အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လက်ဆောင်ပစ္စည်း လက်ခံခြင်း လမ်းညွှန်ချက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လက်ဆောင်ပစ္စည်း လက်ခံခြင်း လမ်းညွှန်ချက်
လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကို တွေ့ရစဉ်
လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကို တွေ့ရစဉ်
Published 25 December 2016
ကျော်ဇင်ဝင်း

ရာထူးကြောင့် မဟုတ်သော လက်ဆောင်ပစ္စည်း ငွေကျပ် နှစ်သောင်းခွဲဖိုး (တစ်နှစ်လျှင် ကျပ်တစ်သိန်းထက် မပိုစေရ) ထက် ပိုမယူရန် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်ဆောင်ပစ္စည်း လက်ခံခြင်း လမ်းညွှန်ချက်အား ၂၀၁၆ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခု အဖြစ် ဖော်ပြအပ်ပါသည်။အကျင့်ပျက် ခြစားမှုနှင့် ပတ်သက်ပြီး NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ အစိုးရ ဖွဲ့နိုင်ပါက ခြစားမှု ကင်းစင်သည့် အစိုးရ ဖြစ်စေရမည်ဟု ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ရမည်းသင်းမြို့တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲတွင် ကတိပေးခဲ့သည်။ထို့နောက် NLD ပါတီမှ ဦးဆောင်ဖွဲ့စည်းသည့် သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရသစ် နိုင်ငံတော် တာဝန်အား စတင် တာဝန်ယူသည့် ရက်ပိုင်းအတွင်း ထိုစဉ်အချိန်က ပြည်ထောင်စုဝန်ကြီး တာဝန်သာ ရယူထားသေးသည့် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားသော လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကို ဗဟိုရုံးများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းအစိုးရများထံ နိုင်ငံတော် သမ္မတရုံးက ဧပြီ ၁ ရက်တွင် ဖြန့်ဝေခဲ့ခြင်းကြောင့် ခြစားမှု တိုက်ဖျက်ရေး အတွက် ကနဦး လမ်းစ အကောင်အထည်ဖော်မှုအဖြစ် ပြည်သူအများစုက သတ်မှတ်ခဲ့သည်။အဆိုပါ လမ်းညွှန်ချက်မှာ အစိုးရ အဖွဲ့ဝင်၊ အစိုးရမှ ဖွဲ့စည်းထားသည့် ကော်မရှင် အဖွဲ့အစည်း၊ အဖွဲ့ဝင်၊ ပြည်သူ့ဝန်ထမ်းတို့သည် မိမိ၏ ရာထူးကြောင့် ပေးအပ်သည်ဟု ယူဆသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ထံမှ ပေးအပ်သော လက်ဆောင်ပစ္စည်းများကို လက်ခံခြင်း မပြုရန် ပိတ်ပင် တားမြစ်ခြင်း ဖြစ်သည်။မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု၊ အကျင့်စာရိတ္တ ပျက်ပြားမှုများ ထင်ရှားစွာ ရှိနေသဖြင့် အချိန်တို ကာလအတွင်း လုံး၀ ပပျောက်ရေး ဆောင်ရွက်ရန်မှာ အရေးကြီးသည့် စိန်ခေါ်မှုဖြစ်ပြီး လာဘ်စားမှု၊ အကျင့်စာရိတ္တ ပျက်ပြားမှုသည် လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ထိခိုက်စေနိုင်သည့်အတွက် အဘက်ဘက်မှ ထိရောက်စွာ ကိုင်တွယ်ရန် လိုအပ်ကြောင်း၊ လာဘ်ပေး လာဘ်ယူမှုသည် ကနဦး အဆင့်တွင် လက်ဆောင်ပစ္စည်း ပေးရာမှ စတင်နိုင်ပြီး လူမှုရေးအရပေးသည့် လက်ဆောင်ပစ္စည်း သို့မဟုတ် တံစိုးလက်ဆောင်အဖြစ် ပေးအပ်သည့် ပစ္စည်း ခွဲခြားသတ်မှတ်ရန် ရည်ရွယ်၍ လမ်းညွှန်ချက်ကို ထုတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ရသည့် ရည်ရွယ်ချက်တွင် ဖော်ပြခဲ့သည်။ထို့ပြင် လက်ဆောင်ပစ္စည်းကို အဓိပ္ပာယ် ဖွင့်ဆိုထားရာတွင် ငွေကြေးနှင့် တန်ဖိုးရှိသည့် ပစ္စည်း အပါအဝင် ရွှေ၊ ငွေ၊ လေယာဉ်လက်မှတ်၊ အခမဲ့ တည်းခိုခ၊ အခမဲ့ စားသောက်ခ၊ ဧည့်ခံကျွေးမွေးခြင်း၊ ဂေါက်သီးအသင်းဝင်ကြေး စသည်တို့ လက်ဆောင်ပစ္စည်းတွင် အကျုံးဝင်ကြောင်းလည်း လမ်းညွှန်ချက်တွင် သတိပေးခဲ့သည်။သို့ရာတွင် လမ်းညွှန်ချက်၌ ခြွင်းချက် အနေဖြင့် လက်ဆောင်ပစ္စည်း တန်ဖိုးကျပ်ငွေ ၂၅၀၀၀ ထက် မပိုသည့် လက်ဆောင်ပစ္စည်း (အဖွဲ့အစည်း တစ်ခု၊ လူပုဂ္ဂိုလ် တစ်ဦးထံမှ လက်ခံရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ် ၁၀၀,၀၀၀ တန်ဖိုးထက် မပိုစေရ) မိမိ၏ တရားဝင် ရာထူးကြောင့် မဟုတ်ဘဲ မိသားစု ဆက်ဆံရေး၊ ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ ပေးအပ်သော လက်ဆောင်ပစ္စည်း၊ အခါကြီး ရက်ကြီးများတွင် တစ်နှစ်တစ်ခါ ဂါရဝပြု ပေးအပ်သည့် ကျပ်ငွေ တစ်သိန်းထက် မပိုသည့် လက်ဆောင်ပစ္စည်းများကို လက်ခံခွင့်ပြုကြောင်း ထည့်သွင်းရေးသားခဲ့သဖြင့် အဆိုပါ အချက်အပေါ် ထိုစဉ် အချိန်က ဝေဖန်မှုအချို့ ရှိခဲ့သည်။ထို့အတူ လက်ခံခွင့် မရှိသည့် လက်ဆောင်ပစ္စည်းများ ပေးအပ်လာပါက ပြန်လည်ပေးအပ်ရမည့် နည်းလမ်းများ၊ နိုင်ငံခြား အစိုးရက ပေးအပ်သော လက်ဆောင်ပစ္စည်း လက်ခံရမည့် နည်းလမ်းများ၊ လက်ဆောင်ပစ္စည်းများ ပေးအပ်လာသည်ကို လက်ခံသည် ဖြစ်စေ၊ ငြင်းပယ်သည် ဖြစ်စေ အထက်အကြီးအကဲထံ တင်ပြရန် အချက်များကိုလည်း လမ်းညွှန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ထိုသို့ လက်ဆောင်ပစ္စည်း လက်ခံခြင်း လမ်းညွှန်ချက် ထွက်ပေါ်ပြီး ရက်သတ္တပတ် သုံးပတ်ခန့် အကြာ ဧပြီ ၂၀ ရက်တွင် နိုင်ငံတော် သမ္မတရုံးက “မီဒီယာ ကုမ္ပဏီကြီး တစ်ခုအား ငွေကြေးပေးအပ်ခြင်း မပြုရန် ပညာပေး အသိပေး” ဟု ခေါင်းစဉ်ဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ယင်းကြေညာချက်ပါ အချက်များအရ နေပြည်တော်တွင် သင်္ကြန်ကာလ၌ အစိုးရအဖွဲ့ ဝန်ကြီးဌာနများမှ ပုဂ္ဂိုလ်များ ဖိတ်ကြား ဧည့်ခံခြင်း ခံရသော မီဒီယာ ကုမ္ပဏီကြီး တစ်ခု၏ ရေကစား မဏ္ဍပ်သို့ သွားရောက်ခဲ့သည့် အရေးကြီး ပုဂ္ဂိုလ်ဟုသာ ဖော်ပြထားပြီး အမည်၊ ရာထူးအဆင့် မဖော်ပြထားသော သူ၏ ကိုယ်ရေး အရာရှိအား အဆိုပါ မီဒီယာ ကုမ္ပဏီကြီးက နှစ်သစ်ကူးလက်ဆောင် ပေးရာတွင် ငွေကျပ်သိန်းငါးဆယ်ပါ အထုပ်ကို ပေးအပ်ခဲ့ပြီး ကိုယ်ရေးအရာရှိကလည်း ငွေသားဟု မသိသဖြင့် ယူဆောင်မိခဲ့ခြင်းဖြစ်ပြီး သိရှိချိန်တွင် အထက် အကြီးအကဲထံ တင်ပြခဲ့ကြောင်း သိရသည်။ထိုသို့ မီဒီယာကုမ္ပဏီကြီး အနေဖြင့် ပေးအပ်သည့် ငွေကြေးသည် စေတနာဖြင့် ပေးအပ်သည့်တိုင် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် ဘောင်ထက် များစွာ ကျော်လွန်နေပြီး ယခုအစိုးရလက်ထက် ပထမအကြိမ် ပေါ်ပေါက်သည့် ကိစ္စ ဖြစ်သဖြင့် ပညာပေးကာလဟု သတ်မှတ်ပြီး ဆက်လက်အရေးယူ ဆောင်ရွက်ခြင်းပြုမည် မဟုတ်ကြောင်း၊ အဂတိ လိုက်စားမှုကို ပပျောက်အောင် ဆောင်ရွက်ရာတွင် အဓိက “မူ” မှာ “မပေးရန်”၊ “မယူရန်” ဖြစ်ကြောင်းနှင့် အနာဂတ်တွင် လက်ဆောင်ပစ္စည်း ပေးခြင်း လမ်းညွှန်ချက်ဘောင်ကို ကျော်လွန်ခြင်း မပြုရန် သက်ဆိုင်ရာ ကုမ္ပဏီအား အကြောင်းကြားကြောင်းဖြင့်သာ သမ္မတရုံး၏ ကြေညာချက်တွင် ဖော်ပြ ပါရှိခဲ့သဖြင့် လာဘ်ပေးလာဘ်ယူပုံစံ ဖြစ်ပေါ်နေသော ကိစ္စရပ် တစ်ခုအပေါ် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးခြင်း မရှိမှုကိုလည်း ဝေဖန်မှုအချို့ ရှိခဲ့သည်။အဆိုပါ ငွေကျပ်သိန်းငါးဆယ်မှာ အလှူငွေအဖြစ် သိမ်းယူခဲ့ပြီး နောက်ပိုင်းတွင် သနပ်ပင်မြို့နယ်၌ ရေရရှိရေးအတွက် အသုံးပြုခဲ့သည်။နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သော မီဒီယာ ကုမ္ပဏီကြီး၏ အမည်၊ အရေးကြီးပုဂ္ဂိုလ် အမည်၊ ကိုယ်ရေးအရာရှိတို့၏ အမည်များကို အများပြည်သူ သိရှိစေရန် ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် မဏ္ဍပ် တည်ဆောက်ခဲ့သော မီဒီယာ ကုမ္ပဏီများထဲတွင် SkyNet တစ်ခုသာ ရှိပြီး အဆိုပါ SkyNet မဏ္ဍပ် ဖွင့်ပွဲနေ့သို့ တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သင်္ကြန် အတက်နေ့တွင် SkyNet မဏ္ဍပ်သို့ သွားရောက်ခဲ့သည့် ဒေါက်တာ တင်မျိုးဝင်း (လက်ရှိ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ)တို့၏ ပုံရိပ်များမှာ SkyNet ရုပ်သံလိုင်း ကြည့်ရှုခဲ့သူများအကြား ရေပန်းစားခဲ့သည်။NLD အစိုးရသစ်လက်ထက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက် တစ်ခုအဖြစ် NLD ပါတီဝင် မြောက်ဥက္ကလာပ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက သြဂုတ် ၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ နိုင်ငံတစ်ဝန်း အဂတိ လိုက်စားမှုများ၊ ထင်ရှား သိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အား ပြန်လည်ဖွဲ့စည်းရန် ဆောင်ရွက်ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ရှိခဲ့သည်။ယင်းအဆိုအား လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးအထိ ပါဝင်ထောက်ခံ ဆွေးနွေးခဲ့ပြီး သြဂုတ် ၁၀ ရက် လွှတ်တော်အစည်းအဝေးတွင် အဆို အတည်ပြုခဲ့ကာ အဆို အတည်ပြုချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဂတိလိုက်စားမှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြန်လည်စိစစ် လေ့လာသုံးသပ်ရန် ဥပဒေကြမ်း ကော်မတီအား မှာကြားခဲ့သည်။ထို့အတူ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းရန်ရှိကြောင်း ထိုစဉ် အချိန်က ပြောကြားသည်။သို့ရာတွင် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ဖွဲ့စည်းခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဆောင်ရွက်ချက်များအပေါ် ပြည်သူအများက အားရကျေနပ်မှု မရှိသော်လည်း လက်ရှိ အချိန်အထိ တစ်စုံတစ်ရာ ပြောင်းလဲဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။အဂတိ လိုက်စားမှုများနှင့် ပတ်သက်၍ ထိန်းထားနိုင်ရန် တရားဥပဒေ စိုးမိုးမှု လိုအပ်မည်ဖြစ်ပြီး ဥပဒေက ခွင့်ပြုသလောက်သာ မှန်မှန်ကန်ကန် လုပ်ကိုင်ရမည် ဖြစ်ကြောင်းနှင့် တရားဥပဒေ ဘောင်အတွင်းမှ မှန်မှန်ကန်ကန် လုပ်ပါက မည်သူ့မျှ ကြောက်ရန် လိုမည် မဟုတ်ကြောင်း၊ အဂတိ လိုက်စားမှုများကို ပွင့်ပွင်းလင်းလင်း သတ္တိရှိရှိ တိုင်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၂ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းသည် အဂတိ လိုက်စားမှုများ ထဲထဲဝင်ဝင် ရှိနေသေးကြောင်းကို ၎င်းက သိရှိနေကြောင်း အသိပေးခဲ့သည့်သဘော ဖြစ်ပြီး အရေးယူရန် ဆောင်ရွက်မည် ဖြစ်ကြောင်းကိုလည်း သတိပေးသည်ဟု မှတ်ယူနိုင်သည်။“အဂတိ လိုက်စားမှုတွေကို သတ္တိရှိရှိ ပွင့်ပွင့်လင်းလင်း တိုင်နိုင်ပါတယ်။ အစိုးရပိုင်း၊ ဌာနပိုင်းကို အသိပေးလို့ ကိုယ့်ကို မထိခိုက်စေရဘူးလို့ အာမခံပါတယ်။ ဒါပေမဲ့ ပစ်စာတွေကို အားပေးတာ မဟုတ်ပါဘူး။ တိုင်ရဲရင် တာဝန်ခံရဲရပါမယ်။ အားလုံးမှာ တာဝန်ရှိပါတယ်။ အောက်က လူတွေက ကျွန်မကို ပြောပါတယ်။ ဝန်ကြီးတွေက သန့်ရှင်းပါတယ်။ အောက်ကလူက အရင်အတိုင်း၊ အရင်အတိုင်းပဲတဲ့။ အရင်အတိုင်းဆို ဝန်ကြီးတွေကို အသိပေးရမယ်လေ။ ဝန်ကြီးတွေက ဖြောင့်မတ်တယ် ယုံကြည်ရင် အသိပေးရမယ်။ ဝန်ကြီးအောက်က ဘယ်သူ ဘာလုပ်နေပါတယ် ဆိုတာကို သတ္တိရှိရှိ အသိပေးပါ။ ကျွန်မတို့ဟာ တိုင်တဲ့သူကို ထုတ်မပြောပါဘူး။ သို့သော် ပစ်စာကို လက်မခံတာကြောင့်မို့ နာမည်တော့ ခံရမယ်။ ကျွန်တော် ကျွန်မဟာ ဘယ်သူ မှတ်ပုံတင်အမှတ် ဘယ်လောက်ပါ ပြောရပါမယ်။ မပြောဘဲ တိုင်တာဟာ ပစ်စာ မြောက်ပါတယ်။ ပစ်စာတော့ လက်ခံလို့ မဖြစ်ပါဘူး။ ကျွန်မတို့ နိုင်ငံအတွင်းမှာ အဂတိ လိုက်စားမှု ပျောက်ကင်းသွားဖို့အတွက် တစ်ဦးချင်း၊ တစ်ဦးချင်းမှာ တာဝန်ရှိတယ် ဆိုတာကို လက်ခံပြီး သိသင့်တာတွေကို အထက်ဝန်ကြီးများဆီ တင်ပြပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်မှုများ ဖြစ်သည့် ၂၀၁၄ ခုနှစ် မတ် ၁၀ ရက်မှ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ စာရင်းများအရ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အဂတိ လိုက်စားမှုဖြင့် တရားစွဲဆိုထားသူ ၁၇ ဦးတွင် ဗိုလ်မှူး(ငြိမ်း)တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် သုံးဦး ကော်မရှင်သက်တမ်း သုံးနှစ်မပြည့်မီ ၃၃ လအတွင်း တိုင်ကြားသည့် တိုင်ကြားစာ ၂၄၇၈ မှုအနက်၂၅ မှုသာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ထားနိုင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်မှု စာရင်းများအရ သိရသည်။အဆိုပါ စုံစမ်းစစ်ဆေးသည့် ၂၅ မှုအနက် ၂၂ မှုကို စုံစမ်းစစ်ဆေးထားပြီး စစ်ဆေးဆဲ တစ်စောင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းမှု မရှိသည့် တိုင်ကြားစာ နှစ်စောင်တို့ ဖြစ်ပြီး စစ်ဆေးထားသည့် ၂၂ မှုတွင် အရေးယူ ဆောင်ရွက်ခဲ့သည်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ် ကျပ်ငါးသောင်း ပြစ်ဒဏ်ချမှတ် ခံရသူ တစ်ဦး၊ ငါးဦးအား တရားစွဲဆိုထားခြင်းနှင့် လေးဦးအား ၅၆/ကျင့် ၅၁၂ အရ ဆောင်ရွက်ခြင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ အရ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခြင်း