တေးသံရှင်မေခလာ၏ ငယ်ဘဝဖြတ်သန်းရာ

တေးသံရှင်မေခလာ၏ ငယ်ဘဝဖြတ်သန်းရာ
Published 1 December 2016
သဲသီရိကျော်

ယခုတစ်ပတ်အတွက် အနုပညာရှင်ရဲ့ ငယ်ဘ၀ အမှတ်တရကဏ္ဍမှာတော့ တေးသံရှင် မေခလာရဲ့ ငယ်ဘ၀ ဖြတ်သန်းမှု အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်။
မြူးကြွသွက်လက်တဲ့ဟန်ပန်၊ အသံကောင်းမွန်မှုတို့နဲ့ အားလုံးက ချစ်စနိုးနဲ့ ‘ချစ်ငယ်’လို့ ခေါ်ကြတဲ့ မေခလာကို ဦးဖေဖေကျော်နဲ့ မိခင်ဖြစ်သူ ဒေါ်ဖြူဖြူရှိန်တို့၏ တတိယမြောက် သမီးတစ်ယောက် ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်၊ မေ ၂ ရက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ရန်ကုန်ဇာတိဖြစ်တယ်လို့ သိရပါတယ်။
“ချစ်ငယ်က သုံး၊ လေးနှစ်အရွယ်လောက်ကတည်းက ဆိုင်းသံဗုံသံတွေ ကြားတာနဲ့မနေနိုင်ဘူး။ ထကရော။ သီချင်းသံတွေ ကြားရင်လည်း အဲဒီလိုပဲ။ အိမ်ကိုဧည့်သည်လာရင် သီချင်းတွေဆိုပြ၊ ကပြရတာ အမောပဲ။ ချစ်ငယ်တို့ခေတ်တုန်းက ကက်ဆက်တွေ၊ ရေဒီယိုတွေပဲ ရှိသေးတဲ့အချိန်ပေါ့။ အဲဒီလိုအချိန်တုန်းကတောင် အိမ်မှာ ကက်ဆက်မရှိတာတောင် ချစ်ငယ် အမေက ပါးစပ်နဲ့ တီးလုံးသံတွေလုပ်ပေးပြီး ချစ်ငယ်က ကတာပေါ့။ ချစ်ငယ်တို့ မွေးချင်း မောင်နှမခြောက်ယောက်ဆိုတော့  မောင်နှမများပေမယ့် သိပ်ပြဿနာ မရှိဘူး။ အဖေက လေယာဉ်မှူး၊ အမေက မယ်မြန်မာပေါ့။အဲဒီတုန်းက မယ်တွေ ခေတ်စားတဲ့အချိန် အမေကလည်း တက္ကသိုလ်မှာ အလှမယ်အနေနဲ့ ဆုတွေလည်း ရထားတဲ့သူပေါ့။ ချစ်ငယ်တို့ ကလေးဘဝက အရမ်းကို ပေါ့ပါးလွယ်ကူခဲ့တယ်။ သိပ်ကျပ်ကျပ်တည်းတည်း ခက်ခက်ခဲခဲ မဖြတ်သန်းခဲ့ရတာလည်း မိဘတွေရဲ့ ကျေးဇူးကြောင့်ပါပဲ” လို့ သူမရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုအကြောင်းကို ကြည်ကြည်နူးနူး ပြောပြခဲ့ပါတယ်။
သူမက အင်းစိန်၊ အထက(၂)ကျောင်းမှာ တက်ရောက်ခဲ့သူဖြစ်ပြီး ဆယ်တန်းအောင်မြင်ပြီးချိန်မှာပဲ ဂီတအလုပ်တွေကို စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပညာရေးနဲ့ ဂီတအနုပညာလှုပ်ရှားမှုတွေကို အချိုးညီညီလုပ်ဆောင်ရင်း ဂီတလောကမှာလည်း အောင်မြင်မှု ရရှိခဲ့သလို၊ ပညာရေးပိုင်းမှာလည်း မြန်မာဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပါတယ်။  
