အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ပထမအကြိမ် အစည်းအဝေး စက်တင်ဘာ လဆန်းက ကျင်းပ ပြီးစီးခဲ့ရာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် ပြုလုပ်မည့် ဒုတိယအကြိမ် အစည်းအဝေး မတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပရမည် ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲများ ကျင်းပရန်နှင့် အားလုံး ပါဝင်ရေးတို့အတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး အင်အားစုများ ပူးပေါင်း စီစဉ်နေသည့် နိုဝင်ဘာလအတွင်း မြောက်ပိုင်းမဟာမိတ် အဖွဲ့များက ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသများသို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်လာရာ ငြိမ်းချမ်းရေး အလားအလာနှင့် ပတ်သက်၍ စိုးရိမ်မှုများ ဖြစ်စေခဲ့သည့် အတွက်ကြောင့် ၂၀၁၆ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု ယန္တရားတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အား လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တစ်ကြိမ် ခေါ်ယူနိုင်ခဲ့သည်။ သို့ရာတွင် NCA ပါ နိုင်ငံရေး လမ်းပြမြေပုံအရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပပြီးမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ခေါ်ယူရမည် ဖြစ်သည်။ ထိုကာလများတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ခေါ်ယူခဲ့ပြီးသည့်တိုင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။NLD အစိုးရ တက်လာပြီး ငါးလအကြာတွင် ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ပထမ အစည်းအဝေးကို စတင်ကျင်းပခဲ့ပြီး ညီလာခံ၏ အစုအဖွဲ့တစ်ခုဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့တွင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအဝင် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း တက်ရောက်စေခဲ့သည့်အပြင် ညီလာခံ ကျင်းပရေး ပူးတွဲကော်မတီတွင်လည်း ပါဝင်စေခဲ့သည်။သို့ရာတွင် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲမှ သုံးဖွဲ့ဖြစ်သော တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA)နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့ (AA)တို့ကိုမူ နှစ်ဖက်ညှိနှိုင်းရာတွင် အဆင်မပြေခြင်းကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ပထမအကြိမ် အစည်းအဝေးသို့ ဖိတ်ကြားခဲ့ခြင်း မရှိပေ။မည်သို့ပင် ဆိုစေကာမူ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်း မရှိဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ခေါ်ယူရခြင်းအပေါ် ဦးသိန်းစိန် အစိုးရ သက်တမ်းကုန်ဆုံးခါနီး နှုတ်ဆက်သည့် အနေဖြင့် ကျင်းပရခြင်း ဖြစ်သည်ဟူ၍ လည်းကောင်း၊ NLD အစိုးရ လက်ထက်တွင် အစိုးရအား ကြိုဆိုသည့် အနေဖြင့် ကျင်းပရခြင်း ဖြစ်သည်ဟူ၍ လည်းကောင်း တာဝန်ရှိသူများက ဖြေကြားမှုများလည်း ရှိသည်။အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန် မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် အစိုးရ အစုအဖွဲ့၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့တို့က စက်တင်ဘာလ အတွင်းတွင် ရေးဆွဲခဲ့ပြီး အောက်တိုဘာလတွင် ပြုလုပ်သည့် UPDJC အစည်းအဝေးတွင် အတည်ပြုခဲ့သည်။နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ပုံသဏ္ဌာန် သုံးခုဖြင့် ကျင်းပရာတွင် ဒေသအလိုက်ကို အစိုးရက လည်းကောင်း၊ လူမျိုးအလိုက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တရားဝင် နိုင်ငံရေး ပါတီများက လည်းကောင်း၊ အကြောင်းအရာအလိုက်ကို အရပ်ဘက် လူမှုအဖွဲ့အစည်းများက လည်းကောင်း ကျင်းပရမည် ဖြစ်ပြီး ဆွေးနွေးရမည့် အကြောင်းအရာများကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က