တပ်မတော် အစိုးရ လက်ထက် နိုင်ငံရေး သမားများနှင့် နိုင်ငံရေး လှုပ်ရှားသူများအား အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ည)နှင့် ဖမ်းဆီးထောင်ချမှုများ ရှိခဲ့သည့် ၎င်းဥပဒေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ် အများစုရှိသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က ဒုတိယပုံမှန် အစည်းအဝေး ကာလအတွင်းတွင် ရုပ်သိမ်းလိုက်သည့်အတွက် ၂၀၁၆ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။အရေးပေါ် စီမံမှု အက်ဥပဒေသည် ၁၉၅၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သော ဥပဒေတစ်ရပ် ဖြစ်သည်။အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက သြဂုတ် ၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။၁၉၅၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သည့် အရေးပေါ်စီမံမှု အက်ဥပဒေသည် ပြောင်းလဲလာသော ခေတ်ကာလနှင့် မလျော်ညီတော့သည့် အတွက်ကြောင့် ပြောင်းလဲလာသည့် ခေတ်ကာလနှင့်အညီ နိုင်ငံသားများ၏ အကျိုးစီးပွားကို အလေးထား စောင့်ရှောက်ပေးရန် လိုအပ်လာသည့်အတွက် ဥပဒေကို ရုပ်သိမ်းနိုင်ရန် အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား တင်သွင်းရခြင်းဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီကိုယ်စား ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဆိုသည်။အရေးပေါ်စီမံမှု အက်ဥပဒေ၊ ၁၉၅၀ ပြည့်နှစ် အက်ဥပဒေ အမှတ်(၁၇)ကို ထိုစဉ်က နိုင်ငံရေး အခြေအနေကြောင့် လိုအပ်ချက်အရ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဥပဒေသည် ယနေ့ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေမှု မရှိသည့်အပြင် နိုင်ငံသူ၊ နိုင်ငံသားများနှင့် နိုင်ငံအရေး ဆောင်ရွက်နေသူများကို အချိန်အခါမရွေး ဖမ်းဆီးချုပ်နှောင်ခြင်း၊ တရားစွဲ ထောင်ချခြင်း စသည့် မတရား ပြုကျင့်မှုများမှ ကာကွယ်နိုင်ရန်အတွက် ဤဥပဒေကြမ်းကို ရေးဆွဲတင်ပြလာခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ၎င်းဥပဒေကြမ်း၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြား တင်ပြခဲ့သည်။၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေသည် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို အချိန်အခါမရွေး ဖိနှိပ်ချုပ်ချယ်နိုင်သော ဥပဒေဖြစ်ခြင်း၊ ခေတ်နှင့် လျော်ညီမှု မရှိတော့ခြင်း၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို အလေးထား စောင့်ရှောက်နိုင်မှု မရှိခြင်း၊ နိုင်ငံသားများ၏ ဘဝလုံခြုံရေးထက် အုပ်ချုပ်သူများ၏ လုပ်ပိုင်ခွင့်ကို ပိုမိုအလေးထား ပြဋ္ဌာန်းထားခြင်း၊ ဖြတ်သန်းလာခဲ့သော ခေတ်အဆက်ဆက်တွင် အုပ်ချုပ်သူတို့က လွယ်ကူစွာ အလွယ်သုံးစွဲနိုင်ခဲ့သော သာဓကများ ရှိခဲ့သည့် ဥပဒေ ဖြစ်ခြင်းတို့ကို လေ့လာစိစစ် တွေ့ရှိရကြောင်းလည်း ဥပဒေကြမ်း ကော်မတီက ဆိုခဲ့သည်။ထို့ပြင် မူလ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်များ၊ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့ ငြိမ်ဝပ်ပိပြားရေး ထိန်းသိမ်းစောင့်ရှောက်ရေး အက်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တို့နှင့် အလားတူညီသောကြောင့် ဥပဒေကြမ်း ကော်မတီဝင် အများစုက အရေးပေါ် စီမံမှု အက်ဥပဒေကို ရုပ်သိမ်းရန် သဘောတူညီကြောင်း ဦးထွန်းထွန်းဟိန်က ကော်တီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြား တင်ပြခဲ့သည်။သို့ရာတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး (လက်ရှိ ကော်မတီဝင်) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန်က ဆွေးနွေးရာတွင် အရေးပေါ်စီမံမှု အက်ဥပဒေအား ပယ်ဖျက်မည် ဆိုပါက အရေးပေါ် စီမံမှု အက်ဥပဒေကဲ့သို့ အလားတူ ဥပဒေအသစ် ပြဋ္ဌာန်းပြီးမှသာ ပယ်ဖျက်သင့်ပါကြောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုနှင့် သက်ဆိုင်သော ကိစ္စ၊ နိုင်ငံတော် လုံခြုံရေးအတွက် တပ်မတော်နှင့် သက်ဆိုင်သော ကိစ္စများကို မပယ်ဖျက်သင့်ဘဲ ပုဒ်မ ၅၊ ပုဒ်ခွဲ (င)နှင့်ပုဒ်မခွဲ (ည) တို့ကိုသာ ပြင်ဆင်သင့်ကြောင်း၊ ဤဥပဒေအား အလွဲသုံးစွဲနိုင်ခြင်းမှာ ခွင့်ပြုမိန့် လွယ်ကူစွာ ချပေးခြင်းကြောင့်သာ ဖြစ်သဖြင့် ခွင့်ပြုမိန့်အား လွယ်ကူစွာချပေးခြင်း မရှိပါက ဤဥပဒေအား ပြင်ဆင်ပယ်ဖျက်ရန် မလိုအပ်ကြောင်း တင်ပြခဲ့သည်ဟု အစီရင်ခံစာက ဆိုထားသည်။အလားတူပင် ဥပဒေကြမ်း ကော်မတီဝင် တပ်မတော် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဆွေးနွေးရာတွင် ဥပဒေအား ရုပ်သိမ်းပယ်ဖျက်ရန်ထက် ဥပဒေကို ကျင့်သုံးရာတွင် အလွဲသုံးစွဲခြင်းမျိုး မလုပ်ဆောင်နိုင်စေရေးအတွက် ထိန်းညှိပေးရန်သာ လိုအပ်ကြောင်း၊ ဥပဒေ တစ်ခုလုံးအား ပယ်ဖျက်မည့်အစား ခေတ်ကာလ အခြေအနေနှင့် မလျော်ညီသော ပုဒ်မများကိုသာ ပြင်ဆင်ပယ်ဖျက်ခြင်းများ ပြုလုပ်သင့်ကြောင်း၊ ဥပဒေအား ပယ်ဖျက်မည် ဆိုပါက ခေတ်နှင့်လျော်ညီသည့် ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းပြီးမှသာ ပယ်ဖျက်သင့်ကြောင်း တင်ပြခဲ့သည်ဟု ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဆိုခဲ့သည်။“အခု NLD ဟာ အစိုးရအဖွဲ့ ဖြစ်လာတယ်။ ဒီဥပဒေက အစိုးရအတွက် လူတစ်ယောက်ကို ဖမ်းဖို့ သိပ်လွယ်တာပဲ။ တစ်နည်းအားဖြင့် ဒီဥပဒေ ရှိနေသမျှ နိုင်ငံသားတွေ အတွက်က မလုံခြုံဘူး။ အကြောင်း အမျိုးမျိုးပြပြီး ဖမ်းလို့ ရနေတဲ့ ကိစ္စ။ အဲဒီတော့ NLD အစိုးရ လက်ထက်မှာ အစိုးရ အနေနဲ့ ဒီဥပဒေကို ဘယ်ပယ်ဖျက်ချင်မလဲ။ လုပ်လို့ကိုင်လို့ သိပ်လွယ်တဲ့ ဥပဒေပေါ့။ ဒါပေမဲ့ ဒီပြည်သူအစိုးရ လက်ထက်မှာ ပြည်သူရဲ့ အကျိုးစီးပွားကို ပိုပြီးတော့ အလေးပေးရမယ် ဆိုပြီးတော့ အန်ကယ်တို့ ပြင်ဆင်ဖို့အတွက် ရုပ်သိမ်းတဲ့ ဥပဒေကို တင်ရခြင်း ဖြစ်ပါတယ်” ဟု ဦးထွန်းထွန်းဟိန်က လွှတ်တော်အစည်းအဝေး အပြီးတွင် မီဒီယာများအား ပြောကြားသည်။အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရာ၌ ကန့်ကွက် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း အတည်ပြုရန် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ အများစုဖြင့် အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။ထို့နောက် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည့် ၎င်းရုပ်သိမ်းသည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌လည်း ဆွေးနွေး အတည်ပြုရာတွင် ကန့်ကွက်ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ယင်းဥပဒေကြမ်းကို ထောက်ခံမဲ အများစုဖြင့် ပြည်သူ့လွှတ်တော်အတိုင်း အတည်ပြုခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူကာ နိုင်ငံတော် သမ္မတထံသို့ ပေးပို့ခဲ့သည်။နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဆိုပါ အရေးပေါ် စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်သည်။ထိုသို့ နိုင်ငံရေးသမားများ အပါအဝင် ပြည်သူများအား လိုသလို ဖမ်းဆီးနိုင်သည့် အရေးပေါ် စီမံမှု အက်ဥပဒေကို ရုပ်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က “အစိုးရကနေ ပြည်သူတစ်ယောက်ကို ကြိုက်သလို ဖမ်းလို့ရအောင် လုပ်ထားတဲ့ ဥပဒေ အရေးပေါ် စီမံမှု အက်ဥပဒေ။ အဲဒီတော့ အဲဒါ မရှိတော့တဲ့ အတွက်ကြောင့် ပြည်သူတွေရဲ့ အခွင့်အရေးကို ပိုပြီး ကာကွယ်ရာ ကျတာပေါ့။ ပိုပြီးတော့ လုံခြုံလာတာပေါ့” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဆိုသည်။နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က “ပုဒ်မ ၅(ည)ဆိုတာက သူ့ရဲ့ သမိုင်းကြောင်းကို ပြန်ပြောမယ်ဆိုရင် ၁၉၅၀ ပေါ့။ အဲဒါက တိုင်းပြည်မှာ အမှန်တကယ် လိုအပ်နေတယ် ဆိုပြီးတော့ ၁၉၅၀ မှာ လုပ်တာပဲ။ ဒါပေမဲ့ အဲဒါကို ၁၉၆၂ ခုနှစ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းက ဘာလုပ်လာလဲ ဆိုတော့ သူနဲ့ အမြင်မတူတဲ့သူတွေ သူ့ရန်သူလို့ သတ်မှတ်တဲ့ သူ့ရဲ့ အတိုက်အခံ အထူးသဖြင့်တော့ နိုင်ငံရေး သမားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ အပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ နှိပ်ကွပ်ဖို့ အတွက်ကို ဒီ ၅(ည)ဆိုတဲ့ ဥပဒေကို ကိုင်စွဲပြီးတော့ အရေးယူ အပြစ်ပေးတာမျိုး။ တကယ်တော့ တိုင်းပြည်မှာ တကယ် မရှိသင့် မရှိထိုက်တဲ့ ဥပဒေ။ အစ်ကိုတို့ကတော့ ဒီ ၅(ည)နဲ့ပဲ ၁၉၈၈ အာဏာသိမ်းပြီး နောက်ပိုင်းမှာ သုံးနှစ်တွေ၊ ငါးနှစ်တွေ၊ ခုနစ်နှစ်တွေ အဲဒီလိုမျိုးတွေ တောက်လျှောက် စစ်အစိုးရကနေပြီးတော့ ဆောင်ရွက်ခဲ့တာ။ အဓိက ရည်ရွယ်ချက်က တိုင်းပြည်မှာ မူးယစ်ဆေးဝါးပဲ လုပ်လုပ် ကျန်တဲ့ ရာဇဝတ်မှုတွေပဲ ကျူးလွန်ကျူးလွန် အဓိကကတော့ သူတို့ရဲ့ အာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးလာမယ့် နိုင်ငံရေး သမားတွေ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ ဒီမိုကရေစီ ဘက်တော်သားတွေ အားလုံးကို ဒီဥပဒေနဲ့ ထောင်ချောက်သဖွယ် အရေးယူ အပြစ်ပေးခဲ့တာ။ ဒါကတော့ အစ်ကိုတို့ အမြင်မှာတော့ လုံး၀ မရှိသင့်တဲ့ ကိစ္စ။ လုံခြုံရေးနဲ့ ပတ်သက်လို့ အများကြီး အလုပ်လုပ်လို့ ရတယ်။ ဒါပေမဲ့ ဒါကို ကိုင်စွဲပြီးတော့ လက်နက်သဖွယ် လုပ်လာတာတော့ လက်ခံနိုင်စရာ ဘာအကြောင်းမှ မရှိဘူး” ဟု သုံးသပ် ပြောကြားသည်။“၆၆(ဃ)တို့ ဘာတို့က ၂၀၁၃ မှ ပေါ်လာတာ။ ဒါကလည်း ဦးသိန်းစိန် အစိုးရ အနေနဲ့က ဒါလည်း ရည်ရွယ်ချက် ရှိရှိပဲ လုပ်တာ။ ဘာကြောင့်လဲဆိုတော့ ၅၀၀ ဆိုတာလည်း ရှိပြီးသား အသရေဖျက်တယ် ဆိုတာ။ ဒါကြီး ရှိရဲ့သားနဲ့ ၆၆(ဃ)ကိုလည်း နိုင်ငံရေး အကျဉ်းသားတွေ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ ဒီမိုကရေစီ အင်အားစုတွေကို တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်မှာ။ အခုဆိုရင် ဒါကြီးဟာ စစ်အာဏာရှင် အစိုးရ အဆက်ဆက်ကနေ ကျင့်သုံးခဲ့တဲ့ ၂၀၁၃ ကတည်းကနေ ကျင့်သုံးခဲ့တဲ့ ဥပဒေက အခုအချိန်ထိ သက်ဝင် လှုပ်ရှားနေတုန်း။ တကယ့် တကယ်ကျတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ဒါက ချိုးဖောက်ခြင်း ခံနေရတာ။ ဒါက ဒီကိစ္စကို အနိမ့်ဆုံး လွှတ်တော်မှာ ပြင်ရင်ပြင် မပြင်ရင် ဖျက်သိမ်း ဒါပဲရှိတယ်။ ၅၀၅(ခ) လည်း ထိုနည်းတူစွာပဲ။ တကယ့်တကယ်ကျတော့ တို့တိုင်းပြည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သွားနေပြီ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သွားနေတဲ့ အခါမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေ၊ နိုင်ငံရေးအရ ယဉ်ကျေးမှု တစ်ခုကို ခေတ်စားလာအောင် လုပ်ရမယ့် အချိန်မှာ ဒီလိုမျိုး ၆၆(ဃ)တို့ ၅၀၅(ခ)တို့ကို လက်နက်သဖွယ် ဒါကတော့ ဖိနှိပ်ရေး