အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ ဦးဆောင်သည့် အစိုးရ တက်လာပြီးနောက် အစိုးရ အဖွဲ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် သမ္မတရုံးဝန်ကြီး ရာထူးနေရာများကို ရယူခဲ့သည်။NLD အစိုးရသက်တမ်း ကိုးလတာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မေ ၆ ရက်က သွားရောက်ခဲ့သည့် လာအိုနိုင်ငံ ခရီးစဉ်မှ အစပြု၍ ၂၀၁၆ ခုနှစ်အတွင်း အစိုးရ တာဝန်များဖြင့် ပြည်ပခရီးစဉ်များ သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်များသည် နိုင်ငံရေး၊ စီးပွားရေးအရ အရေးပါသည့် ခရီးစဉ်များ ဖြစ်ခြင်းကြောင့် ၂၀၁၆ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်ပ ခရီးစဉ်မှာ မေ ၆ ရက်က လာအိုနိုင်ငံသို့ သမ္မတ ဦးထင်ကျော်နှင့်အတူ နေ့ချင်းပြန် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လာအိုနိုင်ငံ သမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်နှင့် မစ္စစ်ခမ်မွမ်းဂ်ဗိုရာချစ်တို့၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့နှင့် အတူ လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။လာအိုခရီးစဉ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ဇွန် ၂၃ ရက်မှ ဇွန် ၂၅ ရက်အထိ သုံးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သလို မဟာချိုင်မြို့ ထလေးထိုင်း ဈေးခန်းမတွင် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့်လည်း တွေ့ဆုံခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် သွားလာမှု၊ အလုပ်သမားများ အလုပ်ခန့်ထားမှု သဘောတူညီချက် နှစ်ခုနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အတွက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် သိန်းနှင့်ချီသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအတွက် အကျိုးရှိစေရန် လုပ်ဆောင်နိုင်ခဲ့သည့် ခရီးစဉ် တစ်ခုအဖြစ် သုံးသပ်နိုင်သည်။ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ခရီးမှာ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ဇူလိုင် ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အရှေ့တောင်အာရှ နျူ ကလီးယားကင်းမဲ့ဇုန် ကော်မရှင် အစည်းအဝေးနှင့် အာဆီယံ ဒေသတွင်း လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် ကိုယ်စားလှယ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့သလို တောင်ကိုရီးယား၊ တရုတ်နိုင်ငံ၊ သြစတြေးလျ၊ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။သြဂုတ် ၁၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခယ်ကျင်း၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေးရက်ကြာ တရားဝင် ချစ်ကြည်ရေး သွားရောက်ခဲ့သည်။အမေရိကန် ခရီးစဉ် မတိုင်မီ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို မဟာဗျူ ဟာမြောက် ခရီးစဉ် တစ်ရပ်အဖြစ် သုံးသပ်မှုများ ရှိခဲ့သလို တရုတ်ခရီးစဉ် မတိုင်မီ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမှု ပြုလုပ်ခဲ့ခြင်းကလည်း အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခယ်ကျင်းက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီး မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ဆောက်လုပ်ရေး ကဏ္ဍဆိုင်ရာ ကွမ်းလုံတံတား တည်ဆောက်ရေးအတွက် Exchange of Note နှင့် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တို့အား လက်မှတ်ရေးထိုး လဲလှယ်ခဲ့ဲကြသည်။ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင်ပင်းနှင့်လည်း ပေကျင်းမြို့ရှိ ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ် မတိုင်မီ တရုတ်အစိုးရ အာဘော် သတင်းစာ Global Times က မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် အသားပေးရေးသားသည့် ဆောင်းပါးများ ဖော်ပြခဲ့သည်။သို့ရာတွင် ခရီးစဉ် အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်အား မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းထားကြောင်းနှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် အကောင်းဆုံးနည်းလမ်း တွေ့ရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။တရုတ်ခရီးစဉ်ပြီးနောက် အမေရိကန် ခရီးစဉ် မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပခဲ့သည့် ၂၈ ကြိမ်နှင့် ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်တို့နှင့် သီးခြားစီ တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ခရီးစဉ်အတွက် ရန်ကုန်မြို့မှ စက်တင်ဘာ ၁၀ ရက်တွင် ထွက်ခွာခဲ့ပြီး အသွားခရီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ သုံးရက်ကြာ နေထိုင်ခဲ့ပြီး ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Ms. Theresa May၊ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Rt.Hon. Mr. Boris Johnson၊ ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Rt. Hon. John