ပုဂံသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု နိုဝင်ဘာလအတွင်း စံချိန်တင် ဝင်ရောက်ခဲ့သော်လည်း ဒီဇင်ဘာလအတွင်း လျော့နည်းကာ တစ်နှစ်ပတ်လုံး ဝင်ရောက်မှု သုံးသိန်းနီးပါးရှိနိုင်ဟု ခန့်မှန်း

ပုဂံသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု နိုဝင်ဘာလအတွင်း စံချိန်တင် ဝင်ရောက်ခဲ့သော်လည်း ဒီဇင်ဘာလအတွင်း လျော့နည်းကာ တစ်နှစ်ပတ်လုံး ဝင်ရောက်မှု သုံးသိန်းနီးပါးရှိနိုင်ဟု ခန့်မှန်း
Published 22 December 2016
ကိုနော် (ပုဂံ)

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုသည် နိုဝင်ဘာလအတွင်း စံချိန်တင် ဝင်ရောက်ခဲ့သော်လည်း ဒီဇင်ဘာလအတွင်း လျော့နည်းလျက်ရှိကာ တစ်နှစ်ပတ်လုံး ဝင်ရောက်မှုသည် သုံးသိန်းနီးပါး ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းကြောင်း သိရသည်။
ကမ္ဘာလှည့်ခရီးသွားများသည် ပုဂံဒေသသို့ နိုဝင်ဘာလအတွင်း ၄၁၅၂၂ ဦး အထိ စံချိန်တင် ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ပုဂံဇုန်၏ ဇုန်ဝင်ကြေးကောက်ခံမှု စာရင်းများအရ သိရပြီး ဒီဇင်ဘာလအတွင်း ဝင်ရောက်မှုမှာ ယခင်နှစ်များလောက် အားရဖွယ် မရှိကြောင်း ဧည့်လမ်းညွှန်များ/ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
"ခရီးသွားမများဘူး။ ဒီဇင်ဘာမှာ အရင်နှစ်တွေလို မဟုတ်ဘူး။ နှစ်တိုင်းခရစ္စမတ်နဲ့ နှစ်သစ်ကူးအကြား ကားမရတဲ့၊ ဂိုက်မရတဲ့ အသံတွေကြားရတယ်။ ဒီနှစ် ဒီဇင်ဘာမှာ ရက်လွတ်တွေများတဲ့ အသံတွေကြားရတယ်။ တချို့တစ်လလုံး ၁၅ ရက်လောက်ပဲရှိတယ်" ဟု ပုဂံဇုန်ဧည့်လမ်းညွှန်အသင်းမှ ဥက္ကဋ္ဌ ဦးမြင့်ကျော်သူက ပြောကြားသည်။
လက်ရှိအခြေအနေတွင် ပုဂံသို့ ဒီဇင်ဘာလအတွင်း ၂၁ ရက်အထိ ကမ္ဘာလှည့် ခရီးသွားများ ၂၂၁၈၇ ဦးဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၂၄၄၅၈၁ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ကမ္ဘာလှည့် ခရီးသွားများသည် ပုဂံဒေသသို့ ၂၀၁၄ ခုနှစ် တွင် ၂၃၀၁၂၉ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၂၄၇၁၄၀ ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။ ပုဂံဒေသသို့ ပြည်တွင်းခရီးသွား ဝင်ရောက်မှုသည် နှစ်စဉ် သုံးသိန်းနှင့် ငါးသိန်းအကြား ဝင်ရောက်လျက်ရှိကြောင်း သိရသည်။                                

Most Read

Most Recent