“ကျောင်းစာနဲ့ပတ်သက်ရင်တော့ စာအရမ်းလုပ်တဲ့ ကျောင်းသူထဲမှာ မပါပေမယ့် စာတစ်ပုဒ်ကို ကျက်ရင် ခဏလေးနဲ့ မှတ်မိလွယ်တဲ့ထဲမှာတော့ ပါတယ်။ ဉာဏ်ကောင်းတယ်ပဲ ပြောရမလားတော့ မသိဘူး။ စာမေးပွဲနီးမှ စာကျက်ပြီး တစ်နှစ်တစ်တန်းတော့ မှန်မှန်အောင်ခဲ့ပါတယ်။ ကျောင်းသူဘဝမှာတော့  State ကျောင်းတက်တဲ့အချိန်ကနေ တက္ကသိုလ်တက်တဲ့အထိကို ချစ်ငယ်က ပိန်ပိန်နဲ့ ရုပ်ဆိုးဆိုး ကောင်မလေးပေါ့။ အဲဒီခေတ်တုန်းက မိန်းကလေးဆိုရင် ခပ်ပြည့်ပြည့်ဖြိုးဖြိုးနဲ့မှ လှတယ်လို့ သတ်မှတ်တဲ့ ခေတ်ဆိုတော့ ချစ်ငယ်ရဲ့ပုံစံ ပိန်ကပ်ကပ်က သူတို့အတွက်တော့ စချင်နောက်ချင်စရာ  ဖြစ်ခဲ့တယ်။သူတို့က စကြတော့ ချစ်ငယ်က မော်ကွန်းထိန်းကို သွားတိုင်တာပေါ့။ အဲဒါလေးတွေကတော့ ခုထိ အမှတ်ရနေတာပေါ့ နော်။နောက်ပြီး ကိုယ်က ရုပ်ဆိုးတော့ ချောတဲ့လှတဲ့ တက္ကသိုလ်က Queen တွေဆိုရင် ကိုယ့်မှာသွားကြည့်ရတာ အမောပဲ။ ကျောင်းသူဘဝမှာတော့ သူငယ်ချင်းတွေနဲ့ ဘတ်စ်ကား တိုးစီးကြ၊ လျှောက်သွားလျှောက်စားကြရတဲ့ အချိန်တွေဆို အရမ်းပျော်ပါတယ်” လို့ ကျောင်းသူဘ၀ အမှတ်တရ အကြောင်းများကို ရယ်ရယ်မောမောနဲ့ ပြန်လည်ပြောပြခဲ့ပါတယ်။
တက္ကသိုလ် စတက်ခါစအချိန်မှာပဲ ဂီတအလုပ်တွေကို စတင်လုပ်ဆောင်ဖြစ်ခဲ့ပြီး ၁၉၈၂ ခုနှစ်မှာတော့ သူမရဲ့ပထမဆုံး ‘ပြန်ပေတော့’ ဆိုတဲ့ သီချင်းခွေကို စထုတ်ခဲ့ပါတယ်။ အဲဒီအခွေနဲ့ပဲ သူမကို ပရိသတ်တွေ အသိအမှတ်ပြု အားပေးခဲ့ကြပြီး၊ နောက်ပိုင်းမှာတော့ ဖျော်ဖြေပွဲတွေများစွာမှာလည်း ပါဝင်သီဆိုခွင့် ရလာခဲ့ပါတယ်။
“အစပိုင်းတုန်းကတော့ ချစ်ငယ် မိဘတွေက ဒီလိုအနုပညာ အလုပ်လုပ်မှာကို သိပ်သဘောမတူကြဘူးပေါ့။ နောက်ပိုင်း ချစ်ငယ်ကလည်း အရမ်းဝါသနာပါနေတော့ မိတ်ဆွေတွေက အဖေနဲ့အမေကို ဝိုင်းပြောပေးတော့မှပဲ လုပ်ခွင့်ပြုခဲ့တာပေါ့။ အဲဒီတုန်းက မိဘတွေရဲ့မိတ်ဆွေကနေ ချစ်ငယ်ကို ‘ပြန်ပေတော့’ ဆိုတဲ့ တစ်ကိုယ်တော် စီးရီးလေး ထုတ်ပေးခဲ့တယ်။ အဲဒီတုန်းက စီးရီးတစ်ခွေလုံးထုတ်မှ ပိုက်ဆံတစ်သောင်း ရှစ်ထောင်လောက်ပဲ ကုန်ပေမယ့် ကိုယ့်ဘာသာ ကိုယ်ထုတ်ရင် အပြောခံရမှာစိုးနေရတဲ့ ခေတ်ပေါ့လေ။ ကိုယ့်စီးရီးခွေ ကိုယ်ထုတ်ရင် အရမ်း အပြောခံရ၊ အနှိမ်ခံရတဲ့ခေတ်ဆိုတော့ ထုတ်ပေးမယ့် Producer ရှိတဲ့အတွက် အရမ်းပျော်ခဲ့ရတယ်။ဒါပေမယ့်လည်း ကိုယ်က အသစ်တစ်ယောက် ဖြစ်တဲ့အတွက်ရော၊ အသက်လည်း ငယ်သေးတဲ့အတွက် အဲဒီတုန်းက အရမ်းကို အနှိမ်ခံခဲ့ရ၊ ကိုယ့်ကိုချောင်ထိုးထားခံရတာတွေလည်း ရှိခဲ့တာပေါ့” လို့ သူမက ဆိုပါတယ်။
