၂၀၁၆ ရှစ်လတာ ကာလအတွင်း ဖုန်းဘီလ်ခွန် ကျပ် ၅၂ ဒသမ ၂၅ ဘီလျံကျော် ကောက်ခံရရှိခဲ့ပြီး လစဉ်ပျမ်းမျှရရှိသော ပမာဏမှာ ၆ ဒသမ ၅ ဘီလျံခန့် ရှိနေကြောင်း သိရ

၂၀၁၆ ရှစ်လတာ ကာလအတွင်း ဖုန်းဘီလ်ခွန် ကျပ် ၅၂ ဒသမ ၂၅ ဘီလျံကျော် ကောက်ခံရရှိခဲ့ပြီး လစဉ်ပျမ်းမျှရရှိသော ပမာဏမှာ ၆ ဒသမ ၅ ဘီလျံခန့် ရှိနေကြောင်း သိရ
Published 22 December 2016
နေမျိုးထွန်း

၂၀၁၆ ခုနှစ် ရှစ်လတာ ကာလအတွင်း ဖုန်းဘီလ်ခွန် ကျပ် ၅၂ ဒသမ ၂၅ ဘီလျံ ကောက်ခံရရှိခဲ့ပြီး လစဉ်ပျမ်းမျှ ကောက်ခံရရှိသော ဖုန်းဘီလ်ခွန် ပမာဏမှာ ၆ ဒသမ ၅ ဘီ လျံဝန်းကျင်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စုံစမ်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွက် ကောက်ခံရရှိခဲ့သည့် ဖုန်းဘီလ်ခွန်မှာ ကျပ် ၆ ဒသမ ၇ ဘီလျံဖြစ်ကြောင်း သိရသည်။
"စစချင်းလမှာ ရရှိခဲ့တဲ့ ဖုန်းဘီလ်ခွန်ကိုတော့ ပညာရေး ကဏ္ဍအတွက် ပေးခဲ့ပါတယ်။ နောက်လတွေအတွက် ရရှိတာတွေကိုတော့ နိုင်ငံတော် ဘတ်ဂျက်အနေနဲ့ပဲ ပေးသွင်းခဲ့တာဖြစ်ပါတယ်" ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
ဧပြီလအတွက် စတင်ရရှိခဲ့သော ဖုန်းဘီလ်ခွန်ဖြစ်သည့် ကျပ်သန်း ၇၅၀၀ ကို ပညာရေးကဏ္ဍအတွက် စတင်သုံးစွဲခဲ့ပြီး နောက်လများတွင် ရရှိခဲ့သည့် ဖုန်းဘီလ်ခွန်များကိုမူ နိုင်ငံတော်ဘတ်ဂျက် အဖြစ်သာ ပေးသွင်းခဲ့ကြောင်း သိရသည်။
မေလအတွက်ရရှိသော ဖုန်းဘီလ်ခွန် ကျပ် ၈ ဒသမ ၃၇ ဘီလျံတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ၄ ဒသမ ၅ ဘီလျံကျော်၊ တယ်လီနောက ကျပ်သုံးဘီလျံနီးပါး၊ အူရီဒူးက ကျပ်သန်း ၈၀၀ ကျော်ဖြစ်ကြောင်း သိရသည်။
ဇွန်လအတွက် ရရှိခဲ့သည့် ဖုန်းဘီလ်ခွန် မှာ ကျပ်ရှစ်ဘီလျံဖြစ်ပြီး မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ၄ ဒသမ ၁ ဘီလျံ၊ တယ်လီ နောက ၂ ဒသမ ၆ ဘီလျံနှင့်အူရီဒူးက ၁ ဒသ မ ၁ ဘီလျံတို့ဖြစ်သည်။
ရရှိလာသော ဖုန်းဘီလ်ခွန်များကို ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးပြုစေမည့် ကဏ္ဍများတွင် သုံးစွဲသွားမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဘဏ္ဍာငွေသည် ပြည်သူ့ဘဏ္ဍာငွေဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားထားသည်။
၂၀၁၆ ခုနှစ် ပြည်ထောင်စု အခွန်ဥပဒေအရ မိုဘိုင်းဝန်ဆောင်မှု သုံးစွဲသူများသည် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ၂၀၁၆ ခုနှစ်ဧပြီ ၁ ရက်မှစ၍ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးနောက် ဧပြီ ၁ ရက်မှစ၍ ဖုန်းဘီလ်ခွန်များကို စတင်ကောက်ခံ ခဲ့ခြင်းဖြစ်သည်။ ထိုသို့ကောက်ခံရာတွင် သုံးစွဲပြီးနောက် ကျသင့်ငွေထဲမှ ငါးရာခိုင်နှုန်းကို ဖြတ်တောက်ကောက်ခံခြင်းဖြစ်သည်။
ဖုန်းငွေဖြည့်ရာတွင် ကျပ်တစ်ထောင်တန် ငွေဖြည့်ကတ်ကိုသာ သုံးစွဲနိုင်သူများအဖို့ ဖုန်းဘီလ်ခွန်မှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေကြောင်း သိရသည်။                         

Most Read

Most Recent