ခံရသူ တစ်ဦးနှင့် လေးဦးအား တရားစွဲဆိုခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၇/၆၃ အရ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခြင်း ခံရသူ တစ်ဦး ရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃၀(ခ) အရ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများသို့ အရေးယူရန် အကြောင်းကြားသဖြင့် စိစစ် အရေးယူခဲ့သူ ၅၀ တွင် စာဖြင့် သတိပေးခဲ့သူ ၁၃ ဦး၊ နှစ်တိုးလစာ ရပ်ဆိုင်းခြင်း နှစ်ဦး၊ ရာထူးတိုးမြှင့်မှု ရပ်ဆိုင်းခြင်း ၁၂ ဦး၊ တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်း တစ်ဦး၊ ရာထူးမှ ထုတ်ပယ်ခြင်း တစ်ဦး၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း ငါးဦး၊ ပြောင်းရွှေ့ တာဝန်ထမ်းစေခြင်း တစ်ဦးနှင့် အရေးယူရန် သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားထားသူ ၁၅ ဦးအထိ ရှိနေကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသဖြင့် မြန်မာနိုင်ငံကဲ့သို့ အကျင့်ပျက် ခြစားမှု အဆိုးရွားဆုံးနိုင်ငံ စာရင်းတွင် ပါဝင်ခဲ့သည့် နိုင်ငံမျိုးအတွက် ကော်မရှင်၏ အရေးယူမှု စာရင်းအရ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် အားရဖွယ် မတွေ့ရသေးပေ။ မြန်မာနိုင်ငံသည် နိုင်ငံအလိုက် အဂတိလိုက်စားမှု ညွှန်းကိန်း ထုတ်ပြန်သည့် Transparency International ၏ သတ်မှတ်ချက်အရ ကမ္ဘာ့နိုင်ငံ ၁၆၈ နိုင်ငံတွင်  ၁၄၇ အဆင့်မှာသာ ရှိပြီး အာရှအဆင့်မှာ သာမက အာဆီယံ အဆင့်တွင်လည်း မြန်မာနိုင်ငံ၏ နောက်တွင် ကမ္ဘောဒီးယားနိုင်ငံသာ ရှိကြောင်း သိရသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာလဆန်းက သွားရောက်သည့် စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံ၏ အကျင့်ပျက် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာန (Corrupt Practices Investigation Bureau-CPIB) သို့ သွားရောက် လေ့လာခဲ့ခြင်းသည် ထူးခြားမှုတစ်ရပ် ဖြစ်သည်။ထိုသို့ လေ့လာမှုများ ပြုလုပ်ပြီးနောက် စင်ကာပူရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ အစိုးရ လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု ကိစ္စများ ကျဆင်းသွားကြောင်း၊ လာဘ်ပေးလာဘ်ယူများနှင့် ပတ်သက်၍ ဝန်ထမ်းများအား ဖြုတ်ထုတ်သတ် လုပ်ဆောင်ခြင်းကို ဝါသနာ မပါကြောင်း၊ ပြုပြင်နိုင်ရန် အခွင့်အရေး ရမည်ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ အကြောင်းကြောင်းကြောင့် ပျက်စီးခဲ့ရသည့် စာရိတ္တများကို နေ့ချင်းညချင်း မပြုပြင်နိုင်ကောင်းလားဟု အပြစ်ပေးခြင်းလည်း နားလည်မှု ခေါင်းပါးခြင်း ဖြစ်သည့်အတွက် အခွင့်အရေးနှင့် ပြုပြင်ပိုင်ခွင့် ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် လာမည့် ၂၀၁၇ ခုနှစ်မှ စတင်ကာ NLD အစိုးရ အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအား မည်ကဲ့သို့ စီမံကိန်းချ လုပ်ဆောင်သွားမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

Most Read

Most Recent