အမေရိကန်ရွေးကောက်ပွဲတွင် ထရန့်အနိုင်ရရေးအတွက် ရုရှားက ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းခဲ့ကြောင်း စီအိုင်အေက အကဲဖြတ်တွေ့ရှိခဲ့

အမေရိကန်ရွေးကောက်ပွဲတွင် ထရန့်အနိုင်ရရေးအတွက် ရုရှားက ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းခဲ့ကြောင်း စီအိုင်အေက အကဲဖြတ်တွေ့ရှိခဲ့
Published 10 December 2016

အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်က အနိုင်ရရန် အလားအလာကောင်းနေကြောင်း တစ်ပေးရန် ရုရှားကကြိုးပမ်းခဲ့သည်ဟု စီအိုင်အေ၏ လျှို့ဝှက်သုံးသပ်လေ့လာမှုက တွေ့ရှိခဲ့ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ဒီဇင်ဘာ ၉ တွင် ဖော်ပြခဲ့သည်။
သမ္မတအဖြစ် ရွေးချယ်ခံထားရသော ထရန့်၏အသွင် ကူးပြောင်းအဖွဲ့က ယင်းကောက်ချက်အား ဝေဖန်လှောင်ပြောင်ခဲ့သည်။ “သမိုင်းမှာ ကိုယ်စားလှယ်မဲ အများဆုံးအောင် ပွဲနဲ့အတူ ရွေးကောက်ပွဲက ပြီးခဲ့တာကြာပါပြီ။ အခုက ရှေ့ဆက်ပြီး ‘အမေရိကကို တစ်ဖန်ပြန်ကြီးမြင့်အောင် ဆောင်ရွက်ကြဖို့ပါ” ဟု ထရန့်၏အဖွဲ့က ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ ကာလအတွင်း ဖြစ်ပွားခဲ့သော ဆိုက်ဘာတိုက်ခိုက် မှုအားလုံးကို သုံးသပ်ရန် သမ္မတဘာရက် အိုဘားမားက ညွှန်ကြားခဲ့ပြီးနောက် ဝါရှင်တန်ပို့စ်က ရုရှား၏ ဝင်ရောက်စွက်ဖက်မှုအကြောင်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ရုရှားအစိုးရနှင့် ဆက်နွှယ်မှုရှိသော ပုဂ္ဂိုလ်များသည်လျှို့ဝှက်မှု ဖော်ထုတ်ရေးဝက်ဘ်ဆိုက် ဝီကီလိခ်သို့ အချက်အလက်များ ပေးခဲ့ကြောင်း၊ ဒီမိုကရက်တစ် အမျိုးသားကော်မတီ၊ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ဟီလာရီကလင်တန်၏ မဲဆွယ်စည်းရုံးရေး တာဝန်ခံ၏ အခြားပုဂ္ဂိုလ်များ၏ အီးမေးလ်များကို ခိုးယူ၍ အချက်အလက်များ ပေးခဲ့ကြောင်း တာဝန်ရှိသူများကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။
ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်အလို၌ ယင်းအီးမေးလ်များ ပေါက်ကြားခဲ့မှုက ကလင်တန်၏ အိမ်ဖြူတော်ခရီးကို ပျက်စီးစေခဲ့သည်။ ရုရှား၏ ရည်ရွယ်ချက်သည် ဒေါ်နယ်ထရန့် အနိုင်ရရှိရေးအတွက် အထောက်အကူပြုရန်ဖြစ်ပြီး အမေရိကန် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ထိခိုက်စေရန် မဟုတ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဆိုခဲ့သည်။ ထရန့်အနိုင်ရရှိရေးသည် ရုရှား၏ ရည်ရွယ်ချက်ဖြစ်ကြောင်း သတင်းရင်းမြစ် အများအပြားထံမှ အထောက်အထားများအား ကိုးကားပြီး သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။ ရုရှားအစိုးရနှင့် ဆက်နွှယ်မှုရှိသည်ဆိုသော စွပ်စွဲချက်များကို ဝီကီလိခ်ထူထောင်သူ ဂျူလီယန်အဆန်က ငြင်းဆိုထားသည်။
ထရန့်က ရုရှားပါဝင်ပတ်သက်မှုအတွက် ထောက်လှမ်းရေး အသိုက်အဝန်း၏ ကောက်ချက်ကို ပယ်ချထားသည်။ ရီပက်ဘလီကင် အမျိုးသားအဆင့် ကော်မတီ၏ ကွန်ပျူတာစနစ်နှင့် ဒီမိုကရက်တစ်ပါတီ၏ ကွန်ပျူတာစနစ်တို့အား ရုရှားဟက်ကာများက ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း အမေရိကန် အစိုးရအဖွဲ့တာဝန်ရှိသူများက ယုံကြည်နေသည်ဟု နယူယောက်တိုင်းမ်က ဖော်ပြခဲ့ သည်။ သို့သော် ဟက်ကာများသည် ရီပက်ဘလီကင်တို့၏ သတင်းအချက်အလက်များအား မထုတ်ပြန်ခဲ့ဟု ယင်းတာဝန်ရှိသူများက ယုံကြည်ထားသည်။ Ref ; AFP