မော်လမြိုင်မြို့ပေါ် ကျူးကျော်ဆိုင်များ ရှင်းလင်းရာတွင် ဆိုင် ၂၄ ဆိုင် ဒဏ်ရိုက်ခဲ့ဟုဆို

မော်လမြိုင်မြို့ပေါ် ကျူးကျော်ဆိုင်များ ရှင်းလင်းရာတွင် ဆိုင် ၂၄ ဆိုင် ဒဏ်ရိုက်ခဲ့ဟုဆို
Published 21 December 2016
ဘိုဘိုမြင့်

မော်လမြိုင်မြို့ပေါ်ရှိ လမ်းကျူးကျော်ဆိုင်များကို ရှင်းလင်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်မှု မရှိသည့်ဆိုင် ၂၄ ဆိုင်ကို ဒဏ်ငွေကျပ် ၅၀၀၀၀ စီဖြင့် ဒဏ်ရိုက် အရေးယူပြုလုပ်ခဲ့သည်ဟု မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ပြောကြားသည်။
“မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လမ်းကျူးကျော်ဆိုင်များကို ရှင်းလင်းဆောင်ရွက်ရေးတွင် ကျူးကျော်ဆိုင်ပေါင်း ၄၅၇ ဆိုင်ရှင်းလင်းခဲ့ပြီးတော့ စည်းကမ်းလိုက်နာ ဆောင်ရွက်ခြင်းမရှိတဲ့ ဆိုင် ၂၄ ဆိုင်ကို ဒဏ်ငွေရိုက်ခြင်းဖြင့် အရေးယူမှု ပြုလုပ်ခဲ့ပါတယ်”ဟု မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာလင်းက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ကျူးကျော်ဆိုင်တွေကို ရှင်းလင်းတဲ့နေရာမှာ လိုက်နာဆောင်ရွက်မှု မရှိတဲ့ဆိုင်တွေကို ငွေကျပ် ၅၀၀၀၀ ဒဏ်ရိုက်ပါတယ်။ ကျူးကျော်ဆိုင်ကိစ္စကို အဖွဲ့ရဲ့ စည်းကမ်းထိန်းအဖွဲ့ကနေ နေ့စဉ်စစ်ဆေးနေပါတယ်။ နေရာအားဖြင့်ကတော့ အမှတ် (၁) ဈေး၊ အမှတ် (၂) ဈေး၊ သထုံတံတားလမ်း၊ အောက်လမ်းမကြီး၊ ကမ်းနားလမ်း၊ ဖက်ခင်းလမ်းနှင့် အထက်လမ်းမကြီး၊ ကျူးတာတွေ့ရင် ဒဏ်ရိုက်ပါတယ်” ဟု မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာလင်းက ပြောကြားသည်။
ညအိပ် ကျူးကျော်ရောင်းချနေသော ဈေးသည်ငါးဦးကိုလည်း အမှုဖွင့်တိုင်ကြားခဲ့ပြီး မော်လမြိုင်မြို့နယ် တရားရုံးမှ နိုဝင်ဘာ ၂၃ ရက်က မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၉၇ အရ အရေးယူခဲ့ပြီး ဒဏ်ကြေးငွေ တစ်ဦးလျှင် ကျပ် ၁၅၀၀၀၀ စီဆောင်စေရန်နှင့် ဒဏ်ငွေမဆောင်နိုင်ပါက အလုပ်နှင့် ထောင်ဒဏ် သုံးလကျခံရန် အမိန့်ချမှတ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မော်လမြိုင်မြို့ပေါ်ရှိ လူစည်ကားရာ လမ်းကျူးကျော်မှုများသည့် အမှတ် (၁) ဈေး၊ အမှတ် (၂) ဈေး၊ သထုံတံတားလမ်း၊ အောက်လမ်းမကြီး၊ ကမ်းနားလမ်း၊ ဖက်ခင်းလမ်းနှင့် အထက်လမ်းမကြီးတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ စည်းကမ်းထိန်းအဖွဲ့တို့က နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းကျူးကျော်ကိစ္စနှင့် ပတ်သက်ပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကျူးကျော်ရှင်းလင်း စီမံချက်များရေးဆွဲကာ အဖွဲ့၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စီမံချက်ပါအတိုင်း နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် လမ်းကျူးကျော်ဆိုင်များကို ရှင်းလင်းဆောင်ရွက်ရာတွင် ပထမဦးစားပေး ဆောင်ရွက်ရမည့်လမ်း၊ ဒုတိယဦးစားပေး ဆောင်ရွက်ရမည့်လမ်းနှင့် တတိယဦးစားပေး ဆောင်ရွက်ရမည့် လမ်းစသည်ဖြင့် သတ်မှတ်ရှင်းလင်း ဆောင်ရွက်ခဲ့သည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။                            

Most Read

Most Recent