မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကားပါကင်ထိုးသည့်ကိစ္စ စကားများရန်ဖြစ်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့်ခံထားရသူများက ပြန်လည်ရှင်းလင်း

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကားပါကင်ထိုးသည့်ကိစ္စ စကားများရန်ဖြစ်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့်ခံထားရသူများက ပြန်လည်ရှင်းလင်း
Published 22 December 2016
သီဟအောင်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကားပါကင်ထိုးသည့်ကိစ္စ စကားများရန်ဖြစ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်ခံထားရသူများက ဒီဇင်ဘာ ၂၁ ရက်တွင် ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ရှင်းလင်းရာတွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ အမှုဖွင့်ခံထားရသည့် မိသားစုလေးဦးအနက် တစ်ဦးဖြစ်သည့် ဒေါ်ခင်လေးနွဲ့က “ကျွန်မတို့ အဲဒီနေ့က မိသားစုလိုက် အပြင်ထွက်ပြီး ညနေလောက်မှာ ပြန်လာတယ်။ကျွန်မတို့ကို အမှုဖွင့်ထားတဲ့သူက သူ့အထည်ဆိုင်ရှေ့မှာ ခဲလုံးကြီး ချထားတယ်။ ကားရပ်ဖို့ကလည်း အဲဒီနားတစ်ဝိုက်မှာပဲ လွတ်တော့ ကျွန်မအမျိုးသားက ကားထားဖို့ ခဲလုံးကြီးကို ဆင်းဖယ်တယ်။အဲဒီအချိန်မှာ ကျွန်မအမျိုးသားက နောက်တစ်ခါကျရင် ဒီလိုမထားနဲ့လို့ လမ်းပေါ်မှာ အဲဒီလိုမထားနဲ့ နင်ပိုင်လားဆိုပြီး အဲဒီဆိုင်က လူကို ပြောလိုက်တယ်။ ကျွန်မ ယောကျ်ားက အဲဒီလိုပြောတဲ့အချိန်မှာ ကျွန်မက မပြောနဲ့တော့ဆိုပြီး တားလိုက်တယ်။ အဲဒီအချိန်မှာပဲ အဲဒီဆိုင်ကလူက စပြီးဆဲတယ်။ ပြီးတော့ သူ့ဆိုင်မှာရှိတဲ့ ဝါးလုံးနဲ့ ကျွန်မ ယောကျ်ားကို လှမ်းရိုက်တယ်။ ရိုက်ပြီးတဲ့အချိန်မှာ အဲဒီဆိုင်ကလူက သူ့ဆိုင်ထဲမှာရှိတဲ့ ကတ်ကြေးနဲ့ ကျွန်မကို ပြေးထိုးတယ်။ ကျွန်မသားက ဝင်ကာပေးတော့ သူ့လက်မောင်းကို ထိုးမိသွားတယ်။ ပြီးတော့ ကျွန်မ ကျောကုန်းကိုလည်း လက်သည်းနဲ့ ကုတ်တယ်”ဟု ပြောကြားသည်။
ထို့နောက် အဆိုပါဆိုင်မှ အမျိုးသားက ရဲစခန်းသို့ သွားရောက် တိုင်ကြားကြောင်း၊ ၎င်းတို့အား အမှုဖွင့်ထားသည်ကို ဒီဇင်ဘာ ၁၆ ရက်ထုတ် သတင်းစာအချို့တွင်ပါရှိမှ သိရကြောင်း ဒေါ်ခင်လေးနွဲ့က ဆက်လက် ပြောကြားသည်။
၎င်းတို့ အမှုဖွင့်ခံထားရခြင်း ရှိ၊ မရှိအား ဒီဇင်ဘာ ၁၄ ရက်၊ ၁၅ ရက်တို့တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းနှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးတို့အား မေးမြန်းသော်လည်း သက်ဆိုင်ရာဌာနများက တိကျစွာဖြေကြားခြင်း မရှိကြောင်း ဒေါ်ခင်လေးနွဲ့က ဆိုသည်။
“သတင်းစာအချို့မှာပါလာမှ ကျွန်မတို့ အမှုဖွင့်ခံထားရတာကို သိရတာပါ။ သိတဲ့နေ့ နေ့လယ်လောက်မှာပဲ သက်ဆိုင်ရာ ရဲစခန်းက ကျွန်မတို့ အိမ်ကိုလာပြီး ကျွန်မရယ်၊ ကျွန်မ ယောကျ်ားရယ်၊ သားနဲ့သမီးတို့ကို စခန်းကိုခေါ်ပြီး စစ်ဆေးမှုတွေ လုပ်တယ်။ နေ့လယ်ကတည်းက စစ်ဆေးမှုတွေလုပ်တာ ည ၁၁ နာရီလောက်မှ ကျွန်မတို့ အာမခံရတယ်”ဟု ၎င်းက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့်ခံထားရသည့် လေးဦးတွင် တစ်ဦးအပါအဝင် ဖြစ်သည့် ဒေါ်ခင်လေးနွဲ့၏ သားဖြစ်သူက “အဲဒီနေ့က ကျွန်တော်က ကားမောင်းတာပါ။ အဲဒီဆိုင်ကလူက ကျွန်တော့်အမေကို ကတ်ကြေးနဲ့ထိုးဖို့ လုပ်နေတဲ့အချိန်မှာ ကျွန်တော် ဝင်ကာလိုက်တာပါ။ ပြီးတော့ ကျွန်တော်ကိုလည်း လက်သီးနဲ့ထိုးတော့ အပြန်အလှန် ထိုးဖြစ်ပါတယ်”ဟု ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့အား အမှုဖွင့်ထားသည့် အမျိုးသားအား ဒေါ်ခင်လေးနွဲ့မှ တရားလိုပြုလုပ်၍ ဒီဇင်ဘာ ၁၆ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၂၃/၃၂၄/၃၅၄/၂၉၄/၄၀၃ တို့ဖြင့် ပြန်လည်အမှုဖွင့်ထားကြောင်း သိရသည်။
ယင်းမိသားစုလေးဦးနှင့် စကားများရန်ဖြစ်ခဲ့သည့် အထည်ဆိုင်မှ အမျိုးသားမှာ အခင်းဖြစ်ပွားသည့် ဒီဇင်ဘာ ၁၄ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်တန်းသဖြင့် သက်ဆိုင်ရာ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄/ ၅၀၆/ ၄၀၃/ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။               

Most Read

Most Recent