ကိရိယာလို့ပဲ သုံးသပ်တယ်။ ဒီပုဒ်မတွေ အားလုံးကတော့ တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်ဖို့ အတွက်ကို ပြဋ္ဌာန်းထားတယ်လို့ အစ်ကိုတို့က သုံးသပ်တယ်။ ဒါ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီးတော့ ဖြေရှင်းရမယ့် ကိစ္စ။ အစိုးရသစ် လက်ထက်မှာ ၅၀၅(ခ)တို့ ၆၆(ဃ)တို့ ဒါတွေ တွင်ကျယ်လာခြင်းကကို ဒါက မဖြစ်သင့်တဲ့ ကိစ္စ။ တစ်ခုတော့ ရှိတယ်။ တမင် ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်ချက် ရှိရှိနဲ့ အသရေဖျက်ချင်တဲ့ သဘောနဲ့ တမင်ထိုးနှက်လာတယ် ဆိုလည်း ပုဒ်မ ၅၀၀ ဆိုတာ ရှိပြီးသား။ ဒါကလည်း အခုအချိန်အထိ တည်ဆဲဥပဒေပဲ။ တည်ဆဲဥပဒေကျတော့ ခေတ်စားအောင် မလုပ်ဘူး။၂၀၁၃ လောက်မှ ပေါ်လာတဲ့ ဒီဥပဒေ တစ်ရပ်ကိုကျတော့ အခုအချိန်အထိ ဒါကြီးကို အသက်ဝင် လှုပ်ရှားအောင် တွင်တွင်ကျယ်ကျယ်ဖြစ်အောင် လက်ခံကျင့်သုံးခြင်းကကိုက ဒါမသင့်လျော်ဘူး။ အထူးသဖြင့် ဒီအစိုးရသစ် လက်ထက်မှာ အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်တွေကလည်း ဒါတွေနဲ့ ထိုးနှက်လာတွေ ဖိနှိပ်လာတာတွေ ဒီလိုမျိုး တွင်တွင်ကျယ်ကျယ် ဖြစ်လာတာကတော့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စပါပဲ” ဟု ဦးထွန်းကြည်က ဆက်လက် ပြောကြားသည်။“ဥပဒေ ဆိုတာက ပြင်တာတို့၊ ဖျက်တာတို့၊ အသစ်ရေးတာတို့ ဆိုတာက အချိန်တိုင်း ရှိမှာပဲ။ ဘာဖြစ်လို့လဲဆိုရင် တချို့ဟာတွေက အစိုးရ မူဝါဒပေါ် မူတည်နေတယ်။ တချို့ဟာတွေက ခေတ်အပေါ် မူတည်နေတယ်။ အဲဒီတော့ ခေတ်တွေနဲ့ညီအောင် နောက်ပြီးတော့ မူဝါဒတွေနဲ့ ကိုက်ညီအောင်လို့ ပြောရင် တစ်ချိန်လုံး ဥပဒေတွေက ပြင်တာနဲ့ ဖျက်တာနဲ့ အသစ်ပြန်ရေးတာနဲ့ ရှိမှာပဲ” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဆိုသည်။ပြည်သူကို ကိုယ်စားပြုသည့် ဥပဒေများ ဖြစ်ရန် အလွန် အရေးကြီးကြောင်းနှင့် ပြည်သူကို အကာအကွယ်ပေးသည့် ဥပဒေများ ဖြစ်မှသာ ပြည်သူကလည်း ယုံကြည်အားကိုးကာ လေးစားလိုက်နာကြမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး စတင်ကျင်းပချိန် နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားထားသည်။ထို့ကြောင့် ပြည်သူလူထု၏ ထောက်ခံမဲ အများအပြား ပေးမှုဖြင့် NLD လွှတ်တော်ကိုယ်စားလှယ် အများစု ရှိသည့် ဒုတိယအကြိမ်လွှတ်တော် အနေဖြင့် ပြည်သူလူထုကို အကျိုးဖြစ်ထွန်းစေပြီး အကာအကွယ်ပေးသော ဥပဒေ၊ လူထုကို အကာအကွယ် မပေးသော ဥပဒေတွေကို အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ဘယ်လိုဆောင်ရွက်မည်လဲ၊ ဘယ်လောက်အထိ ဆောင်ရွက်နိုင်လဲ ဆိုသည်ကို စောင့်ကြည့်သွားရမည် ဖြစ်သည်။









