ဗဟိုအဆင့်နှင့် ခုတင်၂၀၀ ဆံ့ ဆေးရုံများတွင် လုပ်ဆောင်သည့် ‘ဆေးရုံကြိုဆိုလမ်းညွှန်ရေး ဝန်ဆောင်မှုလုပ်ငန်း’ကို ခုတင် ၁၀၀ နှင့်အထက် ဆေးရုံများ၌ပါ ထပ်မံတိုးချဲ့လုပ်ဆောင်မည်

ဗဟိုအဆင့်နှင့် ခုတင်၂၀၀ ဆံ့ ဆေးရုံများတွင် လုပ်ဆောင်သည့် ‘ဆေးရုံကြိုဆိုလမ်းညွှန်ရေး ဝန်ဆောင်မှုလုပ်ငန်း’ကို ခုတင် ၁၀၀ နှင့်အထက် ဆေးရုံများ၌ပါ ထပ်မံတိုးချဲ့လုပ်ဆောင်မည်
Published 22 December 2016
အိသဉ္ဇာကျော်

ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်နှင့် ခုတင် ၂၀၀ နှင့်အထက် ပြည်သူ့ဆေးရုံကြီးများတွင် လူနာများ စိတ်ကျေနပ်မှု ရရှိစေရန်နှင့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် ဆေးလူမှုဆက်ဆံရေးဌာနမှ ဦးဆောင်၍ ‘ဆေးရုံကြိုဆိုလမ်းညွှန်ရေး ဝန်ဆောင်မှုလုပ်ငန်း’ကို ခုတင် ၁၀၀၊ ခုတင် ၁၅၀ ဆံ့ ဆေးရုံများတွင်ပါ ထပ်မံတိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက် လုပ်ငန်းစဉ်တွင် ကုသရေးဦးစီးဌာနသည် မူလဆောင်ရွက်နေသည့် ဆေးလူမှုဆက်ဆံရေး လုပ်ငန်းများအပြင် လူနာ၊ မိသားစုဝင်များ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့ဝင်များ အားလုံးကို အကူအညီပေးရန်နှင့် ဆေးရုံအတွင်း ကြိုဆိုလမ်းညွှန် ကူညီပေးရန်အတွက် ‘ဆေးရုံကြိုဆိုလမ်းညွှန်ရေး ဝန်ဆောင်မှုလုပ်ငန်း’ ကိုဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းလုပ်ငန်းကို ဗဟိုအဆင့်နှင့် ခုတင် ၂၀၀ ဆံ့ ဆေးရုံများတွင် ဆောင်ရွက်ခဲ့ရာ ကောင်းမွန်သည့် ရလဒ်များရရှိခဲ့သည့်အတွက် ခုတင် ၁၀၀ နှင့်အထက် ဆေးရုံများတွင်ပါ ထပ်မံတိုးချဲ့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ဆေးရုံ Reception Services ကိုလူနာနှင့် ဝန်ထမ်းများအကြား ဆက်ဆံရေး အဆင်ပြေချောမွေ့စေရန် ပေါင်းကူးဆက်သွယ် ဆောင်ရွက်ပေးရန်၊ လူနာများနှင့် လူနာစောင့်များ၏ စိတ်ဖိစီးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ရန်နှင့် ကုသရေးဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံး၌ အထူးကုဆေးရုံများ အပါအဝင် ခုတင် ၂၀၀ နှင့်အထက် ဆေးရုံပေါင်း ၈၂ ရုံရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ် သြဂုတ်အထိ တစ်နိုင်ငံလုံးတွင် စုစုပေါင်းလူဦးရေ သန်း ၅၀ ကျော် ရှိသည့်အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် အထူးကုဆေးရုံ ၃၂ ရုံ၊ သင်ကြားရေးဆေးရုံ ကိုးရုံ၊ ခုတင် ၅၀၀ ဆံ့ဆေးရုံ ၁၁ ရုံ၊ ခုတင် ၃၀၀ ဆံ့ဆေးရုံ သုံးရုံ၊ ခုတင် ၂၀၀ ဆံ့ဆေးရုံ ၂၇ ရုံ၊ ခုတင် ၁၅၀ ဆံ့ဆေးရုံ နှစ်ရုံ၊ ခုတင် ၁၀၀ ဆံ့ဆေးရုံ ၄၁ ရုံ၊ ခုတင် ၅၀ ဆံ့ဆေးရုံ ၁၁၂ ရုံ၊ ၂၅ ခုတင်ဆံ့ဆေးရုံ ၁၅၁ ရုံ၊ ၁၆ ခုတင်ဆံ့ဆေးရုံ ၁၀ ရုံ၊ တိုက်နယ်ဆေးရုံ ၇၂၅၊ စုစုပေါင်းဆေးရုံ ၁၁၂၃ ရုံနှင့် ယင်းဆေးရုံများတွင် ခွင့်ပြုခုတင် စုစုပေါင်း ၅၄၇၀၃ ရှိကြောင်း သိရသည်။
ကမ္ဘာ့ကုလသမဂ္ဂ ဆေးဘက်ဆိုင်ရာ လူမှုရေးလုပ်ငန်း ကျွမ်းကျင်ပညာရှင် Dr.Bulsara ၏ အကြံပြုချက်အရ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် လုပ်ငန်းဌာန တစ်ခုအနေဖြင့် သီးခြားသတ်မှတ်ကာ ၁၉၅၇ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ရာ ယခုအခါ နှစ်ပေါင်း ၆၀ နီးပါးရှိပြီ ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးလူမှုဆက်ဆံရေးဌာနတွင် ဝန်ထမ်းအင်အား ၃၇၁ ဦးနှင့် Reception နေ့စား ၇၈၄ ဦး၊ စုစုပေါင်း ၁၁၅၅ ဦးဖြင့် ဆေးလူမှုဆက်ဆံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent