ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်နှစ်အောက် ကလေးများအတွက် ငွေကြေးထောက်ပံ့မည့် အစီအစဉ် လာမည့်ဘဏ္ဍာနှစ်မှစ၍ ချင်းပြည်နယ်၌ စတင်မည်ဟုဆို

ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်နှစ်အောက် ကလေးများအတွက် ငွေကြေးထောက်ပံ့မည့် အစီအစဉ် လာမည့်ဘဏ္ဍာနှစ်မှစ၍ ချင်းပြည်နယ်၌ စတင်မည်ဟုဆို
ချင်းပြည်နယ် ဟားခါးမြို့တွင် သောက်သုံးရေရှားပါးမှု မြင်ကွင်းကို ၂၀၁၅ ခုနှစ် နှစ်ကုန်ခန့်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
ချင်းပြည်နယ် ဟားခါးမြို့တွင် သောက်သုံးရေရှားပါးမှု မြင်ကွင်းကို ၂၀၁၅ ခုနှစ် နှစ်ကုန်ခန့်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
Published 22 December 2016
အောင်ရဲကို

ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်နှစ်အောက် ကလေးများအတွက် ငွေကြေးထောက်ပံ့မည့် အစီအစဉ်ကို လာမည့်ဘဏ္ဍာနှစ်မှစ၍ ချင်းပြည်နယ်တွင် စတင်အကောင် အထည်ဖော်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
ဒီဇင်ဘာ၂၁ ရက်ကပြုလုပ်သည့် “လူမှု ကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များ မွမ်းမံသင်တန်း ၁/၂၀၁၆ ဖွင့်ပွဲ”  အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၏အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူ ဟာစီမံချက် အကောင်အထည်ဖော်မှုအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ လာမည့်ဘဏ္ဍာနှစ်မှစ၍ ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်နှစ်အောက်ကလေးငယ်များကို ငွေကြေးထောက်ပံ့မည့် အစီအစဉ်အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန် ပြောကြားသည်။
မိခင်နှင့်ကလေးအား ငွေကြေးထောက်ပံ့မှု အစီအစဉ်သည် မိခင်ဝမ်းတွင်းမှစ၍ မွေးဖွားပြီး နှစ်နှစ်သားအရွယ်အထိ ရက်ပေါင်း တစ်ထောင်ကာလအတွင်း ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးရရှိစေပြီး ဉာဏ်ရည်ဖွံ့ဖြိုးသော ကလေးများက အနာဂတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်သောကြောင့် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ချင်းပြည်နယ်တွင် စတင်ဆောင်ရွက်မည့် ယင်းအစီအစဉ်အတွက် ပထမနှစ်ကာလကို  Livelihood and Food Security Fund ၏ လှူဒါန်းငွေဖြင့် လုပ်ကိုင်မည်ဖြစ်ပြီး နောက်ပိုင်း တိုးချဲ့မည့်အစီအစဉ်များကို အစိုးရ၏ဘတ်ဂျက်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။
မွေးကင်းစမှသည် သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ သဘာဝဘေးနှင့် လူတို့ကြောင့် ဖြစ်ပေါ်သောဘေးများ လျော့ပါးရေးနှင့် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ခြင်းနှင့် အလျင်အမြန်တုံ့ပြန်နိုင်ရေးအတွက် ဆောင်ရွက်နေခြင်း အပါအဝင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ချင်း ပြည်နယ်သည် သဘာဝဘေးဒဏ် နှစ်စဉ်ခံစားရပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ နည်းပါးကာ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ဒေသတစ်ခုဖြစ်သည်။

Most Read

Most Recent