ပြင်ဦးလွင်မြို့နယ် သပြေရေကျေးရွာနှင့် ပြင်စာကျေးရွာရှိ သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲ ပြုလုပ်သူ တောင်သူများအား တစ်ပေါင်းတည်းရုံးထုတ်ပြီး မြေယာအရေး တက်ကြွလှုပ်ရှားသူနှစ်ဦးက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်းဆို

ပြင်ဦးလွင်မြို့နယ် သပြေရေကျေးရွာနှင့် ပြင်စာကျေးရွာရှိ သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲ ပြုလုပ်သူ တောင်သူများအား တစ်ပေါင်းတည်းရုံးထုတ်ပြီး မြေယာအရေး တက်ကြွလှုပ်ရှားသူနှစ်ဦးက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်းဆို
Published 29 November 2016
အောင်သူ၊ ရန်ပိုင်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သပြေရေကျေးရွာနှင့် ပြင်စာကျေးရွာရှိ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲပြုလုပ်သူ တောင်သူများကို နိုဝင်ဘာ ၂၉ ရက်က ပြင်ဦးလွင်မြို့ နယ်တရားရုံးတွင် တစ်ပေါင်းတည်းရုံးထုတ်ပြီး ၎င်းတို့အနက် မြေယာအရေး တက်ကြွလှုပ်ရှားသူနှစ်ဦးက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးအတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြင်စာကျေးရွာရှိ မြေယာအရေးနှင့် ပတ်သက်၍ တောင်သူတစ်ဦးနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးဝင်း၊ ကိုတိုးကြီးတို့အပြင် သပြေရေကျေးရွာ မြေယာအရေးနှင့် ပတ်သက်၍ တောင်သူ ခုနစ်ဦးအား ရုံးထုတ်ရာတွင် မြို့နယ်တရားသူကြီးက ထပ်မံတရားစွဲဆိုခံရသူများနှင့် ဖမ်းဝရမ်းထုတ်ပြန်ထားသည့် လူစာရင်းများ အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ တောင်သူတွေကို ဥပဒေမဲ့တယ်ဆိုပြီး တရားစွဲတယ်။ ခရိုနီတွေ မတရားလုပ်တာတွေကိုကျ ဘယ်သူတွေက အရေးယူ တရားစွဲဆိုသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပြီ။ ဒါဟာ တရားမျှတမှု မရှိဘူးဆိုတာလည်း အားလုံးသိပြီးဖြစ်တယ်။ ဒါပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် အခုလိုမျိုးတွေ ဖြစ်နေတာ။ တောင်သူတွေပဲ အဖမ်းခံရတာ အများဆုံးဖြစ်နေတယ်။ ပြင်ဦးလွင်တစ်နယ်တည်း မဟုတ်ဘူး။ မန္တလေးတိုင်း တစ်တိုင်းလုံး ဖြစ်နေတယ်။ တောင်သူတွေ ထောင်ထဲရောက် နေတာဟာ တိုင်းပြည်ဆုံးရှုံးနစ်နာမှုတွေ ဖြစ်နေတယ်။ တောင်သူတွေ ဒုက္ခရောက်နေသမျှ ကာလပတ်လုံး ဘယ်အစိုးရပဲ အုပ်ချုပ်ပါစေတိုင်းပြည်ဟာ ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး” ဟု မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုတိုးကြီးက တရားရုံးမှ အထွက်တွင် ပြောကြားသည်။
