ကယ်လီဖိုးနီးယားပါတီ မီးလောင်မှုတွင် လူပေါင်း ၄၀ ထက်မနည်း သေဆုံးဖွယ်ရှိ

ကယ်လီဖိုးနီးယားပါတီ မီးလောင်မှုတွင် လူပေါင်း ၄၀ ထက်မနည်း သေဆုံးဖွယ်ရှိ
Published 4 December 2016
Ref: AFP

ဆန်ဖရန်စစ္စကို အနီးရှိ နှစ်ထပ်ဂိုဒေါင် တစ်လုံးတွင် ရေ့ဗ်ပါတီတစ်ခု ကျင်းပနေစဉ် ကြီးမားသော မီးလောင်မှုကြီးဖြစ်ပွားခဲ့ရာ လူ ၄၀ ထက်မနည်း သေဆုံးဖွယ်ရှိသည်ဟု သိရသည်။ အာဏာပိုင်များကမူ ကြာမြင့်သည့် ရှာဖွေရေးများ ပြုလုပ်ရလိမ့်မည်ဟု ဒီဇင်ဘာ ၄ ရက်တွင် သတိပေးထားသည်။
အုတ်ကလန်မြို့တွင် တည်ရှိသည့် ထို နှစ်ထပ်အဆောက်အအုံသည် လူနေထိုင်ခွင့် မရှိသော်လည်း အနုပညာရှင်အုပ်စု တစ်စုက ထိုနေရာတွင် တရားမဝင် လာရောက်နေထိုင်ကာ အလုပ်လုပ်ကြပြီး ပါတီပွဲတစ်ခု ကျင်းပခဲ့ကြခြင်း ဖြစ်သည်ဟု အစိုးရအရာရှိများက ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ အလောင်းကိုးလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။ ပျောက်ဆုံးနေသည့် စာရင်းထဲမှ လူနှစ်ဒါဇင်ခန့်ကို ရှာတွေ့ပြီ ဖြစ်သော်လည်း နောက်ထပ် နှစ်ဒါဇင်ထက် မနည်းရှိသော လူများပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ရဲတပ်ကြပ် ရေကယ်လီက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ လူ ဘယ်လောက်ရှိလဲ ဆိုတာတောင် မသိသေးတဲ့အတွက် ဒီကိစ္စဟာ ဘယ်တော့ ပြီးပြတ်မယ်ဆိုတာ မပြောနိုင်သေးပါဘူး။ သေချာတာကတော့ ဒီအထဲမှာ လူသေတွေ ရှိနေဦးမှာပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။
အုတ်ကလန် တစ္ဆေသင်္ဘောကြီးဟု ခေါ်ဆိုကြသော ထိုဂိုဒေါင်တွင် ဒီဇင်ဘာ ၂ ရက် ည ၁၁ နာရီခွဲတွင် စတင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ ပျောက်ဆုံးနေသူများအနက် အများစုမှာ အဆောက်အအုံ၏ အပေါ်ထပ်တွင် သေဆုံးကြဖွယ်ရှိသည်ဟု အုတ်ကလန် မီးသတ်အကြီးအကဲ ဒီလို့ရိဒ်က ပြောကြားခဲ့သည်။ မီးလောင်ကျွမ်းထားသည့် ထိုဂိုဒေါင် အဆောက်အအုံကြီး၏ အမိုးမှာ လုံးဝပြိုကျသွားပြီး နံရံများမှာလည်း ယိုင်နဲ့နေသည်ဟု သိရသည်။
လူ ၅၀ မှ ၁၀၀ ကြား လာရောက်ခဲ့ဖွယ်ရှိသော အီလက်ထရွန်နစ် ဂီတပါတီပြုလုပ်နေသည့် ထိုဂိုထောင်တွင် မည်ကဲ့သို့ မီးစတင်လောင်ကျွမ်းသည်ကို မသိရသေးပေ။ “ဒါဟာ အရမ်းကို ကူးစက်မြန်တဲ့မီး ဖြစ်ပါလိမ့်မယ်” ဟု မီးသတ်အကြီးအကဲ ဒီလိုရိဒ်က ဆိုသည်။
ပျောက်ဆုံးနေသူများအနက် အချို့သည် နိုင်ငံခြားသားများ ဖြစ်ကြပြီး အသက် ၂၀ မှ ၃၀ ကြား ရှိသူများဖြစ်နိုင်သည်။ ဂိုဒေါင်ထဲတွင် အခန်းမြောက်မြားစွာ ကန့်ထားပြီး အပေါ်ထပ်မှ အောက်သို့ဆင်းရန် အခင်းပြားများ လုပ်ထားသည့် လှေကားတစ်ခုသာ ရှိ၍ အပြင်သို့ထွက်ရန် လမ်းနှစ်လမ်းသာ ရှိကြောင်း သိရသည်။ ထိုကဲ့သို့ အတွင်းပိုင်းပြုပြင်ပြောင်းလဲမှုများကြောင့် လူများသည် ထွက်ပြေးလွတ်မြောက်ရန် အလွန်ခက်ခဲသွားရသည်ဟု ရိဒ်က ပြောကြားခဲ့သည်။ “အထဲမှာ ဝင်္ကဘာကြီးတစ်ခုလို ဖြစ်နေပါတယ်”ဟု ၎င်းက ဆိုသည်။ အဆောက်အအုံထဲတွင် မီးခိုးငွေ့ အာရုံခံစနစ်နှင့် အလိုအလျောက် မီးငြှိမ်းသတ်သည့် ကိရိယာများလည်း မရှိပေ။
“ကျွန်တော့် အရေခွံတွေကွာပြီး အဆုတ်ဟာလည်း မီးခိုးတွေ ပြည့်နေတဲ့အတွက် အသက်ရှူလို့မရ ဖြစ်နေခဲ့ပါတယ်”ဟု ထိုအဆောက်အအုံထဲတွင် နေထိုင်သည့် ဓာတ်ပုံဆရာတစ်ဦးက ပြောကြားခဲ့သည်။ အဆောက်အအုံအနောက်ဘက်ရှိ အနုပညာရှင် ၁၈ ဦး စုဖွဲ့နေထိုင်သည့်နေရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု  အခြားသော အနုပညာရှင်တစ်ဦးက ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။
ပါတီအတွင်း ပျောက်ဆုံးနေသော သူများ၏ မိတ်ဆွေများ၊ မိသားစုများသည် သူတို့၏ ချစ်ခင်သူများ၏ သတင်းအစအနများ သိရလျှင် ပြောကြားပေးကြရန် လူမှုမီဒီယာပေါ်တွင် ရေးသားမှုများ ပြုလုပ်ခဲ့ကြသည်။
၁၉၈၉ ခုနှစ်က ကယ်လီဖိုးနီးယား မြောက်ပိုင်းတွင် လိုမာပရီတာငလျင် လှုပ်ခတ်မှုကြောင့် လူ ၆၃ ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း ယခုမီးလောင်ကျွမ်းမှုသည် အုတ်ကလန်တွင် လူသေဆုံးမှု အများဆုံးဖြစ်စဉ် ဖြစ်လာသည်။
အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းက လူသေဆုံးမှုများသော နိုက်ကလပ် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ရာ ယင်းတို့အနက် ၂၀၀၃ ခုနှစ်က ရိုဒီအိုင်းလန်းရှိ The Station  နိုက်ကလပ်တွင် မီးလောင် ကျွမ်းမှုကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့သည်။

Most Read

Most Recent