သတ်မှတ်ပေးထားသည်။အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းလမ်းညွှန်တွင် “လူမျိုးအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားဝင် နိုင်ငံရေး ပါတီများမှ ခေါ်ယူ ကျင်းပသော UPDJC မှ အသိအမှတ်ပြုသည့် ဆွေးနွေးပွဲများကို ဆိုလိုသည်” ဟု ဖော်ပြထားရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကို NCA လက်မှတ် ရေးထိုးထားသော၊ NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စသည်ဖြင့် အထူးပြုထားခြင်း မရှိပေ။သို့သော် အောက်တိုဘာလ အတွင်းက ကျင်းပ ပြီးစီးခဲ့သည့် UPDJC အစည်းအဝေးတွင်မူ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို အဆင်သင့် ဖြစ်နေသော နေရာ၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေတွင် ဦးစွာ ကျင်းပသွားရန် သဘောတူခဲ့ပြီး ထိုသို့ သဘောတူခဲ့ခြင်းမှာ နယ်မြေဒေသ လုံခြုံရေး အနေအထားကြောင့် ဖြစ်သည်ဟု UPDJC တာဝန်ရှိသူများက ဆိုသည်။ထို့အတူ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရှိရာ နယ်မြေများရှိ နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ၎င်းတို့ နယ်မြေများတွင်လည်း ပြုလုပ်လိုသည့် ဆန္ဒ ရှိနေပြီး အကြို ပြင်ဆင်မှုများလည်း ရှိနေသည်။ထိုကဲ့သို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် ဆောင်ရွက်နေစဉ် ကာလအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၂ နာရီခန့်မှ စ၍ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့သည်။KIA, MNDAA နှင့် TNLA ပူးပေါင်း အဖွဲ့များက မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းတို့အား တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ကနဦး သတင်းထုတ်ပြန်ခဲ့သည်။လက်နက်ကိုင် တပ်ဖွဲ့များက ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မုံးကိုး၊ ပန်ဆိုင်း၊ နမ့်ခမ်း၊ မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ တပ်မတော် စခန်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းများ၊ ရဲကင်းများအား ဝင်ရောက် တိုက်ခိုက်ခြင်း၊ လားရှိုးနှင့် မူဆယ်အကြား ပြည်ထောင်စု ကားလမ်းပေါ်ရှိ တံတားများအား ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်မှုတွင် ပါရှိခဲ့သည်။ထို့နောက် နိုဝင်ဘာ ၂၂ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ခရီးသွားလာခြင်းများ ခေတ္တ ဆိုင်းငံ့ကြရန် ပြည်သူလူထုအား မေတ္တာရပ်ခံကြောင်းနှင့် စစ်မှန်သော ငြိမ်းချမ်းရေးကို အထူးလိုလားပြီး နိုင်ငံရေး ပြဿ နာကို နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဖြေရှင်းရန် ဆန္ဒအပြည့် ရှိသော်လည်း တပ်မတော်၏ စစ်ရေးဖိအားကိုသာ ဆက်လက်ခံနေကြရသဖြင့် ယခုကဲ့သို့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုမျိုးကို မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရကြောင်း KIA၊ MNDAA၊ TNLA နှင့် AA မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပူးပေါင်းကြေညာချက် ထုတ်ပြန်ခဲ့သည်။ထိုသို့သော အခြေအနေများကြောင့် မူဆယ်မြို့ပေါ်တွင် ဒုက္ခသည်စခန်း ငါးခု ဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်စခန်း ငါးခုမှ ကိုးခုအထိ ရှိခဲ့သည်။တိုက်ပွဲများကြောင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိခဲ့ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန် အတွင်းသို့ သွားရောက်မည့် ကုန်တင်ယာဉ်များသည် ကွတ်ခိုင်နှင့် မူဆယ်ကြားရှိ ထိတွေ့တိုက်ပွဲ ဖြစ်စဉ်များကြောင့် သွားရောက်နိုင်ခြင်း မရှိဘဲ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များတွင် စောင့်ဆိုင်းရမှုများ ရှိခဲ့ပြီး လက်ရှိအချိန် အထိလည်း လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းပေါ်တွင် တိုက်ပွဲများကြောင့် လည်းကောင်း၊ နယ်မြေလုံခြုံရေးအရ သက်ဆိုင်ရာမှ လမ်းခေတ္တပိတ်ခြင်းများကြောင့် လည်းကောင်း