၂၀၁၆ ခုနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု လျော့နည်းပြီး ပြည်တွင်း၌ လက်ကျန်များနေသဖြင့် ယခုနှစ် မိုးစပါးအသစ် စတင်ပေါ်ချိန်တွင် စပါးဈေး စံချိန်တင်ကျဆင်းမှု ဖြစ်ပေါ်ခဲ့ခြင်းကို ၂၀၁၆ ခုနှစ်၏ ထင်ရှားကျော်ကြား ကဏ္ဍတွင် ဖော်ပြအပ်ပါသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလဆန်းပိုင်းအထိ ပြည်ပသို့ ဆန်တင်ပို့မှုတန်ချိန် နှစ်သိန်းကျော် လျော့နည်းခဲ့သည်။ ထို့ပြင် မူဆယ်နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည့် တရုတ်ဝယ်လက်များကလည်း အဝယ်နည်းခဲ့သည်။ ပြည်တွင်းစားသုံးမှုအပြင် ပိုလျှံသည်ကို ပြည်ပတင်ပို့လျက်ရှိရာ ယခုနှစ်အတွင်း ပြည်ပတင်ပို့မှု လျော့ကျခဲ့သည့်အတွက် ပြည်တွင်းရှိ စက်ပိုင်ကုန်သည်များထံတွင် လက်ကျန်များ နေခဲ့သည်။
ယင်းကဲ့သို့ ပြည်တွင်း၌ လက်ကျန်များနေချိန်တွင် စပါးအသစ်ပေါ်လာခြင်းကို ဝယ်ယူရန်အတွက် ကုန်သည်များလက်ထဲတွင် ငွေမရှိခြင်းကလည်း စပါးဈေးကျဆင်းလာခြင်း၏ အကြောင်းတရားတစ်ခု ဖြစ်လာခဲ့သည်။
မိုးစပါးပေါ်ချိန်၌ ဖြစ်ပေါ်ခဲ့သည့် မိုးစပါးဈေးနှုန်းများမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မိုးစပါးပေါ်ချိန်က စပါးတင်း ၁၀၀ လျှင် ကျပ် ငါးသိန်းနှင့်အထက် ပေါက်ဈေးရှိခဲ့သော်လည်း ယခုနှစ် မိုးစပါးပေါ်ချိန်၌မူ စပါးတင်း ၁၀၀ လျှင် ကျပ်သုံးသိန်းခွဲခန့်သာ ပေါက်ဈေးရှိခဲ့သည်။
ဒေသအချို့၌ သက်လျင်မိုးစပါးများ စတင်ရိတ်သိမ်းချိန်တွင်မူ စပါးဈေးမှာ တင်း ၁၀၀ လျှင်ပေါက်ဈေး ကျပ်သုံးသိန်းခွဲဝန်း ကျင်သာ ရှိခဲ့ပြီး စပါးအမျိုးအစားကို မူတည်ပြီး ဈေးကွာခြားမှုရှိသည်။ သို့သော် ဝယ်သူမရှိပေ။ တောင်သူများက ဈေးလျှော့ရောင်းချခဲ့သော်လည်း ဝယ်လက်မရှိသဖြင့် တောင်သူများ အခက်တွေ့ခဲ့ရသည်။
သက်လျင်မိုးစပါးများသည် အများအားဖြင့် အရိတ်အသယ်စနစ်ဖြင့် ရိတ်သိမ်းကြရသည်။ ထို့ကြောင့် လုပ်အားခကြီးမြင့်မှုနှင့် နှစ်စဉ်ကြုံတွေ့ရသည်။ ကွင်းအနီးအဝေး၊ နေရာအပေါ်လိုက်ပြီး တစ်ဧက၏ စပါးအရိတ် အသယ်ဈေးနှုန်းများ ကွာခြားသည်။ လုပ်အားခကြီးသဖြင့် မရိတ်သိမ်းပါက ရာသီဥတု အခြေအနေအရ မိုးကြောင့် စပါးများ ထိခိုက်ပျက်စီးနိုင်သဖြင့် စရိတ်စကကို မကြည့်နိုင်ဘဲ ရိတ်သိမ်းကြရသည်။
ရိတ်သိမ်းခ၊ ခြွေလှေ့ခ စသည်ဖြင့် အထွေထွေ ကုန်ကျစရိတ်များ မြင့်တက်နေသော်လည်း စပါးဈေးကျဆင်းခဲ့သဖြင့် တောင်သူများ အတိုးကြီးပေးကာ အကြေးွယူပြီး လုပ်အားခပြဿနာ ဖြေရှင်းရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ရာသီဥတု ပြောင်းလဲမှု၏အကျိုးဆက်ကို ခံစားနေရပြီး အထူးသဖြင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ ကောက်ပဲသီးနှံများ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။
