မော်တော်ယာဉ်ကိုယ်ထည် ထုတ်လုပ်တပ်ဆင် ရောင်းချမှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ လက်ခစားအပ်ကုန်စနစ် အထည်ချုပ်လုပ်ငန်းများ အပါအဝင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်း ၁၁ ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု

မော်တော်ယာဉ်ကိုယ်ထည် ထုတ်လုပ်တပ်ဆင် ရောင်းချမှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ လက်ခစားအပ်ကုန်စနစ် အထည်ချုပ်လုပ်ငန်းများ အပါအဝင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်း ၁၁ ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု
Published 22 December 2016
စည်သူအောင်

မော်တော်ယာဉ်ကိုယ်ထည် ထုတ်လုပ် တပ်ဆင် ရောင်းချမှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ လက်ခစား အပ်ကုန်စနစ် အထည်ချုပ်လုပ်ငန်းများ အပါအဝင် ပြည်တွင်းပြည်ပ လုပ်ငန်း ၁၁ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့သော  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်း အဝေး (၂၃/၂၀၁၆) တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁ ခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရာခိုင်နှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခု၊ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခုတို့ ပါဝင်ကြောင်း သိရသည်။
ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် SMK Mingalardon  Co.,Ltd အား ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်တွင် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်း၊ Jerry Textile Co., Ltd  ကို ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်းစက်မှုဇုန်တွင် CMP စနစ်ဖြင့် ဇာပန်းထည်များ၊ အထည်အလိပ်များ၊ ပုံနှိပ်ပါအထည်အလိပ်၊ ပန်းထိုးခြင်း၊ အထည်ချုပ်လုပ်ငန်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ Topline Global Co.,Ltd ကို ရန် ကုန်တိုင်းဒေသကြီး  ရွှေလင်ပန်းစက်မှုမြို့ တွင် CMP စနစ်ဖြင့် အတွင်းခံအမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊An & Brothers Manufacturing Co.,Ltd (Cambodia) အား ရန်ကုန်တိုင်းဒေသကြီး ဝါးတစ်ရာစက်မှုဇုန်တွင် CMP စနစ်ဖြင့် အထည်အမျိုးမျိုး ချုပ် လုပ်ခြင်း လုပ်ငန်းတို့ကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။
ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် GMT Garment Factory Co.,Ltd အား ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်-၃ တွင် CMP စနစ် ဖြင့် အထည်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ Global Paper Holding Co., Ltd ကို ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်တွင် စက္ကူလိပ် အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြုး ရောင်းချခြင်းလုပ်ငန်းတို့ကို ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများ အဖြစ် မိတ္တအောင်ကုမ္ပဏီလီမိတက်ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန်တွင် CMP စနစ်ဖြင့် အထည်အမျိုး မျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ မြန်မာမော်တော်ယာဉ် ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ စက်မှုဇုန် (၁၈)နှင့် မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်တွင် Coach Bus၊ City Bus  မော်တော်ယာဉ်ကိုယ်ထည် ထုတ်လုပ် တပ်ဆင် ရောင်းခြင်း လုပ်ငန်း၊ Aurea Hotel & Services Co.,Ltdအား ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် B.O.T စနစ်ဖြင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ လှိုင်ထွန်းပိုင် ကုမ္ပဏီလီမိတက်ကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်တွင် B.O.T စနစ်ဖြင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ အကွာပူရကုမ္ပဏီလီမိတက်ကို မုံရွာမြို့နယ်တွင် B.O.T စနစ်ဖြင့် ချင်းတွင်းမြစ်ရေတင် ရေသန့်စက်ရုံ တည်ဆောက်ပြီး မုံရွာမြို့သုံးရေ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းတို့ကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး(၂၃/၂၀၁၆) မှ ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ၅၀၈၈ ခု ဖန်တီးပေးနိုင်ခဲ့သည်ဟုလည်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent