ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ နယ်မြေမတည်ငြိမ်မှုများနှင့် ပတ်သက်၍ လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်၌ တင်သွင်း

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ နယ်မြေမတည်ငြိမ်မှုများနှင့် ပတ်သက်၍ လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်၌ တင်သွင်း
Published 29 November 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA၊ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့တို့က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေကျေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည် ဘဝရောက်ခြင်းနှင့် နိုင်ငံ၏အချုပ်အခြာ တည်မြဲမှု၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆိုကို နိုဝင်ဘာ ၂၉ ရက်က ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့သည်။
၎င်းအရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက တင်သွင်းခဲ့သည်။
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA ၊ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာ ၂၀ ရက် နံနက် ၂နာရီခန့်တွင် မူဆယ်၊ ကွတ်ခိုင် မြို့နယ်အတွင်းရှိ တပ်စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား KIA၊ MNDAA နှင့် TNLA တို့ ပူးပေါင်းအဖွဲ့မှ လာရောက်ပစ်ခတ်သည့် အတွက်ကြောင့် ပြည်သူ့ရဲ၊ တပ်မတော်သား၊ ဝန်ထမ်းနှင့် အပြစ်မဲ့ပြည်သူများ သေကျေဆုံးရှုံးခဲ့ကြောင်း အဆိုရှင်ဒေါက်တာ မောင်သင်းက ဆွေးနွေးတင်ပြသည်။
အဆိုရှင် ဒေါက်တာမောင်သင်းက နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြခဲ့သည့် သတင်းအချက်အလက်များကို Projector ဖြင့် လွှတ်တော်သို့ တင်ပြဆွေးနွေးသည်။
“အဲဒီအတွက်ကြောင့် ကျွန်တော်တို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ စိုးရိမ်မိကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုအစိုးရရဲ့ အစဉ်တစိုက် ကြိုးပမ်းခဲ့သော အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၏ လုပ်ငန်းစဉ်များကို နှောင့်နှေးစေမှုကို ဖြစ်ပေါ်နိုင်စေသည် ကို စိုးရိမ်မိကြောင်း တင်ပြခဲ့ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ထည့်သွင်းဆွေးနွေးခဲ့သည်။
ဒေါက်တာမောင်သင်းက “ဒီဖြစ်စဉ်ကြီးမှာ နိုဝင်ဘာ ၂၀ ရက် နံနက် ၂ နာရီကနေ ဒီနေ့အထိ အပြစ်မဲ့ပြည်သူတွေ သေဆုံးရတယ်။ ဒဏ်ရာရတယ်။ ညှဉ်းပန်းနှိပ်စက်ခံရတယ်။ ဆက်ကြေးတောင်းခံရတယ်။ အိုးအိမ်စွန့်ခွာပြီးတော့ စစ်ရှောင်ဘ၀ ရောက်ရတယ်။ နောက်ပြီးတော့ ကျောင်းသား၊ ကျောင်းသူများ ကျောင်းမတက်နိုင်ခြင်းနဲ့ လယ်ယာ စီးပွားရေးလုပ်ငန်းတွေကို စွန့်ပစ်ခဲ့ရတော့ စီးပွားရေးလုပ်ငန်းတွေ ပျက်စီးတယ်။ ထို့အတူ ကုန်သွယ်ရေးတွေလည်း ပျက်စီးတယ်။ နိုင်ငံတော်အနေနဲ့လည်းပဲ အချုပ်အခြာ အာဏာတည်တံ့မှုကို ထိပါးခံရတယ်။ တရားဥပဒေစိုးမိုးမှု ထိခိုက်လာတယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားလာတယ်။ နောက်ပြီး နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားတယ်။ဒါကြောင့် အခွန်ထမ်းဝန်ထမ်းများရဲ့ စီးပွားရေးလုပ်ငန်းတချို့ ပျက်စီးသွားတယ် ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အထူးသဖြင့် ပြည်ထောင်စု အစိုးရရဲ့ အစဉ်တစိုက် ကြိုးပမ်းခဲ့တဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေးကို အကောင်အထည်ဖော်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံရဲ့ လုပ်ငန်းစဉ်များရဲ့အရှိန်ကို နှောင့်နှေးစေမှုများ ဖြစ်ပေါ်လာမှာကို ပြည်သူများကလည်း စိုးရိမ်နေပါတယ်” ဟု  ဆွေးနွေးပြောကြားသည်။
အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ၎င်းအဆိုအား ပြည်သူ့လွှတ်တော်မှ လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
အရေးကြီးအဆိုကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုဝင်ဘာ ၃၀ရက် နောက်ဆုံးထားကာ အမည်စာရင်းတင်သွင်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းရှိသလို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့်လည်း ဆောင်ရွက်နေကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက Centre for Development and Ethnic Studies (CDES) နှင့် Parliamentary Centre (Canada) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို အောင်မြင်စွာ မည်သို့ဖြေရှင်းရမည်ဟူသည့် ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ကျင်းပသည့်  ငြိမ်းချမ်းရေးဖိုရမ်တွင် ထည့်သွင်းပြောကြားထားသည်။  

Most Read

Most Recent