မကြာခဏ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေသေးသည်။လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံး ချုပ်ငြိမ်းနိုင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံသည် တစ်ခုသော လမ်းကြောင်း ဖြစ်သည်ဟု ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။တစ်ဖက်တွင်လည်း မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ ပထမအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် အဆင့်မြင့် ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ် အရှေ့မြောက် တိုက်ပွဲ အခြေအနေများမှာ ဦးစားပေး ဆွေးနွေးစရာ အချက်တစ်ခု ဖြစ်လာပြီး အဆိုပါ ဆွေးနွေးပွဲမှ နှစ်နိုင်ငံ ပူးတွဲသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကာ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို နှစ်ဖက်စလုံးက လွန်စွာအလေးထားကြပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် လက်ရှိ ဖြစ်ပေါ်နေသော တင်းမာမှု အခြေအနေကို အမြန်ဆုံး ပြေငြိမ်းသွားစေရန်နှင့် မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု အခြေအနေ မူလပုံမှန် အနေအထားသို့ ပြန်လည် ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တရုတ်ဘက်က တိုက်တွန်းပါကြောင်း ထည့်သွင်း ဖော်ပြထားခဲ့သည်။ထို့နောက် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ရာ တရုတ်အစိုးရ၏ စီစဉ်ပေးမှုအရ မြောက်ပိုင်း မဟာမိတ် အဖွဲ့များနှင့် တွေ့ဆုံရန် လက်ခံခဲ့သော်လည်း ဆွေးနွေးမှုပုံစံ ညှိနှိုင်းမရသဖြင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း မရှိဘဲ လက်ရှိတွင်မူ တွေ့ဆုံညှိနှိုင်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။ထိုသို့ တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးနိုင်မှု မရှိခဲ့သည့် အချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် မိတ္ထီလာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှမ်းပြည်နယ် အရှေ့မြောက် သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA၊ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ ပြည်သူများ သေကျေခြင်း၊ ဒဏ်ရာရခြင်းနှင့် အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘ၀ ရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အခြာ တည်မြဲမှု၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆို တင်သွင်းခဲ့သည်။ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်အတွင်း ဆွေးနွေးစဉ် အချိန်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတို့က KIA၊ MNDAA၊ TNLA နှင့် AA လက်နက်ကိုင် အဖွဲ့တို့အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် လွှတ်တော်က သတ်မှတ်ပေးရန်အထိ တောင်းဆိုခဲ့ပြီး အဆိုအပေါ် မဲခွဲ ဆုံးဖြတ်ရာ၌ ကန့်ကွက်မဲ များသည့်အတွက် အဆိုတင်သွင်းမှု မအောင်မြင်ခဲ့ပေ။ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းမှု မအောင်မြင်သော်လည်း ထပ်မံ၍ KIA၊ MNDAA၊ TNLA၊ AA အဖွဲ့တို့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လားရှိုးမဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူက အဆိုတင်သွင်းခြင်းကို ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးကာ မဲခွဲဆုံးဖြတ်ပြီး အဆိုအား အတည်ပြုခဲ့သည်။ယခုကဲ့သို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်တွင် KIA၊ MNDAA၊ TNLA၊ AA အဖွဲ့တို့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ခေါ်ဝေါ် သုံးစွဲခြင်း၊ သတ်မှတ်ခြင်းမျိုး လုပ်ဆောင်ခြင်းသည် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိခိုက်စေနိုင်သဖြင့် ကန့်ကွက်ကြောင်း NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအဝင် အဖွဲ့အစည်း