Bercow တို့နှင့် သီးခြားစီ တွေ့ဆုံမှုများ ပြုလုပ်ခဲ့သလို ဥရောပဒေသ၊ အရှေ့အလယ်ပိုင်း ဒေသနှင့် အာဖရိကဒေသ အခြေစိုက် မြန်မာသံအမတ်ကြီး ၁၂ ဦးနှင့် တွေ့ဆုံခဲ့သည်။ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု တရားဝင် ခရီးစဉ်အတွက် လန်ဒန်မြို့မှ ဝါရှင်တန်မြို့သို့ စက်တင်ဘာ ၁၃ ရက်တွင် သွားရောက်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၄ ရက်တွင် အမေရိကန်နိုင်ငံ သမ္မတ အိုဘားမားနှင့် အိမ်ဖြူတော် သမ္မတရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ခရီးစဉ် မတိုင်မီ ကတည်းက သတင်းများ ထွက်ပေါ်နေသည့် အတိုင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှု အချို့ကို ရုပ်သိမ်းရန် အမေရိကန် ပြည်ထောင်စု အနေဖြင့် ပြင်ဆင်လျက် ရှိကြောင်း သမ္မတ အိုဘားမားက ပြောကြားသည်။အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းရန် အချိန်ကျပြီဟု ယင်းတွေ့ဆုံမှုတွင် ပြောကြားသည်။ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်စေရန်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များအား မိန့်ခွန်းပြောကြားရာတွင် တိုက်တွန်း ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်မြို့တွင် နေထိုင်စဉ်အတွင်း ဒုတိယသမ္မတ ဂျိုးဘိုင်းဒင်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့နှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့သည်။ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်တွင် ကျင်းပသည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အထွေထွေ မူဝါဒရေးရာ မိန့်ခွန်း ပြောကြားခဲ့သလို United Nations Educational, Scientific and Cultural Organization (UNESCO) ၏ ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokova၊ ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Lars Løkke Rasmussen၊ မက္ကဆီကိုနိုင်ငံ သမ္မတ H.E.Mr.Enrique Peña Nieto၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် H.E. Ms. Sheikh Hasina တို့နှင့် ကုလသမဂ္ဂ ဌာနချုပ်တွင် သီးခြားစီ တွေ့ဆုံခဲ့သည်။နှစ်ပတ်ကျော်ကြာ ကြာမြင့်ခဲ့သည့် ဗြိတိန်၊ အမေရိကန် ခရီးစဉ် အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ခရီးစဉ်နှင့် ပတ်သက်ပြီး ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ရှိလာ၍ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ မရှိကြောင်း၊ ကျွမ်းကျင်သူ ဆရာဝန်ကြီးများဖြင့် ကျန်းမာရေး စစ်ဆေးခဲ့ရာတွင် အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း အစီအစဉ်များ များပြားလွန်းပြီး နားချိန် နည်းပါးသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ခရီးစဉ်အတွင်း စားချိန်သောက်ချိန် မမှန်သဖြင့် အစာအိမ် ရောင်ရမ်းခြင်းနှင့် ကွန်ပျူတာ အကြည့်များသဖြင့် အရိုးကျီးပေါင်းတက်ခြင်း စသည်တို့ တွေ့ရှိရခြင်းကြောင့် အချိန်အနည်းငယ် အနားယူရန် လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့ရသည်။ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၆ ရက်၌ အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် ကျင်းပသည့် BIMSTEC Retreat အစည်းအဝေးနှင့် BRICS-BIMSTEC Leaders' Out-reach Summit များသို့ တက်ရောက်ခဲ့ပြီး သီရိလင်္ကာနိုင်ငံ သမ္မတနှင့်လည်း သီးခြားစီ တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၇ ရက်၌ အိန္ဒိယနိုင်ငံ သမ္မတနှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်တို့၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် စတင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက Forecourt, Rashtrapati Bhavan ၌ တရားဝင် အခမ်းအနားဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီတို့ Hyderabad House အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်း၊ စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU on Cooperation in the Power Sector) ကို လက်မှတ်ရေးထိုးခြင်းနှင့် ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက် ဗုဒ္ဓဂယာရှိ ရှေးဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းနှင့် မင်းတုန်းမင်း၊ ဘကြီးတော်မင်း ကျောက်စာများအား မွမ်းမံပြင်ဆင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Smt. Sushma Swaraj၊ အိန္ဒိယနိုင်ငံ သမ္မတ H.E. Mr. Pranab Mukheijee တို့နှင့်လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။အိန္ဒိယ ခရီးစဉ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ထပ်မံ သွားရောက်ခဲ့သည့် ခရီးစဉ်မှာ နိုဝင်ဘာ ၁ ရက်တွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်အထိ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ခြင်း ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက နိုင်ငံတော် ဧည့်ဂေဟာ (Akasaka