ဆက်လက်ပြီး မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးဝင်းက “ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း တောင်သူတွေအပေါ်မှာ ဒီလိုပုဒ်မတွေနဲ့ စွဲပြီးတော့ အချုပ်ထဲထည့်တာတွေ၊ လိုက်လံဖမ်းဆီးတာတွေမရှိဘူး။ အခုဟာက ပြည်ထဲရေးဝန်ကြီးဌာနကနေ သူ့သဘောသူဆောင်ပြီး လုပ်နေတာက အကြီးကြီး လုပ်ကြံမှုလို့မြင်တယ်။ အဲဒီလိုလုပ်ကြံနေတာက လူထုက တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ပုံရိပ်မကောင်းအောင် လုပ်နေတဲ့အတွက် ထိခိုက်တယ်လို့ ယူဆတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်ဆင်ဖို့ရာ ထုနဲ့ထည်နဲ့တောင်းဆိုဖို့ အခုချိန်မှာ လိုအပ်နေပြီ။ အခုလို တောင်သူတွေကို တရားစွဲဆိုနေတာက ချမ်းသာတဲ့ လူနည်းစုနဲ့ တောင်သူတွေ ထိပ်တိုက်တွေ့နေချိန်မှာ အစိုးရက ဘာမှကြားဝင် ဖြေရှင်းပေးလို့မရတဲ့ အနေအထားဖြစ်နေတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကို ပြည်ထောင်စုအစိုးရ လက်အောက်ကို မရောက်မချင်း ပြည်သူတွေဟာ အခုလို ထိတ်လန့်ပြေးလွှားပြီး အချုပ်ထဲထောင်ထဲကို အချိန်မရွေး ရောက်နိုင်တယ်ဆိုတာ ပေါ်လွင်တဲ့ အချက်ပဲ။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းအခြေခံ ဥပဒေပြင်ဆင်ရေးဟာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်” ဟု တရားရုံးမှ အထွက်တွင် ပြောကြားသည်။
ဦးဇော်နိုင် တရားလိုပြုလုပ်၍ စွဲဆိုထားသည့်အမှုတွင် ယခင်စွပ်စွဲခံရသူ တောင်သူ ခုနစ်ဦးရှိရာမှ နိုဝင်ဘာ ၂၉ ရက်ရုံးထုတ်တွင် သုံးဦးကို ပုဒ်မ ၄၂၇၊ ၄၄၇၊ ၄၄၀ တို့ဖြင့် ထပ်မံ တရားစွဲဆိုထားပြီး ဦးကြူဇင်က တရားလိုပြုလုပ်၍ စွဲဆိုထားသည့် အမှုတွင် ယခင်က စွပ်စွဲခံတောင်သူ ခုနစ်ဦးရှိရာမှ နိုဝင်ဘာ ၂၉ ရက် ရုံးထုတ်တွင် နှစ်ဦးအား ပုဒ်မ ၃၂၃၊ ၄၄၇၊ ၄၄၀ တို့ဖြင့် ထပ်မံတရားစွဲထားကြောင်း မြို့နယ်တရားသူကြီးက တောင်သူများအား ရှင်းလင်းပြောကြားသည်။
ဦးဇော်နိုင် တရားလိုပြုလုပ်၍ စွဲဆိုထားသည့်အမှုနှင့် ဦးကြူဇင် တရားလိုပြုလုပ်စွဲဆိုထားသည့် အမှုတွင် စွပ်စွဲခံရသူ တောင်သူ ဒေါ်ခင်မိုးအောင်၊ ကိုချမ်းမြေ့အောင်၊ ဦးလှအောင်၊ ဦးသန်းထွန်း၊ ကိုဝေလင်းမောင်တို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး လာမည့်ဒီဇင်ဘာ ၆ ရက် တွင် ဝရမ်းအတည်ပြုပြန်သွင်းရန် ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၈ ရက်က ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စု၊ သပြေရေကျေးရွာမှ ဒေသခံတောင်သူ ခုနစ်ဦးမှာ သစ်တောဦးစီးဌာန၏ ကော်ဖီစီမံကိန်းအတွင်း ကျူးကျော်ဝင်ရောက်၍ ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (ရာဇသတ်ကြီးဥပဒေ) ၄၄၇၊ ၄၄၀၊ ၃၂၃၊ ၃၈၆၊ ၁၁၄ စသည့် ပုဒ်မငါးခုဖြင့် ဦးကြူဇင်က တရားလိုပြုလုပ်ပြီး ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
ထို့ပြင် ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာတွင် ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့သဖြင့် မြေယာ အရေး တက်ကြွလှုပ်ရှားသူနှစ်ဦးနှင့် ဒေသခံ တောင်သူတစ်ဦးတို့အား ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၉၄၊ ၄၄၇၊ ၄၄၀၊ ၃၉၂ တို့ဖြင့် ပြင်ဦးလွင်မြို့နယ် တရားရုံး၌ တရားစွဲခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent