ပူတာအိုမြို့မှ ရေခဲတောင်ခြေအထိ လမ်းဖောက်ရန် ကချင်ပြည်နယ် လွှတ်တော် အတည်ပြု

ပူတာအိုမြို့မှ ရေခဲတောင်ခြေအထိ လမ်းဖောက်ရန် ကချင်ပြည်နယ် လွှတ်တော် အတည်ပြု
Published 29 November 2016

ပူတာအိုမြို့မှ ရေခဲတောင်ခြေအထိ လမ်းဖောက်ရန် ကချင်ပြည်နယ် လွှတ်တော်က နိုဝင်ဘာ ၂၉ ရက်တွင် အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် ပူတာအိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခန်လင် (ခ) ဦးဒိန်ခန်ဖုန်က ‘ပူတာအိုမြို့နယ် အထက်ဆန်ကောက်ရွာ-ဇီယာန်တန်းရွာ-ဖုန်ကန်ရာဇီ ရေခဲတောင်စပ်အထိ ကားလမ်း ဖောက်လုပ်ပေးရန် ကချင်ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း’ အဆိုကို ကချင်ပြည်နယ် လွတ်တော် ဒုတိယအကြိမ် ပဉ္စမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့ပြီး နိုဝင်ဘာ ၂၉ ရက် ဒုတိယနေ့တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက “ဖုန်းကန်ရာဇီ ရေခဲတောင်သွားလမ်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၃၄ မိုင်၊၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်မှာ အရှည် ၁၁ မိုင် မြေသားလမ်းဖောက်လုပ်ခဲ့ကြောင်း သိရပါတယ်။ မိုးများသည့် ဒေသဖြစ်သဖြင့် လမ်းကြောင်းများ ပျက်စီးနေသဖြင့် လူသွားလမ်းသာ ကျန်ရှိနေပါတယ်။ ယခုလမ်းဟာ အထက်ဆန်ကောင်ရွာမှ ရေခဲတောင်ခြေရွာ ဇီယာန်တန်းရွာအထိ မိုင် ၄၀ နှင့် နှစ်ဖာလုံ ရှိပါတယ်။ ဆောက်လုပ်ပါက ကျပ် ၁၄၇၉ ဒသမ ၁၁၈ သန်း ကုန်ကျနိုင်ပါတယ်။ ဒီလမ်းပြီးပါက ကျေးရွာကိုးရွာ အိမ်ခြေ ၃၄၄ အိမ်၊ လူဦးရေ ၁၇၆၈ ဦးအတွက် လူမှုစီးပွား ကဏ္ဍများစွာမှာ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီလမ်းကို ဆောင်ရွက်နိုင်ဖို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးချုပ်ကို ပထမ ငါးနှစ်ကာလမှာ ရန်ပုံငွေ ရရှိရေး တင်ပြတောင်းခံသွားမှာဖြစ်ပြီး ရန်ပုံငွေ ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်” ဟု ဖြေကြားသည်။

Most Read

Most Recent