၂၀၁၆-၂၀၁၇ ခုနှစ် စိုက်ပျိုးရာသီအတွင်း မိုးရွာသွန်းမှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေကြီးနစ်မြုပ်မှုဧက လေးသိန်းကျော်ရှိခဲ့ပြီး ဧက ၁၆၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သြဂုတ် ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။
မိုးရာသီအစ စပါးစတင်စိုက်ပျိုးချိန်၌ စိုက်ပျိုးစရိတ်တစ်ခါကုန်သည်။ ရေကြီးရေ လျှံမှုကြောင့် စိုက်ပျိုးထားသည့် လယ်မြေများ ပျက်စီးဆုံးရှုံးခဲ့ပါက တစ်ကြိမ်ပြန်လည် စိုက်ပျိုးရသဖြင့် စရိတ်ထပ်ကုန်ရပြန်သည်။ ထို့ကြောင့် တောင်သူများအတွက် အစိုးရက ထုတ်ချေးပေးသည့် စိုက်ပျိုးစရိတ်ချေးငွေမှာ မလုံလောက်တော့ပေ။ မိုးစပါးအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ကျပ် ၁၀၀ လျှင် အတိုးရှစ်ကျပ်နှင့် ၁၅ ကျပ်ကြား၊ အချို့ဒေသ များတွင် ကျပ် ၂၀ အထိပင် အတိုးပေးချေးယူပြီး စိုက်ပျိုးကြရသည်။
သက်လျင်မိုးစပါး တစ်မျိုးဖြစ်သည့် ရတနာတိုး စတင်ရိတ်သိမ်းချိန်၌ လယ်ကွင်းများထဲတွင် ရေမခန်းခြောက်သေးသဖြင့် အားလုံးကို အရိတ်အသယ်စနစ်ဖြင့် ငှားရမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ အချို့ကမူ ရိတ်ခြွေစက်များနှင့် ရိတ်သိမ်းရကြောင်း၊ ရိတ်ခြွေစက်နှင့် စပါးရိတ်သိမ်းပါက တစ်ဧကလျှင် ကုန်ကျစရိတ်မှာ ကျပ်လေးသောင်းခွဲနှင့် ငါးသောင်းကြားရှိကြောင်း၊ ယင်းကဲ့သို့ ရိတ်ခြွေစက်ဖြင့် ခြွေထားသည့် စပါးများကို အိမ်အထိ သယ်ယူပါက သယ်ယူခ တစ်တင်းလျှင် ကျပ် ၂၀၀ ပေးချေကာ သယ်ယူရသဖြင့် ကုန်ကျစရိတ် ကြီးမြင့်မှုကိုပါ တောင်သူများ ခံစားခဲ့ရသည်။ လယ်ယာလုပ်ငန်းခွင်တွင် အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်နေချိန် စပါးဈေးကျဆင်းမှုက ရငွေနှင့်ကုန်ငွေမမျှတမှုများ ဖြစ်ပေါ်ခဲ့သည် စပါးအရိတ်အသယ် ပြုလုပ်ရာတွင် တစ်ဧကလျှင် ကျပ် ၇၅၀၀၀ နှင့် ၈၀၀၀၀ ကြားရှိပြီး ကွင်းအနီးအဝေးလိုက်၍ ဈေးပိုပေးရ ကြောင်းနှင့် အလုပ်သမားခ ဈေးကြီးသလောက် စပါးဈေးကျဆင်းခဲ့သည့်အတွက် တောင်သူများအပေါ် ဘူးလေးရာ ဖရုံဆင့် ဖြစ်ခဲ့ရသည်။
စရိတ်ထောင်းနေသည့် လယ်ယာလုပ်ငန်းခွင်တွင် အမှန်တကယ် စပါးပေါ်ချိန်၌ စပါးဈေးကျဆင်းခဲ့ခြင်းက တောင်သူများအတွက် အကြေးနွံထဲ၌ပင် နစ်နေစေခဲ့သည်။ ထို့ကြောင့် တောင်သူအများစုက စပါးပေါ်ချိန်၌ စပါးဈေးကောင်းရရန် မျှော်လင့်ကြသည်။