State Guest House) တွင် အခမ်းအနားဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့သည်။ဂုဏ်ပြုကြိုဆိုပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးတို့သည် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီး “မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ အစိုးရတို့အကြား ဂျပန်ပြည်ပ ပူးပေါင်းဆောင်ရွက်မှု လုပ်အားပေးများ စေလွှတ်ရေး အစီအစဉ်အရ မြန်မာနိုင်ငံသို့ လုပ်အားပေးများ စေလွှတ်ရေးဆိုင်ရာ စာချွန်လွှာ” ကို နှစ်နိုင်ငံ အစိုးရ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ခဲ့ကြသည်။ တွေ့ဆုံမှုအပြီး ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်ကြားစေ့ရေးအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံခန့် ကူညီမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတည်ဆောက်ရေးကို အကူအညီ ပေးသွားမည်ဟု ထပ်လောင်း ပြောကြားသည်။ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂ ရက်တွင် တိုကျိုမြို့ Rahga Hotel ၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံခဲ့သလို ကျိုတိုတက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အပ်နှင်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပြီး ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူခဲ့သည်။ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ဧကရာဇ်နှင့် မိဖုရားတို့ကိုလည်း တိုကျိုမြို့ Imperial Palace ၌ သွားရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။၂၀၁၆ ခုနှစ်အတွင်း အစိုးရ တာဝန်များဖြင့် သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံး ပြည်ပခရီးစဉ်သည် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ် ဖြစ်သည်။စင်ကာပူ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ရှန်ဂရီလာ ဟိုတယ်၌ စင်ကာပူနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာတွင် နောက်နှစ် ၂၀ အတွင်း စင်ကာပူနိုင်ငံ၏ စီးပွားရေးကို မြန်မာနိုင်ငံ အနေဖြင့် ကျော်တက်နိုင်မည်ဟု ပြောကြားခဲ့ရာ ၎င်း၏ ပြောကြားမှုအပေါ် ထောက်ခံမှုများ ရှိသလို ဝေဖန်မှုများလည်း ရှိခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းတို့ တွေ့ဆုံမှုတွင် စင်ကာပူနှင့် မြန်မာ နှစ်နိုင်ငံအကြား စင်ကာပူ-မြန်မာ အသက်မွေးပညာသင်ကျောင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာအား သုံးနှစ်သက်တမ်း တိုးမြှင့်သွားရေး ကိစ္စ၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းမှုများ စတင် ဆောင်ရွက်သွားရေး ကိစ္စ၊ နှစ်နိုင်ငံအကြား ၁၉၉၉ ခုနှစ်က လက်မှတ်ထိုးခဲ့သည့် အခွန်နှစ်ထပ် ပေးဆောင်မှု ရှောင်ရှားရေး သဘောတူစာချုပ်အား ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းမှုများ စတင်ဆောင်ရွက်ရေး ကိစ္စနှင့် စင်ကာပူ လေကြောင်းလိုင်းအား ပျံသန်းမှု ရာသီတစ်ခုအတွက် ခြောက်လခန့် စမ်းသပ် ပြေးဆွဲရေး ကိစ္စတို့အပေါ် ဆွေးနွေးခဲ့ကြသည်။စင်ကာပူ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ ဝါရင့်ဝန်ကြီး H.E. Mr. Goh Chok Tong၊ စင်ကာပူနိုင်ငံ ခေတ္တသမ္မတ H.E. Joseph Yuvaraj Pillay တို့နှင့် သီးခြားစီ တွေ့ဆုံမှုများ ပြုလုပ်ခဲ့သလို စင်ကာပူနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် အမျိုးသား လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေး ဝန်ကြီး H.E. Mr. Teo Che Hean မှ တည်ခင်းသည့် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့လည်း တက်ရောက်ခဲ့သည်။ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁ ရက်တွင် စင်ကာပူနိုင်ငံ၏ အကျင့်ပျက် အဂတိ လိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာန (Corrupt Practices Investigation Bureau-CPIB) သို့လည်း သွားရောက်လေ့လာခဲ့သလို ယင်းနေ့ညပိုင်း၌ ပြုလုပ်သည့် စင်ကာပူနိုင်ငံရောက် မြန်မာ အသိုက်အဝန်းနှင့် တွေ့ဆုံမှုတွင်လည်း NLD အစိုးရ လက်ထက်တွင် အဂတိလိုက်စားမှု လျော့ကျသွားကြောင်း ထည့်သွင်း ပြောကြားသည်။ထို့ကြောင့် NLD အစိုးရသက်တမ်း ကိုးလကျော် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အာဆီယံ အစည်းအဝေးများသို့ နှစ်ကြိမ်၊ BIMSTEC အစည်းအဝေး တစ်ကြိမ်နှင့် ပြည်ပနိုင်ငံ ရှစ်နိုင်ငံသို့ ခရီးစဉ်များ သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်များအတွင်း ထိုင်း၊ တရုတ်၊ အမေရိကန်၊ ဂျပန်နိုင်ငံ ခရီးစဉ်များကို အောင်မြင်သည့် ခရီးစဉ်များအဖြစ် အကြမ်းဖျင်း သုံးသပ်နိုင်ပြီး အမေရိကန်နိုင်ငံ၏ အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ခဲ့ခြင်းနှင့် ဂျပန်နိုင်ငံမှ ငါးနှစ်တာအတွက် ဒေါ်လာ ရှစ်ဘီလျံ အကူအညီ ရရှိခဲ့ခြင်းများက အကျိုးဖြစ်ထွန်းစေခဲ့သည့် ကိစ္စရပ်များ ဖြစ်ခဲ့သည်။
အစိုးရ တာဝန်များဖြင့် သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပ ခရီးစဉ်များ