အသီးသီးက ထုတ်ဖော်ပြောဆိုမှုများလည်း ရှိခဲ့သည်။အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပရာတွင် အချိန်ကာလအားဖြင့် သတ်မှတ်ထားမှု မရှိဘဲ နိုဝင်ဘာလအတွင်း ကျင်းပနိုင်ရန် စီစဉ်ခဲ့ကြသော်လည်း ထိုသို့ ကျင်းပနိုင်ခဲ့သည့် အစုအဖွဲ့ တစ်ဖွဲ့မျှ မရှိခဲ့ပေ။ဒီဇင်ဘာလ အတွင်းတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အကြို ပြင်ဆင်မှုများကို အစုအဖွဲ့ တစ်ခုချင်းစီသော် လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံရေး ကဏ္ဍ၊ လူမှုရေး ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ မြေယာနှင့် သဘာဝသယံဇာတ ကဏ္ဍတို့မှ ခေါင်းစဉ် ခုနစ်ခုကို ခွဲဝေဆွေးနွေးရန် သတ်မှတ်ထားပြီး လုံခြုံရေးကဏ္ဍအောက်ရှိ ခေါင်းစဉ်နှစ်ခုနှင့် ယုံကြည်ကိုးကွယ်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများကိုမူ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးစေမည် မဟုတ်ဘဲ ပြည်ထောင်စုအဆင့်တွင် သာဆွေးနွေးရန် UPDJC က သတ်မှတ်ထားသည်။ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ တိုက်ပွဲများ ဖြစ်စဉ်အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့က ထိန်းချုပ်ထားခဲ့သော မုံးကိုးမြို့အား ဒီဇင်ဘာ ၄ ရက်တွင် တပ်မတော်မှ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့်နောက်ပိုင်း ရှမ်းအရှေ့မြောက်ဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားသည့် အခြေအနေမျိုး မရှိတော့ကြောင်း တပ်မတော်နှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်ထားချက်များအရ သိရသည်။ထိုသို့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ တိုက်ပွဲများ လျော့နည်းသွားချိန် ဒီဇင်ဘာ ၁၆ ရက်တွင် KIA အဖွဲ့မှ ထိန်းချုပ်ထားသည့် ဂီဒုန်တပ်စခန်းအား တပ်မတော်မှ လေကြောင်းပစ်ကူ ရယူကာ သိမ်းယူခဲ့ပြီး နောက်ပိုင်းရက်များတွင် KIA ထိန်းချုပ်ထားသည့် တပ်စခန်း အချို့အား ဆက်လက်တိုက်ခိုက် သိမ်းယူမှုများ ပြုလုပ်ခဲ့သည်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တွဲဖက် အတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့်က “တိုက်ပွဲအကြောင်း ပြောရရင်တော့ အဘက်ဘက်က ဒါကတော့ တိုက်ပွဲ အရှိန် လျှော့ချရမှာပဲ၊ တပ်မတော်ဘက်ရော ဟိုဘက် တိုင်းရင်းသား လက်နက်ကိုင် ဘက်ကရော။ ဒါက နှစ်ဦးနှစ်ဖက်ကနေ တိုက်ပွဲ အခြေအနေကို လျှော့ချသင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို သွားကြမယ်၊ ငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့ အချိန်မှာတော့ တိုက်ပွဲဆိုတာ ဘယ်ဘက်ကစစ မကောင်းပါဘူး။ ထိခိုက်နစ်နာတာက ကျွန်တော်တို့ ပြည်သူတွေပဲ ဖြစ်တယ်။ ကျွန်တော့်သဘောထား အနေနဲ့ကတော့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးတာ အကောင်းဆုံးပဲ” ဟု သုံးသပ်ပြောကြားသည်။အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသော ခေတ်အဆက်ဆက် နိုင်ငံရေး ပြဿနာများကို ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ရန်နှင့် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သည့် မူဝါဒများ ချမှတ်နိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံကို ကျင်းပခဲ့ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အား လက်မှတ်ရေးထိုး မထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်နိုင်အောင် ကြိုးပမ်းခဲ့သည်ဟု ဖော်ပြခဲ့ရာ လက်ရှိ ဆက်လက်ကျင်းပရန် ရှိသေးသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံမှာ အမှန်တကယ် နိုင်ငံရေး ပြဿနာများကို ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ခြင်း ရှိ၊ မရှိနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် လိုအပ်သည့် မူဝါဒများ ချမှတ်နိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။









