ခြောက်နှစ်အတွင်း စံချိန်တင်မြင့်တက်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းနှင့် ၂၀၁၆

ခြောက်နှစ်အတွင်း စံချိန်တင်မြင့်တက်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းနှင့် ၂၀၁၆
Published 25 December 2016
မင်းသီဟဇော်

အခြေခံလူတန်းစားများကို တိုက်ရိုက်သက်ရောက်သည့် ငွေကြေးဖောင်းပွမှုနှုန်းသည် လက်ရှိအစိုးရလက်ထက် ၂၀၁၆ ခုနှစ်အတွင်း စံချိန်တင်မြင့်တက်မှု ဖြစ်ပေါ်ခဲ့သဖြင့် ၂၀၁၆ ခုနှစ်၏ထင်ရှားခဲ့သည့် စီးပွားရေးဆိုင်ရာ အကြောင်းအရာတစ်ခုအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့က တရားဝင်ထုတ်ပြန်ထားသည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၁ ဒသမ ၆၆ ရာခိုင်နှုန်း၊ မေလတွင် ၁၁ ဒသမ ၉၅ ရာခိုင်နှုန်း၊ ဇွန်လတွင် ၁၂ ဒသမ ၁၄ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၁၂ ဒသမ ၁၂ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၁၁ ဒသမ ၄၆ ရာခိုင်နှုန်း၊ စက်တင်ဘာတွင် ၉ ဒသမ ၁၆ ရာခိုင်နှုန်း၊ အောက်တိုဘာတွင် ၈ ဒသမ ၂၆ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၇ ဒသမ ၃၅ ရာခိုင်နှုန်းရှိခဲ့သည်။ အဆိုပါအချက်များအရ ဇွန်လတွင် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည်။
လက်ရှိအစိုးရလက်ထက် ဇွန်လတွင် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခင်ဘဏ္ဍာနှစ် ငါးနှစ်နှင့်နှိုင်းယှဉ်ပါက စံချိန်တင် အမြင့်ဆုံးအနေအထားတွင် ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၆ ခုနှစ် အခြေခံနှစ်အရ ၂၀၁၁-၂၀၁၂  ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် တွင်  ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉၀ ရာခိုင်နှုန်း ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၁ ဒသမ ၄၄ ရာခိုင်နှုန်း ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ အဆိုပါ ဘဏ္ဍာနှစ်များတွင် ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းနှင့် နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းမှာ စံချိန်တင် မြင့်တက်ခဲ့သည်ဟု ဆိုနိုင်သည်။
လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိနိုင်မည်ဟု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ အဆိုပြု တင်ပြချက်အနှစ်ချုပ်တွင် ဖော်ပြထားသည်။
ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရန်အတွက် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြား ငွေထိန်းချုပ်ရေးမူဝါဒများ အပေါ်အခြေခံကာ မဖြစ်မနေဆောင်ရွက်သွားမည်ဟု အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်အထိ) တွင် ဖော်ပြထားသည်။ ထို့ပြင် ငွေကြေးဖောင်းပွမှုနှုန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် နှစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းကြားသာ ရှိရန်ခန့်မှန်းထားကြောင်း အဆိုပါ စီမံကိန်းလျာထားချက်များအရ သိရသည်။
ငွေကြေးဖောင်းပွမှုနှုန်း တွက်ချက်ရာတွင် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံ၍ တွက်ချက်ရသည့်အတွက် ယေဘုယျအားဖြင့် စားသုံးသူဈေးဆနှုန်း မြင့်တက်ပါက ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နိုင်ကြောင်း သိရသည်။
ငွေကြေးဖောင်းပွမှုကြောင့် ဝင်ငွေနှင့် ဝယ်ယူနိုင်စွမ်းကျဆင်းကြောင်း၊ ပုံသေဝင်ငွေ ရသူများထိခိုက်နိုင်ပြီး ငွေဖောင်းပွမှုကြောင့် မမျှတသည့် ချမ်းသာကြွယ်ဝမှုများ ဖြစ်လာနိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းအား မထိန်းချုပ်နိုင်ပါက စားသုံးသူများ၊ လုပ်ငန်းရှင်များသာမက တိုင်းပြည်ပါ ထိခိုက်နိုင်ကြောင်း စီးပွားရေး ပညာရှင်အချို့၏ သုံးသပ်မှုများ ရှိခဲ့သည်။                  

Most Read

Most Recent