ယာဉ်ထိန်းရဲ ဓားဖြင့်ထိုးခံရ၍ သေဆုံးခဲ့သည့်အမှု တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် အမိန့်ချမည်

ယာဉ်ထိန်းရဲ ဓားဖြင့်ထိုးခံရ၍ သေဆုံးခဲ့သည့်အမှု တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် အမိန့်ချမည်
Published 1 December 2016
ယဉ်မျိုးသွယ်

ယာဉ်ထိန်းရဲ ဓားဖြင့်ထိုးခံရ၍  သေဆုံးခဲ့သည့်အမှု တစ်နှစ်ကျော်အကြာ စစ်ဆေးပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် အမိန့်ချမည် ဖြစ်ကြောင်း မန္တလေးခရိုင်တရားရုံးမှ သတင်းရရှိသည်။
အပြီးသတ် လျှောက်လဲချက်ကို နိုဝင်ဘာ၂၉ ရက်က နှစ်ဖက်ရှေ့နေများက ပေးခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်တွင် အမိန့်ချရန် ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါအမှုကို စစ်ဆေးနေစဉ် ကာလအတွင်း သေဆုံးသူ ယာဉ်ထိန်းရဲ၏ ဇနီးဖြစ်သူက အမှုပိတ်သိမ်းပေးရန် ဥပဒေအရာရှိထံ လျှောက်ထားခဲ့သော်လည်း သက်ဆိုင်ရာ တရားလိုဖြစ်သူရဲတပ်ဖွဲ့က အကြောင်းပြန်ကြားခြင်း မရှိသဖြင့် အမှုကို လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးဆောင်ရွက်ခဲ့သည်ဟု သိရသည်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းမြို့ရိုးကျုံးအရှေ့ဘက် ၆၆ လမ်းနှင့် ၁၉ လမ်းထောင့်တွင် စက်တင်ဘာ၂၄ ရက် နံနက်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆောင်ရွက်နေသော ဒုတပ်ကြပ် ကျော်ဇင်ဦးအား ဒေါက်တာလှစိုးထွန်းက ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ ဒေါက်တာလှစိုးထွန်း၏ ညီ လှမျိုးထွန်း၏ ဆိုင်ကယ်ကို တာဝန်ကျ ဒုတပ်ကြပ် ကျော်ဇင်ဦးက စစ်ဆေးစဉ် ဆိုင်ကယ်လိုင်စင် မပါသဖြင့် ချလန်ဖြတ်ရန် ပြောကြားသည်ကို နားမထောင်ဘဲ အိမ်ပြန်ကာ အစ်ကိုဖြစ်သူ ဒေါက်တာလှစိုးထွန်းကို ပြန်လည်ခေါ်ဆောင်လာရာမှ ယာဉ်ထိန်းရဲများနှင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ညီဖြစ်သူ လှစိုးထွန်းက ယာဉ်ထိန်းရဲကို လက်သီးဖြင့် စတင်ထိုးခဲ့ရာ ချော်လဲသွားသော ယာဉ်ထိန်း ဒုတပ်ကြပ် ကျော်ဇင်ဦးကို ဒေါက်တာလှစိုးထွန်းက ခါးတွင် ပါလာသောဓားဖြင့် ထိုးခဲ့သည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုဓားဒဏ်ရာဖြင့် ဒုတပ်ကြပ်ကျော်ဇင်ဦးမှာ နောက်ကျောယာဘက် လက်ပြင်အား တစ်ချက် ထိုးသွင်းဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာလှစိုးထွန်းနှင့် ညီဖြစ်သူ လှမျိုးထွန်းတို့ကို အောက်တိုဘာ၂၂ ရက်၌ မန္တလေးခရိုင်တရားရုံးတွင် စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။                     

Most Read

Most Recent