စပါးသစ်ပေါ်ချိန်တွင် တင်း ၁၀၀ လျှင် ကျပ်သုံးသိန်းကျော်သာရှိသည့် စပါးဈေးသည် တောင်သူများအတွက် စားဝတ်နေရေး အပြင် အကြွေးတင်စေသည့် နှစ်လည်း ဖြစ်ခဲ့သည်။
ယခုနှစ် ပြည်ပတင်ပို့မှုလျော့ကျပြီး ပြည်တွင်းလက်ကျန်များနေပြီး မိုးစပါးပေါ်ချိန်၌ ဝယ်လက်များမှ ဝယ်ယူမှုမရှိသဖြင့် စပါးဈေးကျဆင်းနေခြင်း ဖြစ်သည်။ ပြည်ပတင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ဈေးများ ကျဆင်းနေချိန်တွင် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေသဖြင့် ပြည်ပတင်ပို့ရန် တွက်ခြေမကိုက်သဖြင့် တင်ပို့နိုင်ခြင်းမရှိကြောင်း ကုန်သည်များက ဆိုသည်။
ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျနေသဖြင့် ပြည်တွင်း၌ ဆန်လက်ကျန်များကာ ဆန်ဈေးကျဆင်းလာခြင်း၊ ဒေါ်လာဈေး တက်နေခြင်းတို့ကြောင့် နိုဝင်ဘာလကုန်ပိုင်းမှစ၍ ပြည်ပသို့ဆန်တင်ပို့မှု တိုးမြင့်လာခြင်း နှင့်အတူ စပါးတင်း ၁၀၀ လျှင် ကျပ် ငါးသိန်း ဝန်းကျင်အထိ ဈေးတက်လာခဲ့သည်။
စပါးပေါ်ချိန် စပါးဈေးကျဆင်းမှု တစ်ခုတည်းသာ တောင်သူများအပေါ် ထိခိုက်နေခြင်းမဟုတ်ဘဲ ရာသီဥတု ပြောင်းလဲမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်း၊ မိုးရေအပြည့် အဝမရရှိခြင်း စသည့်အကျိုးဆက်များနှင့် လုပ်အားခဈေးကြီးမြင့်ခြင်း၊ သွင်းအားစု အလုံအလောက် မသုံးစွဲနိုင်ခြင်း စသည့်အချက်များကလည်း တောင်သူများအပေါ် သက်ရောက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ဆန်စပါးအဓိက စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ဆန်သည် အဓိက ပြည်ပပို့ကုန်ဖြစ်သည့်အတွက် တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တိုးမြှင့်နိုင်ရေး၊ ဈေးကောင်းရရှိရေး၊ ဈေးကွက်တိုးချဲ့ တင်ပို့နိုင်ရေး ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
ထို့ပြင် ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ လျော့ကျအောင် ဆောင်ရွက်ရေး၊ သွင်းအားစုများ ဈေးနှုန်းသက်သာအောင် ဆောင်ရွက်ပေးရေး၊ ခေတ်မီဆန်စက်များဖြင့် ကြိတ်ခွဲနိုင်ရေး စသည်ဖြင့် လယ်ယာကဏ္ဍတစ်ခုလုံး တိုးတက်စေရေး ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ၏ လယ်ယာထွက်ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး စသည်ဖြင့် စိန်ခေါ်မှုများစွာရှိနေသည့် မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာအဆင့်မီ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ လယ်ယာလုပ်ငန်းခွင်မှ တောင်သူများ၏ ဘဝမြှင့်တင်နိုင်ရေး အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်ပေးရန် ရေးသားအပ်ပါသည်။









