မြောင်းမြမြို့ မြစိမ်းရောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီး ပျံလွန်တော်မူ

မြောင်းမြမြို့ မြစိမ်းရောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီး ပျံလွန်တော်မူ
Published 21 December 2016
မင်းသူဝင်းထွဋ်

မြောင်းမြမြို့ မြစိမ်းရောင်တောင်ပေါ်ရှိ မြစိမ်းရောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဣဿရိယသက်တော် (၉၄ နှစ်) ဝါတော် ၇၄ ဝါမှာ  ဒီဇင်ဘာ ၂၀ ရက် ည ၇ နာရီ မိနစ် ၃၀ ခန့်တွင် ရန်ကုန်မြို့ SSC အထူးကုဆေးရုံ၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။
SSC အထူကုဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှုခံယူနေသော မြစိမ်းရောင်ဆရာတော်ကြီးမှာ အဆိုပါနေ့ ညနေ ၇ နာရီ မိနစ် ၃၀ ခန့်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း၊ ဆရာတော်ကြီး၏ ကြွင်းကျန်ခဲ့သော ရုပ်ကလာပ်အား ဒီဇင်ဘာ ၂၁ ရက် နံနက် ၂ နာရီခန့်တွင် မြောင်းမြမြို့ မြစိမ်းရောင်တောင်ပေါ်သို့ ပြန်လည် ပင့်ဆောင်လာခဲ့ကြောင်း၊ ဆရာတော်ကြီး၏ ရုပ်ကလာပ်အား ပင့်ဆောင်လာရာ လမ်းတစ်လျှောက်တွင် တပည့်သာဝကများမှ ဆီမီးအမွှေးတိုင်များဖြင့် လမ်းတစ်လျှောက် ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း၊ ဆရာတော်ကြီး၏ ရုပ်ကလာပ်အား ယခင် ဆရာတော်ကြီး သီတင်းသုံးရာ တန်ဆောင်းကြီးအတွင်း၌ ယာယီထားရှိထားပြီး ဇန်နဝါရီ ၁ ရက်တွင် မြစိမ်းရောင်တောင်ပေါ်ရှိ ပေ ၁၀၀၊၂၀၀ တန်ဆောင်းတွင် စံကျောင်းချကာ အပူဇော်ခံ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
“အခုက ဆရာတော်ကြီး ဈာပနကျင်းပဖို့ ကော်မတီတွေ ဖွဲ့လိုက်တယ်။ အခုတော့ ဆရာတော်ကြီးရဲ့ အရင်အဆောင်မှာပဲ အပူဇော်ခံ ထားရှိတယ်။ ဇန်နဝါရီ ၁ ရက်၂၀၁၇ ခုနှစ်ကျရင်တော့ ပေ ၁၀၀၊၂၀၀ တန်ဆောင်းမှာ စံကျောင်းချပြီးတော့ အပူဇော်ခံမယ်။ ဒီရက်က လူမစုံသေးတော့ ဘာတွေဆက်လုပ်မယ်ဆိုတာ အသေးစိတ် မတိုင်ပင်ရသေးဘူး။ ဒီလောက်ပဲ စီစဉ်ထားရသေးတယ်” ဟု ဆရာတော်ကြီး၏ တပည့်သာဝက တစ်ဦးဖြစ်သူ ဦးမောင်မောင်က ပြောကြားသည်။
မြစိမ်းရောင်ဆရာတော်ကြီးအား ခမည်းတော် ဦးဖိုးငြိမ်း၊ မယ်တော် ဒေါ်ရွှေလုံတို့မှ ၁၂၈၅ ခုနှစ် ကဆုန်လပြည့်ကျော် ၁၄ ရက်တွင် ဖွားမြင်ခဲ့ပြီး မွေးချင်းမောင်နှမ ခုနစ်ယောက်အနက် စတုတ္ထမြောက် သားဖြစ်သည်။ အသက် ၂၀ အရွယ်တွင် လပွတ္တာမြို့ ဗောဓိရွှေကျောင်းသိမ်တော်တွင် ပဉ္ဇင်းတက်ခဲ့ပြီး ဝေဘူဆရာတော်ကြီး၏ တပည့်တစ်ဦးလည်း ဖြစ်သည်။ မြောင်းမြမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြစိမ်းရောင်တောင်ပေါ်တွင် သီတင်းသုံးကာ သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်နေသည့် ဆရာတော်ကြီး တစ်ပါးလည်း ဖြစ်သည်။ 

Most Read

Most Recent