သူမ အဆိုတော်ဖြစ်ခါစခေတ်တုန်းက အမျိုးသမီးအဆိုတော်တွေ အများစုက ထဘီတွေဝတ်ပြီး ဖျော်ဖြေကြပေမယ့် သူမကတော့ သူများနဲ့မတူ တမူထူးခြားစွာ ဂျင်းဘောင်းဘီကိုဝတ်ဆင်ကာ သီဆိုဖျော်ဖြေခဲ့တဲ့အတွက် ပရိသတ်တွေက သတိပြုမိခဲ့ကြပါတယ်။
“ချစ်ငယ်ရဲ့ အဖေက သူနိုင်ငံခြားရောက်တဲ့အခါ အဲ့ဒီက အဝတ်အစားတွေ ဖိနပ်တွေစသဖြင့် ဝယ်လာတော့ ချစ်ငယ်ကလည်း ကိုယ်ဖျော်ဖြေပွဲတွေ ဆိုတဲ့အခါ အဲဒါတွေကို ထုတ်ဝတ်ဖြစ်တယ်။ အဲဒီတုန်းက အမျိုးသမီးအဆိုတော်တွေ တော်တော်များများက ထဘီတွေလောက်ပဲ ဝတ်ကြတာ များတယ်လေ။ အဲဒီမှာ ချစ်ငယ်က ဘောင်းဘီတွေဝတ်၊ ခါးပတ်အပြားအကြီးကြီးတွေဝတ်၊ နောက်ပြီး ဖိနပ်ဆိုရင်လည်း ဘွတ်ဖိနပ် တွေ ရှူးဖိနပ်တွေစီး အဲဒီလိုမျိုးဆိုတော့ တချို့ပရိသတ်တွေက သဘောကျ ကြတာပေါ့နော်။ တချို့ကျတော့လည်း ခေတ်ဆန်လွန်းတယ်ဆိုပြီး သိပ်မကြိုက် ကြတာလည်း ရှိတယ်ပေါ့။ ဒါပေမဲ့ ချစ်ငယ်ကို အဲဒီလိုသူများနဲ့ မတူတဲ့ပုံစံတွေကြောင့် ပရိသတ်တွေက ပိုသတိထားမိသွားကြတယ်” လို့ သူမက ဆိုပါတယ်။
လက်ရှိအချိန်ထိ သူမရဲ့တစ်ကိုယ်တော် စီးရီးနဲ့ သူမပါဝင်သီဆိုဖြစ်ခဲ့တဲ့ အတွဲခွေပေါင်း ၁၀၀ကျော်နီးပါး ရှိနေပြီ ဖြစ်ပြီး၊ သူမသီဆိုထားတဲ့ ‘ကော်လံပေါ်က နှုတ်ခမ်းနီ’ ၊ ‘ပြန်ပေတော့’ စတဲ့ တေးသီချင်းတွေကလည်း ပရိသတ်တွေ အထူးနှစ်ခြိုက် အားပေးခြင်း ခံခဲ့ရတဲ့သီချင်းတွေပဲ ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူ သရုပ်ဆောင်ကိုရန်ကျော်နဲ့ ပတ်သက်ပြီးတော့ “သူနဲ့ ချစ်ငယ်နဲ့က ၁၉၉၂ ခုနှစ်မှာ ရုပ်ရှင်အတူရိုက်ရင်း ဆုံခဲ့ကြတာပေါ့။ အဲဒီတုန်းက ချစ်ငယ်က သီချင်းဆိုတာအပြင် ဖိုက်တင်ဇာတ်ကား တွေလည်း ရိုက်ဖြစ်နေတော့ ဒါရိုက်တာ အေဝမ်းဦးလှမျိုးကနေ ချစ်ငယ်နဲ့ ကိုရန်ကျော်ကို ဇာတ်ကားအတူရိုက်ဖို့ ကမ်းလှမ်းရာက ချစ်ငယ်တို့ တွေ့ ခဲ့ကြတာပေါ့”လို့ သူမ က ပြောပြခဲ့ပါတယ်။
သရုပ်ဆောင် ရန်ကျော်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သူမတို့မှာ သမီးလေးတစ်ယောက်နဲ့ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ လတ်တလောမှာတော့ သူမက ပွင့်လင်းရာသီဖြစ်တဲ့အတွက် ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုဖြစ်နေသလို အနုပညာအလုပ်တွေသာမကဘဲ စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ MayKhalar Skin Care တွေကိုလည်း ထုတ်လုပ်ဖြန့်ချိနေပါ တယ်ဆိုတာ ပြောကြားရင်း ဒီကဏ္ဍလေးကို ခေတ္တ ရပ်နားလိုက်ပါတယ်။                               

Most Read

Most Recent