Marga Landmark Development ကုမ္ပဏီမှ ရယူထားသောမြေဧက ၁၇ ဒသမ ၇ ဧကအနက် ကိုးဧကအား နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ထားပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ပြန်လည်ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ပြောကြား

Marga Landmark Development ကုမ္ပဏီမှ ရယူထားသောမြေဧက ၁၇ ဒသမ ၇ ဧကအနက် ကိုးဧကအား နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ထားပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ပြန်လည်ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ပြောကြား
Published 29 November 2016
စိုးမင်းထိုက်

Marga Landmark Development ကုမ္ပဏီမှ ရယူထားသော မြေဧက ၁၇ ဒသမ ၇ ဧကအနက် ကိုးဧကအား နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ထားပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ပြန်လည်ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။
နိုဝင်ဘာ၂၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ ဦးမောင်မောင်အုန်းက ရန်ကုန်မြို့ ရန်ကင်းမြို့ နယ်ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ အမှတ် (၆) သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနပိုင် မြေ ၃၅ ဒသမ ၃၈၅ ဧကမှ ၁၇ ဒသမ ၇၀ ဧကကို ပွင့်လင်းမြင်သာမှု မရှိဘဲ စွန့်လွှတ်မြေအဖြစ် အချိန်တိုအတွင်း သတ်မှတ်ပြီး ရွှေတိဂုံစေတီတော်အနီးမှ လက်လွှတ်ခဲ့ရသော ဒဂုံစီးတီး အဆင့်မြင့်မြို့ပြအိမ်ရာ စီမံကိန်းနေရာအစား Marga ကုမ္ပဏီသို့ နှစ် ၅၀ စီမံကိန်းဖြင့် ငှားရမ်းခဲ့မှုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနက ထိုစီမံကိန်းကို ဖျက်သိမ်း၍ ပြည်သူ့ဆန္ဒနှင့်အညီ ဖွံ့ဖြိုးမှုအားနည်းသော တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒလနှင့် တွံတေးစသည့် နေရာများသို့ ရွှေ့ပြောင်းကာ စီမံကိန်းနေရာ ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းသည်။
ဒုတိယဝန်ကြီးက “အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနနှင့် Marga Landmark ကုမ္ပဏီတို့ ပါဝင်သည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်းမှုတွေအရ အဲဒီကုမ္ပဏီက ရယူထားတဲ့ မြေ ၁၇ ဒသမ ၇ ဧကအနက် ကိုးဧကအား နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ သုတေသနနဲ့ တီထွင်ဆန်းသစ်မှု ဦးစီးဌာနအနေဖြင့် ပြန်လည်ရရှိဖို့ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြားသည်။
ယခင်အစိုးရလက်ထက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိထားသည့် ရွှေတိဂုံဘုရား၊ သိင်္ဂုတ္တရကုန်းတော်နှင့် ဆက်စပ်နယ်မြေတစ်ဝိုက်ရှိ လုပ်ငန်းစီမံကိန်းများ၏ အစားထိုးမြေနေရာအတွက် ယခင်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (ယခုပညာရေး ဝန်ကြီးဌာန) မှ ပိုင်ဆိုင်သည့် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ မြေ ၃၅ ဒသမ ၃၈၅ ဧကအနက် ၁၇ ဒသမ ၇၀ ဧကကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက လွှဲပြောင်းလက်ခံရယူခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ပညာရေး ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းဆောင်ရွက်ရန် အစီအစဉ် မရှိကြောင်း၊ မြေ ၁၇ ဒသမ ၇ ဧက ပြန်လည်ရရှိပါက ပညာရေးအတွက် အကျိုးဖြစ်ထွန်းနိုင်ကြောင်း၊ လွှတ်တော်ကြီးမှ ကူညီစောင့်ရှောက်ပေးရန် တင်ပြအပ်ကြောင်း ပြောကြားသည်။
ဦးမောင်မောင်အုန်းက“ဒုဝန်ကြီး ဖြေသွားတဲ့အထဲမှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အားကိုးပါတယ်လို့ ဖြေသွားတာကိုတော့ စိတ်မကောင်းဘူး။ ဘာလို့လဲဆိုတော့ ဝန်ကြီးဌာနအချင်းချင်း ဆက်စပ်မှုအားနည်းတယ်။ ရင်းနှီးမှုအားနည်းတယ်လို့ ယူဆမိတယ်။ နောက်ပြီးတော့ ဖွဲ့စည်းပုံမှာ အားနည်းချက်ရှိတယ်။ နိုဝင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲနိုင်တယ်။ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရှိနေပြီ။ ဒါပေမဲ့ အစိုးရအဖွဲ့က ဧပြီလမှ ဖွဲ့တာ။ အရင်အစိုးရက အဲဒီသုံးလတာ အတွင်းမှာ ဒီစီမံကိန်းကို လုပ်သွားတာ။ အဲဒီလို ဟနေတဲ့ အချိန်မှာ အရင်အစိုးရက ဒီလိုလုပ်သင့်လား။ အဲဒီအချိန်မှာ လွှတ်တော်ကိုလည်း အကြောင်းမကြားဘူး။ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေ လုပ်သွားတာ။ ဒါကြောင့် ဖွဲ့စည်းပုံရဲ့ အားနည်းချက်လို့ မြင်တယ်” ဟု မီဒီယာများအား ပြောကြားသည်။               

Most Read

Most Recent