ်းပေါ်ရှိ East Race Course ကွန်ဒိုသည် အထပ် ၂၀ မှ  ၁၆ ထပ် စသည်ဖြင့် အသီးသီး လျှော့ချခံခဲ့ရခြင်း ဖြစ်သည်။
ယင်းသို့ လျှော့ချခံခဲ့ရခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အသနားခံစာတင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီထံသို့ တိုင်ကြားခဲ့ကြောင်း၊ အလားတူ ၎င်းတို့က ဇူလိုင် ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ Novotel Hotel ၌ ယင်းသို့ အထပ်များပြန် လျှော့ရန် ညွှန်ကြားခဲ့မှုနှင့် ရပ်ဆိုင်းခဲ့ရမှုများနှင့် ပတ်သက်၍  ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
အဆိုပါ အဆောက်အအုံများသည် ယခင်အစိုးရ လက်ထက်က ချမှတ်ခဲ့သော မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ပြီး နိုင်ငံတော်ပိုင် မြေပေါ်တွင် မဟုတ်ဘဲ ပုဂ္ဂလိက ကိုယ်ပိုင်မြေပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်၍ ရပ်ဆိုင်းခိုင်းသည့်အပေါ် နစ်နာကြောင်း၊ လူထုအမြင်တွင် Impact ကြီးသွားကြောင်းနှင့်  အထပ်မြင့် အဆောက်အအုံများ မူဝါဒအောင်မြင်ရန် အနည်းဆုံးတစ်နှစ်မှ နှစ်နှစ်ကျော်အထိ အချိန်ယူရပြီး သက်ဆိုင်ရာဌာနများ၏ စစ်ဆေးမှုခံခဲ့ရခြင်းကြောင့် ယခုပြန်လည် စစ်ဆေးမှုအပေါ်တွင် စဉ်းစားမရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ရှင်းလင်းခဲ့သည်။
ယင်းသို့ ရပ်ဆိုင်းထားရခြင်းကြောင့် ဒေါ်လာ ငါးဘီလျံမှ ခြောက်ဘီလျံခန့်အထိ ထိခိုက်ဆုံးရှုံးမှုများရှိနိုင်ပြီး ဖွံ့ဖြိုးမှုနိမ့်ကျသည့် မြန်မာနိုင်ငံအနေဖြင့် နည်းသည့် နစ်နာ ဆုံးရှုံးမှုမဟုတ်ကြောင်း၊ ယင်းကိစ္စသည် နောက်ဆက်တွဲ ဂယက်များစွာကြီးလာနိုင်ပြီး ဆောက်လုပ်ရေး လောကတစ်ခုလုံး ပြိုလဲသွားတော့မည့် အနေအထားသို့ ရောက်ရှိနေကြောင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းအပေါ် မှီခိုနေသည့် အလုပ်သမားများလည်း ကျပ်တည်းသွားနိုင်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ငွေချေးယူထားသည့် ဘဏ်လုပ်ငန်းများလည်း များစွာထိခိုက်နိုင်ကြောင်း လုပ်ငန်းရှင်များက ရှင်းလင်းခဲ့ပြီး ယင်းလုပ်ရပ်မှာ နောက်ကြောင်း ပြန်လှည့်သည့် သဘောသက်ရောက်နေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော် မတီက အထပ်ပြန်လျှော့ခံရသည့် အထပ်မြင့် အဆောက်အအုံများအား သွားရောက်စစ်ဆေးခဲ့ရာတွင် စည်းကမ်းဖောက်ဖျက်မှု မတွေ့ရသည့်အတွက် အရေးယူရန်မသင့်ကြောင်း အဆိုပါကော်မတီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ သုံးသပ်ချက် ပြန်လည်တင်ပြခဲ့သည်။ သို့ဖြစ်၍ အဆိုပါ အဆောက်အအုံများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြန်လည်စိစစ်ပြီး သြဂုတ် ၂၀ ရက်တွင် အထပ်များ ပြန်မလျှော့တော့ဘဲ မူလအတိုင်း ပြန်လည်ခွင့်ပြုခဲ့ခြင်းကြောင့် ယင်းမူဝါဒများ အပေါ် ဆောက်လုပ်ရေး အသိုင်းအဝိုင်းက များစွာဝေဖန်ခဲ့ကြသည်။
ထို့ပြင် အဆိုပါ အဆောက်အအုံများသည် သုံးလခန့် ရပ်ဆိုင်းခဲ့ရပြီးမှ ပြန်လည်ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသုံးလခန့်တွင် ဆောက်လုပ်ရေး အလုပ်သမားများ ဆုံးရှုံးမည်ကို စိုးရိမ်သဖြင့် ၎င်းတို့ အလုပ်သမားများကို ပုံမှန်လုပ်အားခများ ပေးခဲ့ရကြောင်း လုပ်ငန်းရှင်များကဆိုသည်။
ထိုသု့ိ ၁၂ လုံးကို ပြန်လည်ခွင့်ပြုခဲ့ပြီးသော်လည်း အထပ်မြင့်အဆောက်အအုံ ၁၈၅ လုံးကျန်ရှိနေခဲ့ပြီး ယင်းအထဲမှ ၄၃ လုံးကို  စည်ပင်ပြန်ပြင်ရမည့် အချက်များကို ညွှန်ကြားခဲ့ပြီး ပြန်ပြင်ပြီးပါက  ဆောက်လုပ်ခွင့် ပြုလိုက်သည်ဟု စက်တင်ဘာလကတည်းက ခေါ်ယူပြောကြားခဲ့ကြောင်း၊ ယင်းအချက်များကို အချို့လုပ်ငန်းရှင်များ ပြန်တင်ပြခဲ့သော်လည်း ချက်ချင်းခွင့်မပြုဘဲ နိုဝင်ဘာ ၈ ရက် မှသာ  ပြန်လည်ဆောက်လုပ်ခွင့် ပြုခဲ့ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။ အဆိုပါ အဆောက်အအုံများသည် ခြောက်လနီးပါးရပ်ဆိုင်းပြီးမှ ပြန်လည်ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိသည့် အထပ်မြင့် အဆောက်အအုံ အားလုံးနီးပါးမှာလည်း ရပ်ဆိုင်းထားမှု ခြောက်လကျော်ကြာမြင့်ခဲ့သည့် နိုဝင်ဘာလကုန်တွင် ပြန်လည်ဆောက်လုပ်ခွင့် ရရှိခဲ့ပြီးသော်လည်း ယခုထိ အဆောက်အအုံ ခြောက်လုံးဆောက်လုပ်ခွင့်ပြန်ပေးရန် ကျန်ရှိနေသေးကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။
ယခင်ကတည်းက ဆောက်လုပ်ရေး ဈေးကွက်အေးနေသည့် အနေအထားတွင် အထပ်မြင့် အဆောက်အအုံကြီးများ ရပ်ဆိုင်းခဲ့ရသည့် အခြေအနေသည် ဆောက်လုပ်ရေး ဈေးကွက်အပေါ် ဝယ်ယူသူများ၏ ယုံကြည်မှုများစွာ ကျဆင်းသွားသည့်အတွက် အဆောက်အအုံ ပြန်လည်ဆောက်လုပ်ခွင့် ရရှိခဲ့သော်လည်း ဈေးကွက်အနေအထား ပုံမှန်ပြန်ရရှိအောင် များစွာကြိုးပမ်းရမည်ဟု လုပ်ငန်းရှင်များက ဆိုသည်။                               

Most Read

Most Recent